Friday, October 17, 2008

အပျိုကြီးဋီကာ

9
မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…

- အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…

- အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…

- အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…

ပြီးတော့ ရှိပါသေးတယ်…

- အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…

- (စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…)

- အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…

- (တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်… )

- အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…

- (အတတ်ပညာနဲ့ ပြည့်စုံတယ်…)

- အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…

- (နှစ်လိုဖွယ်ရာ သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်…)

- နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့ ဆိုက်ဘေးရီးယားနဲ့တူတယ်…

- (၄င်းရှိတာကို သိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…)

မိန်းကလေးများဟာ… အသက်(၂၅)နားနီးလာပြီဆိုရင်… အသက်(၂၅)ကို ဖြတ်ကျော်ပြီဆိုရင်… အပျိုကြီးလုပ်ဖို့ ရည်ရွယ်သည်ဖြစ်စေ… မရည်ရွယ်ဘူးဖြစ်စေ… "အပျိုကြီး" လို့ ခေါ်တာကိုတော့ လုံးဝမကြိုက်ကြပါဘူး…

တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ ပြန်ပြောလေ့ရှိတဲ့စကားတွေကတော့…

- "ငါ တကယ်အပျိုကြီးဖြစ်နေပြီလား" (စိတ်ထဲက ပြန်ပြောတာ…)

- "ငါ အသက်မကြီးသေးဘူး ထင်တာပဲ…" (မှန်ကြည့်ပြီး ပြောတတ်သောစကား…)

- "ငါ့ အလှကမှ ရင့်ကျက်တဲ့ အလှ…" (ဆယ်ကျော်သက်များက အပျိုကြီးဟု ခေါ်သောအခါ တုံ့ပြန်ပုံ…)

- "ငါက သူ့ထက်တောင် နုပါသေးတယ်…" (သူမထက် နှစ်နှစ်၊ သုံးနှစ်ငယ်သူများ၏ ခေါ်သံကို ကြားရသော အခါ တွေးတောပုံ…)

- "ငါက မဖြစ်သေးပါဘူး… သူတို့ကသာ အရိုးဆွေးနေကြပြီ…" (သူမ၏စီနီယာ အပျိုကြီး လူပျိုကြီးများက ခေါ်သည်ကို ကြားရသောအခါ ဆင်ခြင်ပုံ…)

အသက်(၂၅)ကျော်လာပြီး လက်ဆုပ်လက်ကိုင် မရှိသေးသူများကို အပျိုကြီးလို့ ပြောမိရင်တော့…

- "ငါက စွံရဲ့သားနဲ့ အပျိုကြီးလုပ်မှာ…"

- "ငါက သဘောကျတဲ့ လူမတွေ့သေးလို့ပါ… တွေ့ရင်တော့… စဉ်းစားမှာပေါ့…"

- "သူများတွေ မင်္ဂလာမဆောင်ခင်မှာ ငါ့ဖိတ်စာရောက်လာစေရမယ်…"

- "ငါက မစွံပါဘူး… စွံတဲ့သူတွေက ပြောအားရှိတာပေါ့…"

- "ငါက တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…"

- "ပိင်္ဂုတ္တရလုလင်တွေက ဥဒုမ္ဗရဒေဝီနားကို မကပ်နိုင်ကြတာပါ…"

- "ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး… ဗျူဟာပဲလိုတယ်…"

- "ငါက ဘာမှကြိုးစားစရာမလိုဘူး… အိမ်က စီစဉ်ပေးလိမ့်မယ်…"

- "ငါ့အတွက်ဆိုရင် အကူအညီပေးမယ့် ပုရိသတွေများ တန်းစီနေတာပဲ…"

- "မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင် ယူလို့ရတယ်…"

- "ပုရိသတွေကို စိတ်မရှည်လို့ အပျိုကြီးလုပ်နေတာ…"

- "ဘာမှမဟုတ်တဲ့အချစ်နောက်လိုက်မနေနဲ့ အချစ်ဆိုတာ ဘာမှမဟုတ်ဘူး…"

- "အပိုအလုပ်တွေမလုပ်ချင်လို့ပါ… တစ်ယောက်တည်းနေတာအေးချမ်းတယ်"

