Sunday, October 19, 2008

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၇(သို့)ဗရုတ်သုတ်ခအကျဆုံးနေ့

13
ဗရုတ်သုတ်ခ အကျဆုံးနေ့ဆိုပြီး မ၀ါဝါခိုင်မင်းနဲ့ဒရင်းတို့က တက်ထားတာ အခုမှပဲရေးဖြစ်တော့တယ်။
ပြောရရင်ကျနော့်ဘ၀မှာ ဗရုတ်သုတ်ခကျခဲ့နေ့တွေကတော့ မရေမတွက်နိုင်တော့ပါဘူး။အဖြစ်ကတော့ ကိုယ်တိုင်ကဗရုတ်ကျသလို၊
လုပ်ရင်းကိုင်ရင်း ဗရုတ်ကျသလိုဖြစ်သွားတာတွေလဲ အများကြီးပါပဲ။ ဒီတော့ မှတ်မိတဲ့အထဲက အဘွားကိုဒုက္ခပေးခဲ့တာလေးကိုပဲရေးပါရစေ။ အဘွားဆုံးတာလဲ ၁နှစ်ပြည့်တော့မယ်ဆိုတော့ အဘွားအတွက်အမှတ်တရပေါ့နော်။
အဖြစ်တွေက ဒီလိုပါခင်ဗျ

