Friday, October 17, 2008

သေမင်းနှင့်စီးချင်းထိုးခြင်း(သို့) ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၆

6
သေမင်းနှင့်စီးချင်းထိုးတဲ့အကြောင်း ကိုဗီလိန် ကတက်ထားပါတယ်။ အခုမှပဲရေးဖြစ်ပါတယ် အလုပ်မအားတာနဲ့ မရေးဖြစ်တာကို ခွင့်လွှတ်ဖို့ ပထမဦးစွာတောင်းပန်ပါတယ်ခင်ဗျာ။
အမှန်တော့ အလုပ်ကဒီလောက်မရှုပ်ပါဘူး.... ခက်တာက မရှိတဲ့အလုပ်ရှာလုပ်ရတာက ပိုပင်ပန်းတယ်ဆိုရမလိုပါပဲ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ရတာပိုပင်ပန်းပါတယ် အခုရက်ပိုင်းက အလုပ်ရှင်က ရှိနေတော့ ပိုဆိုးတာပေါ့နော်။ ကြုံဖူးရင်သိကြမှာပါ ကျွန်တော့်အဖြစ်ကို ရှောင်လှင်မာစတာတွေ့ရင်တောင် ရှီဖောလို့တောင် ခေါ်ပြီး ဆရာတင်မှာအသေအချာပါပဲ ခင်ဗျာ။ ဘာလို့လဲဆိုတော့ ဘော့စ်နဲ့ ကျွန်တော်နဲ့က စိမ်ပြေးတမ်းကစားသလို တစ်ယောက်နဲ့ တစ်ယောက်ရှောင်နေကြလို့ပါ။ သူကလဲ ကျွန်တော့်တွေ့ရင် သွေးတိုးသလို ကျွန်တော်ကလဲသူ့တွေ့ရင် မရှိတဲ့ အလုပ် လုပ်ပြရတာကြောင့်ပါ။
ဘော့စ်သွေးတိုးတာကတော့ သူလာရင် အလုပ်နဲ့ပက်သတ်တဲ့ ဟာတွေဝယ်ဖို့ ပိုက်ဆံတောင်းရင်း ကိုယ့်အတွက်ပါတောင်းတော့ ဒီဘော့စ်မှ မတိုး ဘယ်သူတိုးမတုံး :D
ကဲ..ကဲ စလိုက်ကြရအောင်ဗျာ သေမင်းနဲ့ စီးချင်းထိုးခဲ့တာလေး