- "သွားမပါရင်နေ… ကားပါရင် စဉ်းစားမယ်…" စသည်ဖြင့်ပေါ့…

(တစ်ချို.ကတော့ ဘာမှပြန်မပြောပါဘူး… ပြုံးနေပါတယ်… တစ်ချို.ကတော့ မဲ့ပြုံးပြုံးပါတယ်… တစ်ချို.ကတော့ ခါးသီးစွာ မဲ့ပါတယ်… တစ်ချို.ကတော့ တည်တည်ကြီးတုံ့ပြန်ပါတယ်…)

မိန်းကလေးတွေက သူမတို့ရဲ့ နုပျိုနေတဲ့ အချိန်တွေကို အလွန်နှမြောကြပါတယ်… အမှန်တရားကိုလည်း လက်မခံနိုင်ကြတဲ့အတွက် ခေတ်ပေါ်Cosmetics များရဲ့ အကူအညီရဲ့ နုပျိုခြင်းကို အချိန်ဆွဲ… ဇရာကို ကျားကန်ထားတတ်ကြပါတယ်… "ဣတ္ထိရူပံ ဓနံ"… ဆိုတော့လည်း… ပြောရခက်သားပဲလေ…

နောက်တစ်ခုက အပျိုကြီးများ စွံတဲ့အခါ ဖြစ်လေ့ရှိတာတွေက…

-သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…

(လသားကလေးလက်ထဲကို အရုပ်ကလေးထည့်ထားပြီး ပြန်ယူတဲ့အခါ လုံးဝလွှတ်မပေးတော့ပဲ အတင်းအကျပ်ကိုင်ထား သလိုမျိုးပါ…)

-သဝန်လည်း အင်မတန်တိုတတ်ပါတယ်…

-မိန်းကလေး ငယ်ငယ်လေးတွေနဲ့ သူမရဲ့ရည်းစား စကားပြောတာကိုလည်း မနှစ်လိုပါဘူး…

(ကောင်မလေးတွေက ငယ်ပေမယ့် မခေဘူး…ပဲကလည်းများ… အသံကလည်း ခရာတာတာ ညုတုတုနဲ့လို့ တွေးနေတတ်ပါတယ်…)

-သူမကိုယ်တိုင်ကလည်း အသံတွေပြောင်းလဲသွားတတ်ပါသေးတယ်…

-တစ်ခြားလူကို ပြောတဲ့ အသံနဲ့ ရည်းစားကို ပြောတဲ့ အသံ နူးညံ့မှုနဲ့ အီစီကလီဖြစ်မှု အဆတစ်ရာလောက်ကွာ ခြားပါတယ်…

(မနှစ်က အသားညိုချော လုံးကြီးပေါက်လှ အပျိုကြီးမမ တစ်ယောက်ကို တွေ့ဖူးပါတယ်... သူမ voice call ပြောတဲ့အခါမှာ ပုံမှန်အသံနဲ့ လုံးဝမပြောပါဘူး... hand phone နဲ့ပြောရင်လည်း အဲလိုပါပဲ... ပြောရင်းနဲ့ ရယ်သံတွေလည်းပါသေးတယ်... အရယ်လည်းသန် အအီလည်းသန်ပါတယ်... သူငယ်ချင်းတွေက သူ့အကြောင်းပြောရင် မကျူကျူစိန်လို့ ပြောပါတယ်... ကျွန်မ(ကျမ)က ကျူလွန်းလို့ ပေးထားတဲ့နာမည်ကို မသိပါဘူး... သူမရဲ့နာမည် အရင်းလို့ပဲ ထင်နေတာပါ... ကျမကလည်း သူငယ်ချင်းတွေနဲ့ ပြောရင် သူမကို ညွှန်းချင်တဲ့အခါ မကြူကြူစိန်လို့ ပြောပါတယ်... တစ်ရက်မှာ သူမနဲ့သိတဲ့ အစ်မ တစ်ယောက်က သူမနာမည်အရင်းနဲ့ မေးလာတော့... လူက အူကြောင်ကြောင်ဖြစ်သွားတယ်... ကိုယ်ပဲ လူမှားသလားပေါ့... မမှားပါဘူး... ကျမက နာမည် မှားမှတ်ထားမိတာပါ... တော်ပါသေးတယ်... သူမကို မကျူကျူစိန်ရေ... ဧည့်သည်လာတယ်လို့များ ပြောမိရင်တော့... သူမ ဘာဖြစ်သွားမလဲ... ကျမရော ဘာဖြစ်သွားမလဲ... အောင်မယ်လေး ကိုယ့်ကိုကိုယ်တော့ မတွေးရဲပါဘူး... လျှာချောင်ပြီး လောကွတ်မချော်မိတာ... ကံကောင်းလို့)