မှတ်မှတ်ရရ အိမ်မှာဖုန်းရကာစ(ရေဒီယိုဖုန်းပါ အိမ်ဖုန်းပါပဲ ကြိုးမဲ့ပေါ့ သိမှီသူတွေ သိကြမှာပါ)ဆိုတော့ အရမ်းကလိချင်နေတာ ရွပိုးထိုးနေတာပေါ့နော်။ဖြစ်ချင်တော့ တရက်မှာအိမ်မှာဘယ်သူမှမရှိဘူး တယောက်ထဲကျန်ခဲ့တဲ့အချိန် အဒေါ်အိမ်နားက ဖုန်းကိုလှမ်းဆက်လိုက်ပါတယ် ဖြစ်ချင်တော့ အဘွားလာကိုင်ပါတယ် ကိုင်တော့ ဘာပြောရမှန်းလဲ မသိဘူး လက်ယားပြီးသာဆက်တာ ဘာအကြောင်းမှမရှိဘူးခင်ဗျ ဒါနဲ့ စဉ်းစားလိုက်တော့ ခေါင်းထဲ အကြံတခုရောက်လာတယ် ဘာလဲဆိုတော့
ကျနော်"အမေလား ကျနော် ခင်ဇော်ပါ အမေနေကောင်းလား"
အဘွား"အေးကောင်းပါတယ် ဒီလိုပါပဲ ဘာထူးလို့ဆက်တာလဲ"
ကျနော်"ထူးတယ်အမေ ကျနော် ရိုက်မဲ့ကားမှာ အဘွားခန်းလိုနေလို့ အဲဒါအမေ့ကိုငှားမလို့ အားတယ်မဟုတ်လားအမေ"
အဘွား"အားပါ့တော် ငါတို့က အသက်ကြီးပြီဆိုတော့ ဘယ်သူမှမခေါ်တော့ဘူးလေ"
ကျနော်"အာအမေကလဲဒီလိုလဲ မဟုတ်ပါဘူး အဲဒီအထဲကျနော်မပါဘူးအမေ ဟဲဟဲ"
အဘွား"အေးပါ ပြော ဘယ်နှစ်ခန်းပါရမှာလဲ ဘယ်လို ပုံစံလဲ ချမ်းသာတဲ့ အခန်းမှာလား၊ ဆင်းရဲသားအခန်းမှာလား"
ကျနော်"အခန်းကတော့ ၁၀ခန်းလောက်ပေါ့ အ၀တ်အစားကတော့ ပုံမှန်ပေါ့ဗျာ သိပ်မလိုဘူး ကျနော်တို့လဲ ပေးဆင်မှာပါ။ဒါနဲ့အမေ ကျနော်ဘယ်လောက် အမေ့ကိုကန်တော့ရမလဲခင်ဗျ"
အဘွား"၁၀၀၀၀တော့ ပေးအေငါလဲ လှုချင်နေတာ အတော်ပဲ"
ကျနော်"ဟာ... အမေကလဲ များလိုက်တာဗျာ နဲနဲတော့လျှော့ပါဦး ကျနော့်မှာ သိပ်မကျန်တော့လို့ပါနော်.. အမေနော်"
အဘွား"ဘာ... မလျှော့နိုင်ဘူး။နင်တို့က မင်းသား၊မင်းသမီးကျတော့ တောင်းသလောက်ကို ပက်ခနဲပေးပြီး ငါတို့ကျတော့ ဈေးဆစ်ပြီ...................ငါလဲ လှုချင် တန်းချင်လို့"
ကျနော်"အမေကလဲ ၈၀၀၀လောက်တော့ထားပါနော် ကျနော် အကြို အပို့လဲလုပ်ပေးမယ် စားဖို့သောက်ဖို့လဲစီစဉ်ပေးမယ်လေ"
အဘွား"နင့်နယ်အေ ၂၀၀၀လောက်များ ပြောနေသေးတယ် ပေးလိုက်ပါ၁၀၀၀၀အပြည့် ငါကလှုဖို့ပါ စားဖို့မဟုတ်ဘူး"
ကျနော်"ဟုတ်ကဲ့ပါဗျာ ကျနော်ကလဲ အမေ့ပဲငှားချင်တော့လဲ ပေးရမှာပေါ့ ပြီးတော့အမေကလှုမှာဆိုတော့ ပါရမီဖြည့်ပေးရမှာပေါ့ဗျာ
ဒါဆို ကျနော်စီစဉ်လိုက်မယ်နော်အမေ။ အမေ့ကို သောကြာနေ့ညနေ၅နာရီ ရှုတင်ကားလာခေါ်မယ် အမေအသင့်ပြင်ထားလိုက်နော်"
အဘွား"အေးအေး သာဓုပါတော် ဒါဆိုလဲ စောင့်နေမယ်"
ကျနော်ဆက်တဲ့နေ့က တနလာင်္နေ့။ အဲဒီလိုနဲ့ မေ့မေ့ရော့ရော့ပေါ့ ဖြစ်ချင်တော့ သောကြာနေ့မှာ အိမ်ကမိသားစုအားလုံး အဲဒီကိုသွားကြရော ဆိုပါတော့ သွားတဲ့အချိန်က ၃နာရီမှာပါ။ရောက်တော့ ဟိုပြောဒီပြောနဲ့ ၄နာရီလောက်ကျတော့ အဘွားကရှုတင်သွားဖို့ပြင်ရောဗျို့ ဒီအထိကျနော်မေ့နေတုန်းနော်။ ကျနော့်အမေကမြင်တော့ အဘွားကို အမေဘယ်သွားမလို့လဲမေးတော့ ရှုတင်ရှိတယ် ဟိုတနေ့ကပဲ ဒါရိုက်တာခင်ဇော်ဆက်လို့လေ ဒီနေ့၅နာရီ လာခေါ်မယ်ဆိုလို့ အဲဒီအတွက်ပြင်နေတာ။ အဲဒီမှာ ကျနော်ပေါက်လိုက်ပြီ သွားပြီ တကယ်ထင်နေတယ်ဆိုပြီးတော့ ဒါပေမဲ့ပြောလဲမပြောရဲဘူး အကယ်၍ တကယ်ဟုတ်နေ ဘယ်နဲ့လုပ်မလဲဆိုပြီးငြိမ်နေလိုက်တယ်ပေါ့ဗျာ။ ဒီလိုနဲ့အချိန်သာကုန်သွားတယ် မလားဘူးဗျ။ အဘွားကတော့ တဗျစ်တောက်တောက်ပြောနေတာပေါ့နော်။ အဲဒီမှာ အဖေ့ကိုအသာလက်တို့ခေါ်ပြီး အကြောင်းစုံ ပြောပြရတာပေါ့။ပထမအဖေလဲမယုံဘူးမင်းလာမနောက်နဲ့ ဒါနောက်စရာမဟုတ်ဘူး ဘာညာနဲ့ပြောပြီး အမေ့ကိုလှမ်းခေါ်တာပေါ့။ အမေသိတော့ "ဟင်.. မသာလေးဟိုကအဟုတ်မှတ်လို့ စောင့်နေတာ.. နင်ကလူကြီးကိုနောက်စရာလား""ဟုတ်ဘူးအမေ သားလဲ ပြောစရာမရှိတာနဲ့ ပါးစပ်ထဲရှိတာပြောလိုက်တာ ကျနော်က အဘွားကျနော့်အသံသိမှာပဲထင်နေတာ ပြီးတော့ သူကအတည်ပေါက်နဲ့ ကျနော့်ကို ဖုန်းထဲမှာ ပြန်နောက်နေတယ်ထင်လို့""ဒါဆို အခုဘယ်လိုပြောမလဲ" "သိဘူးလေ အမေ့ဘာသာကြည့်ပြောလိုက်"ပြီးတော့ အမေ
ကကျနော့်ကို နားပန်တချက်ရိုက်ပြီးနင်နဲ့ကတော့ ပြဿာနာပါပဲ"(အမှန်တော့ အဘွားနဲ့ကျနော် ဖုန်းထဲမှာတခါမှမပြောဖူးပါ အဲဒါကြောင့်လား(သို့မဟုတ်)အသက်ကြီးလာတော့ မမှတ်မိတာလဲဖြစ်နိုင်ပါတယ် ခင်ဗျ) အဲဒီလိုနဲ့အဘွားသိတော့ ဆဲတာပေါ့ဗျာ သူ့မှာပြောလို့မဆုံးဘူး ၀မ်းနည်းပြီးအသံတောင်တုန်လာတယ်ဗျ။ အဖေနဲ့အမေကတော့ ၀ိုင်းတောင်းပန်တာပေါ့ အဲဒီအချိန်မှာ ကျနော်အိမ်ထဲမရှိတော့ဘူး အပြင်ခိုးပြီးထွက်သွားပြီ။ ပြီးလဲပြီရောအဘွားကိုကျနော်တို့အိမ်ခေါ်လာပြီးလမ်းမှာ ကမ္ဘာအေးဘုရားလမ်းက တရုတ်ဘုံကျောင်း စားသောက်ဆိုင်မှာ ဘဲကင်နဲ့တိုက်ဂါးပုလင်းဘီယာတလုံး ၀ယ်ကျွေးပြီး တိုက်လိုက်တော့မှရပ်တော့တယ်။ (အဘွားကတခါတလေဆေးဖြစ်ဝါးဖြစ်သောက်တတ်ပါတယ်) ဒါတောင်ကားပေါ်မှာ ကျနော့်ကို ကြည့်ရင်း ဒေါသတွေ ပိုပိုထွက်လာတယ်နဲ့တူတယ် ခေါင်းလှမ်းခေါက်လိုက် ဗိုက်ကြောလိမ်လိုက်နဲ့ တလမ်းလုံးဆော်တာဗျား အိမ်ရောက်တော့ လူကခေါင်းတွေမူးပြီး ဗိုက်ကြောတွေနာနေတယ်ဗျ။
အော်ပြောဖို့မေ့နေတယ် ကျနော့်အဘွားက အရင်ကအကယ်ဒမီ၂ခုရခဲ့ဖူးတဲ့ရုပ်ရှင်မင်းသမီးကြီးပါ အခုတော့ ဆုံးရှာပါပြီ သူ့ရဲ့အသုဘအကုန်အကျအတွက် ကျနော်နဲ့အမ၂ယောက်ပဲ အကုန်အကျခံပေးခဲ့တာဆိုတော့ လုပ်ခဲ့တာတွေ ကျေလောက်မှာပါ။ အခုဆို၁နှစ်ပြည့်ပါတော့မယ်ခင်ဗျ။ အမှန်ဆို အဘွားကိုဒုက္ခပေးခဲ့တာ ဒီတခေါက်ထဲမဟုတ်ပါဘူး သူမြန်မာ့အသံမှာ အသံသွားသွင်းတုန်းကလဲ လိုက်သွားပြီး သူစားဖို့ထားတဲ့ မုန့်နဲ့ကော်ဖီတွေသောက်ပြီး သူ့မှာစားစရာမရှိတော့လို့ မြန်မာ့အသံမှာ တိုင်ပတ်ခဲ့ဘူးပါတယ်။ ပြီးတော့ ၀က်လက်မြို့မှာဘီအီးဒီအောင်သိုက်ဇာတ်မှာ သီချင်းသွားဆိုတုန်းကလဲ ခပ်ဆင်ဆင် ပုံစံမျိုးလုပ်ခဲ့ဖူးပါတယ် မှတ်မိသေးတယ်သူနဲ့တွဲဆိုတဲ့ အဆိုတော်ကအောင်သူပါ သီချင်းနာမည်က ငယ်ကျွမ်းဆွေသီချင်း ပါခင်ဗျ။
.... အဘွားဟာ ကျနော်ဒီတခေါက်ပြန်ထွက်လာတော့ သူ့ကိုယ်သူ သိနေတယ်ထင်တယ် ကျနော်ထွက်ခါနီးသွားကန်တော့ တော့မျက်ရည်ဝဲနေပါတယ် ဒါနောက်ဆုံးကန်တော့ချင်းဆိုတာ ကျနော်လဲ
မသိခဲ့ရဘူးဗျာ။ မသိတာပဲကောင်းပါတယ်လေ သိနေရင် အမွေတောင်းပြီး ဒုက္ခပေးဖြစ်ဦးမှာပါဗျာ။ :D


13 Response to ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၇(သို့)ဗရုတ်သုတ်ခအကျဆုံးနေ့

19 October 2008 at 04:17

အိမ်တို့များ လုပ်စရာမရှိ အဘွားကိုတောင်လိုက် ကြပ်နေတယ်။ :)

19 October 2008 at 04:45

အကိုအိမ်တို့များလုပ်ချလိုက်တာကတော့ အဘွားကိုတောင်အလွတ်မပေးဘူး ဖတ်ရင်းနဲကိုရီနေရတာ
အကိုရေ လုပ်ပုံကတော့ဗျာ ပြောမပြောချင်ဘူး
ဟားဟား

19 October 2008 at 09:08

ယုံတယ် စရမယ်ဆိုရင် ဘယ်သူကိုမှ အလွတ်ပေးမဲ့လူမဟုတ်ဘူးဆိုတာ။ အေ၇းကတော့ ကာတွန်း ဆရာတွေတောင် လက်ဖျားခါလောက်တယ်

19 October 2008 at 09:14

ဟဟား.. ဒီကလေး တယ်နောက်တာကို.. ဘွားဘွား သနားပါတယ်.. :P

ဘွားဘွားက ထပ်ဆင့်အကယ်ဒမီဆုရှင်ကြီးဆိုတော့ “အိမ်” လည်း ရုပ်ရှင်ရိုက်ပါလား.. အနုပညာဓါတ်ခံရှိတော့ အောင်မြင်မှာ သေချာတယ်.. :)

19 October 2008 at 09:54

အယ်.. မောင်လေးအိမ် တို့ ကတော့လုပ်ပုံ..အဖွားကိုတောင် ဒုက္ခပေးခဲ့တယ်ပေါ့။ အဟတ်
အကယ်ဒမီ ရုပ်ရှင်မင်းသမီးကြီးရဲ့မြေး ဆိုတော့
ရုပ်ရှင်ရိုက်ရင် အမတို့ ဘလော့ဂါအဖွဲ့တွေအားပေးမှာ
ပေါ့။ ဒါနဲ့ အဖွားအကြောင်းလေးကို အမှတ်တရ ပို့စ်
လေးတစ်ခုခုရေးပေးပါလား။
ကျေးဇူးပါမောင်လေး အိမ်။

ခင်တဲ့
မ၀ါ

19 October 2008 at 10:26

ကျနော်အလုပ်နည်းနည်းရှုပ်နေလို့အခုမှရောက်ဖြစ်တာ
ခွင့်လွှတ်ပါဗျာ...ကိုအိမ်တို့ရေးချက်ကတော့ကာတွန်း
ဆရာတင်မဟုတ်ဘူး...ဝတ္ထုစာအုပ်ထုတ်ရင်အကျည်တော်တောင်ထိုင်ငိုနေ
လောက်ပြီ...ပြောင်မြောက်လွန်းတယ်ဗျာ...အဘွားကို
ဘရုတ်ကျချက်က...တီဝါနဲ့ဦးနော် တို့ပြောသလိုဘာလုပ်
မင်းသားမလုပ်တာလဲဗျာ...အားပေးဖို့အသစ်ပဲဗျို့။
အကယ်ဒမီတွေရလို့ ပါတီပေးရင်ဘလော့ကာတွေလည်း
လာရမှာပေါ့ဗျာ ဟဲဟဲ

19 October 2008 at 11:43

ကိုအိမ်ကလည်း လူဆိုးပဲကိုးဗျ
ဒါနဲ့ ကိုအိမ်ရောဘယ်တော့လောက်ရုပ်ရှင်ရိုက်ဖြစ်မလဲ
ရေနစ်တဲ့ ပိုစ့်ကိုဇာတ်ကားရိုက်ဗျား
ဘလော့ဂါတွေအများကြီးဆိုတော့
ဇာတ်ညွှန်းရေးပေးမဲ့သူလည်း အရံသင့်။


ခင်မင်လျက်

19 October 2008 at 13:03

သဘောင်္သီးတို့ကတော့ တစ်ကယ် မနိုင်ဘူးနော်..
အဘွားတောင် အလွတ်မပေးတာ...
ကိုယ့်အဘွားကို မသနားဘူးလားမသိဘူး

ဒါနဲ့ ပြောတဲ့သူတွေက ပြောကုန်ကြပြီနော်..
ကိုယ်တိုင်ဇတ်လမ်းလေး ဘာလေးရိုက်ဖို့လုပ်ပါလား..