-သူမတို့ရဲ့ ရည်းစားကို အခြားလူများက အကူအညီတောင်းမိရင် အင်တင်တင်နဲ့ သဘောမတူသလို လုပ်တတ်ပါသေးတယ်…

အထက်ပါ အချက်တွေက အပျိုကြီးတွေမှာသာ မဟုတ်ပါဘူး… မိန်းကလေး တော်တော်များများမှာ ရှိတတ်တဲ့ အချက်တွေပါပဲ…

မိတ်ဆွေ… အပျိုကြီးနဲ့များ ကြိုက်မိလျှင်တော့ သင်သတိထားလော့…


ချစ်သူရာထူးမှ နှုတ်ထွက်စာ

3
အကြောင်းအရာ။..........။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း

ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား
လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။
နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။

တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန်
ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည်
အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။
သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။

ချစ်သူဟူသော တာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။
နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့်
သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း
သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။

တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော် လည်းကောင်း၊ သခင်နှင့်
အငြင်းပွားမိလျှင်သော် လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန်
သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၄င်းအမှားမျိုး
မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို
ဆက်လက်ထမ်းဆောင်ခဲ့၏။

တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင်
အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။

သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့်
ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန်
တောင်းဆိုလျှောက်တင်ပါသည်။

သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့်
သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။
သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက်
ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။
လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ
ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော
သခင့်စကားကို သူတို့နားဆင်ရ၏။

သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ
တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊
ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော
ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း
မရှိခဲ့၊........ ၊ ......

ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့
လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။

လေးစားစွာဖြင့်
သခင့်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သော
ဝန်ထမ်းတစ်ဦး

၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉

သို့ /

အကြောင်းအရာ။.........။ ရာထူးနုတ်ထွက်သူအား ပြန်ကြားစာ

ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးရန်
လျှောက်တင်ထားသော အသင်၏ စာအား ဖတ်ရှုပြီးနောက် အထက်လူကြီး
အုပ်ထိန်းသူမိဘများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ ရှင်းလင်းချက်မှာ
အောက်ပါအတိုင်းဖြစ်သည်။

အသင်လာရောက် တွေ့ဆုံမေးမြန်းစဉ်က ချစ်သူဟူသည့် တာဝန်ဖြစ်သည်။ သူငယ်ချင်း
မဟုတ်ဟု အလုပ် စလျှောက်စဉ်က အသင်တောင်းဆိုခဲ့သည်။ အသင်အား
စမ်းသပ်ကာလမှာပင် အသင်၏ တာဝန်ယူညံ့ဖျင်းမှုကြောင့် အလုပ်ထုတ်ခံရလုနီးနီး
ဖြစ်ခဲ့သော်လည်း ကြိုးစားစွမ်းဆောင်ပြီး အမှုတော်ထမ်းပါမည်ဟု အသင်၏
ဝမ်းနည်းပက်လက်တောင်းဆို ဝန်ခံဂတိပေးမှုကြောင့် ဤရာထူးကို ခန့်အပ်ခဲ့သည်။

ချစ်သူဟူသည်မှာ အချိန်ပြည့် အလုပ်ဖြစ်သည်။ အချိန်ပိုင်းအလုပ်ဖြစ်သည့်
သူငယ်ချင်းနှင့်မတူပေ။ ထို့ကြောင့် အလုပ်တာဝန်မှာ သူငယ်ချင်းထက်
ပိုများရခြင်းဖြစ်သည်။ ထို့အတူ လစာနှင့် ခံစားထိုက်သည့်
အခွင့်အရေးမှာလည်း သူငယ်ချင်းထက် ပိုခဲ့သည်။ ဥပမာ- ပွေ့ဖက်ခြင်း၊
နမ်းရှုံ့ခြင်း၊ အထက်အကြီးအကဲ မိဘများနှင့် ညစာအတူစားခြင်း ... စသည့်စသည့်
အခွင့်အရေးများအပြင် အဘိုး၊ အဖေ၊ လင်ယောက်ျားအဖြင့်သို့
ရာထူးတက်နိုင်သေးသည်။ ဤသည်မှာ သူငယ်ချင်းများ လုံးဝမရနိုင်သော
အခွင့်အရေးဖြစ်သည်။

နောက်ဆုံးပြောကြားလိုသည်မှာ ယခုလက်ရှိ သူငယ်ချင်းနေရာတွင် နေရာလွတ်
မရှိသေးပေ။ ချစ်သူနေရာကိုလည်း လစ်ဟင်းထား၍မဖြစ်။ ထို့ကြောင့်
ချစ်သူနေရာတွင် လူစားရှာမရသရွေ့ (သို့) တာဝန်ထမ်းဆောင်လိုသူ မရှိသရွေ့
အသင်အား အရံနေရာသို့ ပြောင်းရွေ့ထားမည်ဖြစ်သည်။ အရံဟူသည်မှာ သခင့်အပါး
နေ့တိုင်းခစားစရာ မလိုသောကြောင့် တာဝန်နှင့်ဖိစီးနေသော အသင့်စိတ်အား
ခေတ္တခဏ ဖြေဖျောက်နိုင်သည်။

ချစ်သူ့တာဝန်အား လွဲပြောင်းသူပေါ်လာမှ အသင့်အား လိုအပ်သည့်နေရာ - ဥပမာ-
သူငယ်ချင်းနေရာသို့ ပြောင်းရွေ့ပေးမည်။ သို့မဟုတ် အသင်သဘောနှင့် အသင်
လုံးဝထွက်ခွာမည်ဆိုလည်း ရ၏။ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာခြင်းသည်
လျှော်ကြေးမရကြောင်း အသိပေးအပ်ပါသည်။

ဤတစ်နှစ်သာ ကာလအတွင်း အသင်၏ကြိုးစားမှုအား ကျေးဇူးတင်ပါသည်။
အထက်မိဘ လူကြီးများကိုယ်စား
အဖွဲ့ဝင်တစ်ဦး
mailကတဆင့်ရတာပါ။


ရည်းစားဟောင်းနှင့် ပြောဆို ဆက်ဆံနည်း

3
(၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။

(၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။

(၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး
အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။

(၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု
သနားသောလေသံဖြင့်ပြောပါ။

(၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။

(၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင်
ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။

(၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက
ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။

(၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍
သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ
ဆုတောင်းပါ။

(၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်….
တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။

(၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်..
တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ
အကောင်းဆုံးဖြစ်ပါသည်။

ကိုယ်တွေ့...ကိုယ်တွေ့နော်..

မေးလ်ကတဆင့် ရတဲ့ဟာလေးပါခင်ဗျာ


သေမင်းနှင့်စီးချင်းထိုးခြင်း(သို့) ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၆

6
သေမင်းနှင့်စီးချင်းထိုးတဲ့အကြောင်း ကိုဗီလိန် ကတက်ထားပါတယ်။ အခုမှပဲရေးဖြစ်ပါတယ် အလုပ်မအားတာနဲ့ မရေးဖြစ်တာကို ခွင့်လွှတ်ဖို့ ပထမဦးစွာတောင်းပန်ပါတယ်ခင်ဗျာ။
အမှန်တော့ အလုပ်ကဒီလောက်မရှုပ်ပါဘူး.... ခက်တာက မရှိတဲ့အလုပ်ရှာလုပ်ရတာက ပိုပင်ပန်းတယ်ဆိုရမလိုပါပဲ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ရတာပိုပင်ပန်းပါတယ် အခုရက်ပိုင်းက အလုပ်ရှင်က ရှိနေတော့ ပိုဆိုးတာပေါ့နော်။ ကြုံဖူးရင်သိကြမှာပါ ကျွန်တော့်အဖြစ်ကို ရှောင်လှင်မာစတာတွေ့ရင်တောင် ရှီဖောလို့တောင် ခေါ်ပြီး ဆရာတင်မှာအသေအချာပါပဲ ခင်ဗျာ။ ဘာလို့လဲဆိုတော့ ဘော့စ်နဲ့ ကျွန်တော်နဲ့က စိမ်ပြေးတမ်းကစားသလို တစ်ယောက်နဲ့ တစ်ယောက်ရှောင်နေကြလို့ပါ။ သူကလဲ ကျွန်တော့်တွေ့ရင် သွေးတိုးသလို ကျွန်တော်ကလဲသူ့တွေ့ရင် မရှိတဲ့ အလုပ် လုပ်ပြရတာကြောင့်ပါ။
ဘော့စ်သွေးတိုးတာကတော့ သူလာရင် အလုပ်နဲ့ပက်သတ်တဲ့ ဟာတွေဝယ်ဖို့ ပိုက်ဆံတောင်းရင်း ကိုယ့်အတွက်ပါတောင်းတော့ ဒီဘော့စ်မှ မတိုး ဘယ်သူတိုးမတုံး :D
ကဲ..ကဲ စလိုက်ကြရအောင်ဗျာ သေမင်းနဲ့ စီးချင်းထိုးခဲ့တာလေး