မင်းသမီးချောချောလေး လဲမပူနဲ့
ခေါင်ခေါင်တစ်ယောက်လုံး ရှိတယ်..
လူဆိုးခေါင်ဆောင် ဓါးပြ နေရာအတွက် ဗီလိန် ရှိတယ်
ဗီလိန်ကို အမှုန့်ကြိတ်ပစ်မယ့် သံလွင် က ဟီးရိုးလဲ ရှိတယ်... ဟီးဟီး

19 October 2008 at 13:33

အဲ...အိမ်တို့ ကတော့နော်..လုပ်လိုက်ရင်..ဟွန်း..
ပြောချင်ဘူး..ဟီး...
ရေးထားတာလေးကဖတ်လို့ ကောင်းပြီးရီရတယ်..
စာရေးဘာလို့တော်နေရတာလဲလို့ စဉ်းစားနေတာ
အော်..လက်စသတ်တော့သူကအကယ်ဒမီရဲ့ မြေးလေး
ကိုး....တော်ပါပေတယ်...
စိတ်ညစ်တဲ့အခါအိမ်၇ဲ့ အိမ်လေးကိုလာရင်ရီပြီးပြန်သွား
ရတယ်..ကျေးဇူး..အိမ်ရေ.... :P :D

19 October 2008 at 13:55

နောက်ဆုံးကန်တော့ခြင်းမှန်းသိရင် စိတ်မကောင်းဖြစ်မလားမှတ်တယ်..
ဘယ်ဟုတ်မလဲ.. အမွေတောင်းမလို့ကိုး....
ခုလိုသိတတ်တဲ့ မြေးလေး သာဓု သာဓု
ဟီးဟီး.............

19 October 2008 at 14:45

အမလေး..အမလေး... လူဆိုးကြီး ဦးဦးအိန်.....ကြပ်စရာရှားလို့
ဘွားဘွား ကိုတောင်အလွတ်မပေးဘူး.... ဟားဟား

အော်.. တူယဲတော်တော် ဘယုတ်တုပ်ခ တော်တော်ကျ
ဒါဖဲ.. ဟီးဟီး...

(ဟဲ့.. မြေးနယ်ရေးအိန်ယေ... နင်ဂနာ့အကျောင်း ထုထိ ဘယော့မှာ ဘရုတ်တုတ်ခ ကျပီးရေးနေတုံးဖဲရား.. အိန်ရောက်ယင် ဘိုက်ကျောပျတ်ဖို့ ပျင်ထားဒေါ့.. ဟင်းဟင်း.. ):P :P :P

ဒါနဲ့ ဦးဦးအိန်ရေ.. မြင်းတားရုတ်ရင်ပေါဦးနော်.. ပယိုချုချာ ရုတ်မယို့... ဟီးဟီး... ဒါယိုက်ဒါယဲ ရုတ်မှာ ... ပီးရင် အထွေ ထုတ်ပေးမယ်နော်.. ဟီးဟီး..

ဟွန်း.. ဟိုနေ့ကလည်း တံခါး(တစ်ကား)ရိုက်စရာ ရှိတာကို ပတ်တာ မရှိလို့ဆို ပြီး ဖျက်လိုက်တယ်.... ကားရိုက် အလျှော်ပြန်ပေး.. ဒါပဲ.. :P :P

21 October 2008 at 22:09

တယ်နောက်တာပဲ။
အဖွားကအကယ်ဒမီ မင်းသမီးလေ။
အိမ်က အနည်းဆုံး အသံသွင်းဇာတ်လမ်းလောက်တော့လုပ်ပါလား။youtubeကနေ အားလုံးကြည့်မယ်လေ။

12 November 2008 at 11:02

အင်း အိမ်က အကယ်ဒမီ ရုပ်ရှင် မင်းသမီး ကြီး သွေး ပါတယ် ဆိုတော့ ရုပ်ရှင် တွေ ဗွီဒီယိုတွေ ကိုယ့်ဖာသာ ရိုက်ထား တာတွေ ဘာတွေ မရှိဘူးလား ရှိရင် ပြအုံးနော် ကြည့်ချင်လို့ ဝဘ်ဆိုဒ် တစ်ခုခု မှာလည်း တင်ပေးလိုက်ရင် ကမ္ဘာ ကျော်ချင်ကျော်သွားမှာပေါ့ ဟိ ဟိ..။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း