သေမင်းနဲ့ စီးချင်းထိုးမထိုးတော့ သိဘူး သေချင်းဆိုးနဲ့သေမလိုဖြစ်ပြီး ဘုရားတခဲ့ရတဲ့ အကြောင်းကဒီလိုပါခင်ဗျ။
သင်္ဘောလိုက်ခဲ့တုန်းကပါခင်ဗျာ ... မှတ်မိသေးတယ် တူရကီနိုင်ငံ မာရာမာရစ် မြို့ကနေ ဂရိနိုင်ငံ ရိုးဒို့ ကျွန်းကို အသွားမှာပါ။
အမှန်တော့ အဲဒီနှစ်မြို့က open sea ထဲမဟုတ်ပါဘူး ကျွန်းအသေးလေးတွေ ပတ်လည်နီးပါးရှိတော့ ဘယ်လိုပြောရမလဲ ကမ်းမြင်လမ်းမြင်ပေါ့နော် ခရီးကလဲ ၂နာရီပဲကြာတဲ့ခရီးပါခင်ဗျ။ အော်ပြောဖို့မေ့နေတယ် အဲဒီတုန်းက ကျွန်တော်လုပ်နေတာက သူဋေးဇိမ်ခံစီးတဲ့ဘုတ်လေးပါ အရှည်က ၂၇မီတာရှိပါတယ် နာမည်ကတော့ မိုနိုပိုလီ လို့ခေါ်ပါတယ်။ ဖြစ်ချင်တော့ ဘော့စ်ကဖွန်ကြောင်ပြီး(အဲဒီတုန်းက သူ့အသက်က၆၀ကျော်ပါပြီ)တူရကီကနေ ခေါ(ဂရိ) သွားမယ်ဆိုးပြီးလုပ်ပါတယ်။ ဆိပ်ကမ်းကလဲပြောတယ် ၀ယ်သာမကောင်းဘူး မသွားနဲ့ပြောလဲ မွှန်နေတော့ ဟာနီးနီးလေးရတယ်ဒိုးမယ်ဆိုတော့ ကိုယ်တွေကဘာပြောရမှာလဲ ဒိုးပေါ့။ အဲဒီမှာ ကမ်းကစထွက်ကထဲက ဘုတ်ကလူးနေတာ ဆိပ်ကမ်းအပြင်ရောက်တော့ အိုး......
ဘာပြောကောင်းမလဲ စကောထဲ ဇီးသီးထည့်လှိမ့်နေရင် အဲဒီလောက် မလိမ့်နိုင်ဘူး။ဘုတ်ထဲမှာရှိတဲ့ တီဗီ၊ပန်းအိုး၊ ပန်းကန်၊ဖန်ခွက်
အကုန်လုံး ကွဲတာကွဲ လိမ့်တာလိမ့်နဲ့ ချာလပတ်ရမ်းနေတာပါပဲ ဒါတောင် စတယ်ပယ်လိုက်ဇာလို့ခေါ်တဲ့ လေယာဉ်တောင်ပံလို ဟာက ဘုတ်နှစ်ဘက်မှာ ထုတ်ထားလို့ အဲဒီလောက်ပဲလူးတာပါ(အဲဒါကတော့ ဘုတ်ညိမ်အောင်ထိမ်းပေးတဲ့ဟာပါ လိုသလို ထုတ်နိုင်သွင်းနိုင်ပါတယ်)ကြာတော့ ကျွန်တော်မခံနိုင်တော့ဘူး .. လူကမူးလာတယ် အရေးထဲ အိတ်ဇော(မီးခိုးထွက်ပေါက်)ကပေါက်သွားတော့ မီးခိုးတွေလှိုက်ပြီး ဘုတ်ထဲမှာဘာမှမမြင်ရတော့ဘူး။အဝေးကကြည့်ရင် ဘုတ်မီးလောင်နေတယ်လို့တောင် ထင်နိုင်လောက်တယ်ဗျ။ ဘော့စ်နဲ့ သူ့ဖွန်လေးကတော့ ဆန်းဒက်(ဘုတ်၏အပေါ်ဆုံးထပ်အမိုးမရှိ)ပေါ်မှာနှပ်နေကြတယ် ကိုယ်တွေမှာတော့ အိတ်ဇောပေါက်လို့တိုင်ပတ်တာပေါ့ဗျာ ဘော့စ်ကိုလဲ သင်၏လက်ကိုခဏငှားပါသွားပြောလို့မရဘူးလေ။ ကြာတော့ မီးခိုးကလဲမွှန်၊ မူးကလဲမူး မခံနိုင်တော့တဲ့အဆုံး ကယ်ဗင်ထဲ(အိပ်ခန်း)ထဲသွားအိပ်နေတာပေါ့ဗျာ မကြာပါဘူး ရွှေတစ်ယောက်လာပြီး "သေချင်းဆိုးလေး နင်က သင်္ဘောနဲ့ ရေအောက်ထဲ လိုက်သွားမလို့ အခန်းထဲ လာအိပ်နေတာလား"ဆိုတော့ လူကပြာပြီး ကြောင်သွားတယ် သတိလဲထားမိရော ကုတင်အောက်က လိုက်ဖ်ဂျက်ကတ်ကို ယူပြီးဝတ်ရင်းအပေါ်တက်ပြေးတာပေါ့။ အပေါ်ရောက်တော့ နောက်ရွှေတစ်ယောက်က "မင်းအဲဒီလိုက်ဖ်ဂျက်ကတ်က ဘာလို့ဝတ်တာလဲ"ဆိုတော့ ကျွန်တော်က "ဟ ဘုတ်မြုပ်ရင် သေပြီဆရာ ရေလဲကူးတတ်ဘူးဗျ"ဆိုတော့ "မင်းအဲဒါဝတ်ပြီး ရေထဲခုန်ချရင် ကီလို၂၀လေးတဲ့ခဲဆွဲပြီးခုန်ချရင်တောင်ပေါ်နိုင်တယ် အဲဒါဝတ်ပြီးခုန်ချလို့ကတော့ ပလုံဆိုတဲ့အသံကြားရင်တောင်ကံကောင်း အဲဒါတွေအသစ်မလဲတာ ၁၀နှစ်ကျော်ပြီ အခုချွတ်" အဲဒီတော့မှ သတိထားမိတယ် ဟုတ်တယ် လိုက်ဖ်ဂျက်ကတ်သာပြောတာ အတော်လေးနေတယ်ဗျ ၁ကီလိုကျော်ကျော်လောက်ရှိမလားပဲ(အဲဒီတုန်းက လိုက်ဖ်ဂျက်ကတ်တွေက အခုခေတ်လိုလေမှုတ်သွင်းတဲ့ဟာမျိုးမဟုတ်ပါဘူး အထဲမှာဖော့တုန်းတွေထည့်ထားတဲ့ဟာတွေပါ အမှန်တော့ ဘော့စ် ပေခေါက်ထားတာပါ) "သွား.. ဘုတ်ဘေးချီတဲ့ ဘောလုံးတလုံးယူပြီး လက်မှာကြိုးချည်ထား" လို့ပြောတော့ သွားယူပြီးချည်ထားလိုက်ပါတယ်။ ပြီးတော့ဘော့စ်က ဂွေလာကိုင်ခိုင်းပါတယ်(တက်မကိုင်ခိုင်းတာကိုဆိုလိုပါသည် သာမန်ချိန်ဆိုအော်တိုပိုင်းလော့နဲ့ သွားပါတယ် လှိုင်းလေရှိတော့ လူကိုယ်တိုင်မောင်းပါတယ်)နောက်တော့ ကျွန်တော်ရဲ့ဖြစ်ပုံမြင်တော့ ဘော့စ်က ရယ်ပြီး သွားရတယ်နောက်တစ်ယောက်လွှတ်လိုက်ဆိုလို့ အောက်ပြန်ဆင်းပြီး နောက်တစ်ယောက် လွှတ်လိုက်ပါတယ်။ ကြာတော့ဗျာ လူကလုံးဝမခံနိုင်တော့ဘူး စဉ်းစားကြည့်လေ လှိုင်းကမူးရတဲ့အထဲ မီးခိုးကမွှန်ပြီး မျက်စေ့ပါစပ်လာတော့ မခံနိုင်တော့တဲ့ အဆုံး ဂယ်လီ(မီးဖိုချောင်)တံခါးအပေါက်ဝသွားထိုင်ပြီး(တခြားနေရာလဲမထိုင်ရဲဘူး မတော်ရေထဲကျမှာစိုးလို့)ခဏနေတော့ ဆန်ပြုတ်ရောင်းလိုက်ရတာပေါ့ဗျာ(အန်တာကိုဆိုလိုပါသည်)ဖြစ်ချင်တော့ဗျာ ကျွန်တော်ထိုင်နေတဲ့ ဘယ်ဘက်အခြမ်းနံရံကပ်ရပ်စားပွဲပေါ်က ကြက်ဥထည့်ထားတဲ့ ဘန်းက ကျွန်တော့်ကျောကုန်းပေါ် တည့်တည့်ကျရောဗျာ။ လူကလေဘယ်လိုဖြစ်လဲဆိုတော့ မူးကလဲမူး၊ ကျပ်ခိုးရိုက်လို့မဲ၊ ကျောမှာက ကြက်ဥအနှစ်တွေ၊ ရှေ့မှာက ဆန်ပြုတ်တွေပေနေတာ မျက်စေ့ထဲမြင်ကြည့်ပါ ဘာပုံပေါက်နေမလဲဆိုတာ။ ကိုယ့်ဟာကိုယ်လဲ သေပြီလို့ကိုတွက်ထားတာ စိတ်လဲလျှော့လိုက်တယ် ပြီးတော့ ဘုရားစာလဲရွတ်ပေါ့နော် ရွတ်တာက သဗုတ်ဒေဂါထာပါ ဒါပေမဲ့ ပါးစပ်ကထွက်တော့ သံဘုံးတွေ၊ဘာလီဘုံးတွေဆိုပြီး ရွတ်မိတယ်ဗျ ကြောက်အားလန့်အားနဲ့ အဲဒီနှစ်ခုကနေကိုမတက်တော့ဘူး ရလဲရတော့ဘူး အံမယ်..အဖေနဲ့အမေကိုတောင်မှန်းပြီး ကန်တော့လိုက်သေးတယ်ဗျ။ လှိုင်းလုံးတွေဆိုတာဗျာ အကြီးကြီးပဲ ဘုတ်ကလဲ လှိုင်းပေါ်ရောက်လိုက် အောက်ထဲရောက်လိုက်နဲ့ အို..ဗျာ ပြောရင်းတောင် ကြက်သီးထမိပါရဲ့ စဉ်းစားကြည့်ပါ ၂နာရီခရီးကို ၅နာရီမောင်းလိုက်ရပြီး ညနေ၅နာရီမှာ တူရကီကထွက်တာ ည၁၀နာရီမှ ခေါကိုရောက်ပါတယ်။ဘယ်လောက်ထိလဲဆို ကယ်ဆယ်ရေးဘုတ်နဲ့ ရဟတ်ယာဉ်တောင် ရောက်လာပါတယ်။
အဲဒီအချိန်မှာရိုးဒို့(ခေါကျွန်း)ကမီးရောင်လေးတွေကိုလှမ်းမြင်လိုက်ရတော့ဗျာ လူကလေပျော်လိုက်တာမှလေ တသက်နဲ့ တစ်ကိုယ်အဲဒီလောက်မပျော်ဘူးပါဘူး ရည်းစားဆီက အဖြေရတုန်းကတောင် ဒီလောက်မပျော်ခဲ့ဘူး။ ထတောင်ကမိတာကွေးနေတာပဲ။ဆိပ်ကမ်းရောက်တော့ ဆိပ်ကမ်းမှာရှိနေကြတဲ့ တခြားဘုတ်တွေက ကျွန်တော်တို့ကိုဝိုင်း ကြည့်နေကြပါတယ် ဘာလို့လဲဆိုတော့ ဒီလိုအချိန် ဘယ်ဘုတ်မှ မထွက်ကြလို့ပါ။ ကျွန်တော်တို့ကို အရှုးတွေဆိုပြီးတော့လား၊ သနားလို့လားဆိုတာတော့ သူတို့ပဲသိမှာပါ။ နောက်တော့ ကျွန်တော်တို့တွေ ဘော့စ်ကိုဝိုင်းဆဲကြတာပေါ့နော်(ရှေ့မှာဆဲရင်ကွိုင်တက်မှာ)ခွေးမသားကြီး အသက်ကကြီးပြီး ဖွန်ကကြောင်တုန်း သူကြောင်တာအကြောင်းမဟုတ်ဘူး ကိုယ်တွေကကြားထဲကသေမှာ ဘာညာနဲ့ ပြီးတော့ ဘော့စ်က တစ်မန်းနီး တစ်ယောက်ယူရို၃၀၀ပေးပါတယ်။
အဲဒီလိုနဲ့ပဲ အချိန်တွေဖြတ်ကျော်ရင်း ဘ၀ကိုရင်ဆိုင်ခဲ့ရပါကြောင်း။


Monday, October 13, 2008

အဲဒါ... အချစ်လို့ခေါ်တယ်

4
အချစ်ဆိုတာဘာလဲ ဆိုပြီး ၀ိုင်းပြီးတက်လိုက်ကြတာ ဘယ်ဘ၀ထဲက အညိုးထားခဲ့လဲသိဘူး သောက်သောက်လဲကို တက်ကြတာ။ ဆိုတော့... ရေးရတော့မှာပေါ့။ ရေးမယ်ဆိုတော့ ကျွန်တော့်အဖေပြောခဲ့တဲ့ စကားလေးသွားသတိရမိလို့ အဲဒီစကားလေးပဲအခြေခံရေးတော့မယ်။
ဒီလိုဗျ အဖေကပြောဖူးတယ် အမေနဲ့ သူနဲ့က လူကြီးချင်းသဘောတူလို့ယူဖြစ်တာတဲ့ ယူပြီးနောက်ပိုင်း အဖေနဲ့အမေက သဘောထားခြင်းက လုံးဝမတူဘူး အဖေက တိကျတယ်၊ ပြတ်သားတယ်၊အပိုမလုပ်ဘူး၊လက်တွေ့ပိုကျတယ်ပေါ့ဗျာ။
အမေက သနားတတ်တယ်၊ အပြစ်ပြောတာမကြိုက်ဘူး၊ လုပ်ချင်တာတဇွတ်ထိုးလုပ်တတ်တယ်။ပြီးတော့ အဖေက တနင်္ဂနွေသား၊ အမေက စနေသမီး။ပျော်မဆုံးမော်မဆုံး ကာလတွေဟာ သူတို့အိမ်ထောင်ရေးမှာ ရှိခဲ့ပါတယ်။ဒါပေမဲ့ အိမ်ထောင်ရေးတို့ ထုံးစံအတိုင်း အိမ်ထောင်သက်လေးရလာတော့ ညှိယူရတဲ့ကာရန်တွေ များများလာတော့ တခါတလေ ဘီလူးဆိုင်းကရတဲ့ အခါလဲ ရှိခဲ့ပါတယ် ကျွန်တော် တသက် တော့ ၂ခါပဲ ဖြစ်တာတွေ့ဖူးပါတယ်။ ဒီလိုနဲ့ပဲ သူတို့အိမ်ထောင်ရေးမှာ သားသမီး၆ယောက်အထိ ထွန်းကားခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာက အိမ်ထောင်တခုမှာ စိတ်တူသဘောတူ၊အကြိုက်တူ၊အလိုက်သိဆိုတာတွေလေ။ဒီလိုအယူအဆ မတူကြတဲ့သူနှစ်ဦး နှစ်ပေါင်းများစွာ အတူလက်တွဲ နေနိုင်ခဲ့ကြတာ ဘာကြောင့်များလဲ။ အခုတော့ သားသမီးတွေလဲ အရွယ်ရောက်ကုန်ကြပြီး အိမ်ထောင်အသီးသီးကြလို့ မြေးတောင်ချီနေကြပါပြီ။ အဲဒါဘာကြောင့်လဲ......................