သေမင်းနဲ့ စီးချင်းထိုးမထိုးတော့ သိဘူး သေချင်းဆိုးနဲ့သေမလိုဖြစ်ပြီး ဘုရားတခဲ့ရတဲ့ အကြောင်းကဒီလိုပါခင်ဗျ။
သင်္ဘောလိုက်ခဲ့တုန်းကပါခင်ဗျာ ... မှတ်မိသေးတယ် တူရကီနိုင်ငံ မာရာမာရစ် မြို့ကနေ ဂရိနိုင်ငံ ရိုးဒို့ ကျွန်းကို အသွားမှာပါ။
အမှန်တော့ အဲဒီနှစ်မြို့က open sea ထဲမဟုတ်ပါဘူး ကျွန်းအသေးလေးတွေ ပတ်လည်နီးပါးရှိတော့ ဘယ်လိုပြောရမလဲ ကမ်းမြင်လမ်းမြင်ပေါ့နော် ခရီးကလဲ ၂နာရီပဲကြာတဲ့ခရီးပါခင်ဗျ။ အော်ပြောဖို့မေ့နေတယ် အဲဒီတုန်းက ကျွန်တော်လုပ်နေတာက သူဋေးဇိမ်ခံစီးတဲ့ဘုတ်လေးပါ အရှည်က ၂၇မီတာရှိပါတယ် နာမည်ကတော့ မိုနိုပိုလီ လို့ခေါ်ပါတယ်။ ဖြစ်ချင်တော့ ဘော့စ်ကဖွန်ကြောင်ပြီး(အဲဒီတုန်းက သူ့အသက်က၆၀ကျော်ပါပြီ)တူရကီကနေ ခေါ(ဂရိ) သွားမယ်ဆိုးပြီးလုပ်ပါတယ်။ ဆိပ်ကမ်းကလဲပြောတယ် ၀ယ်သာမကောင်းဘူး မသွားနဲ့ပြောလဲ မွှန်နေတော့ ဟာနီးနီးလေးရတယ်ဒိုးမယ်ဆိုတော့ ကိုယ်တွေကဘာပြောရမှာလဲ ဒိုးပေါ့။ အဲဒီမှာ ကမ်းကစထွက်ကထဲက ဘုတ်ကလူးနေတာ ဆိပ်ကမ်းအပြင်ရောက်တော့ အိုး......
ဘာပြောကောင်းမလဲ စကောထဲ ဇီးသီးထည့်လှိမ့်နေရင် အဲဒီလောက် မလိမ့်နိုင်ဘူး။ဘုတ်ထဲမှာရှိတဲ့ တီဗီ၊ပန်းအိုး၊ ပန်းကန်၊ဖန်ခွက်
အကုန်လုံး ကွဲတာကွဲ လိမ့်တာလိမ့်နဲ့ ချာလပတ်ရမ်းနေတာပါပဲ ဒါတောင် စတယ်ပယ်လိုက်ဇာလို့ခေါ်တဲ့ လေယာဉ်တောင်ပံလို ဟာက ဘုတ်နှစ်ဘက်မှာ ထုတ်ထားလို့ အဲဒီလောက်ပဲလူးတာပါ(အဲဒါကတော့ ဘုတ်ညိမ်အောင်ထိမ်းပေးတဲ့ဟာပါ လိုသလို ထုတ်နိုင်သွင်းနိုင်ပါတယ်)ကြာတော့ ကျွန်တော်မခံနိုင်တော့ဘူး .. လူကမူးလာတယ် အရေးထဲ အိတ်ဇော(မီးခိုးထွက်ပေါက်)ကပေါက်သွားတော့ မီးခိုးတွေလှိုက်ပြီး ဘုတ်ထဲမှာဘာမှမမြင်ရတော့ဘူး။အဝေးကကြည့်ရင် ဘုတ်မီးလောင်နေတယ်လို့တောင် ထင်နိုင်လောက်တယ်ဗျ။ ဘော့စ်နဲ့ သူ့ဖွန်လေးကတော့ ဆန်းဒက်(ဘုတ်၏အပေါ်ဆုံးထပ်အမိုးမရှိ)ပေါ်မှာနှပ်နေကြတယ် ကိုယ်တွေမှာတော့ အိတ်ဇောပေါက်လို့တိုင်ပတ်တာပေါ့ဗျာ ဘော့စ်ကိုလဲ သင်၏လက်ကိုခဏငှားပါသွားပြောလို့မရဘူးလေ။ ကြာတော့ မီးခိုးကလဲမွှန်၊ မူးကလဲမူး မခံနိုင်တော့တဲ့အဆုံး ကယ်ဗင်ထဲ(အိပ်ခန်း)ထဲသွားအိပ်နေတာပေါ့ဗျာ မကြာပါဘူး ရွှေတစ်ယောက်လာပြီး "သေချင်းဆိုးလေး နင်က သင်္ဘောနဲ့ ရေအောက်ထဲ လိုက်သွားမလို့ အခန်းထဲ လာအိပ်နေတာလား"ဆိုတော့ လူကပြာပြီး ကြောင်သွားတယ် သတိလဲထားမိရော ကုတင်အောက်က လိုက်ဖ်ဂျက်ကတ်ကို ယူပြီးဝတ်ရင်းအပေါ်တက်ပြေးတာပေါ့။ အပေါ်ရောက်တော့ နောက်ရွှေတစ်ယောက်က "မင်းအဲဒီလိုက်ဖ်ဂျက်ကတ်က ဘာလို့ဝတ်တာလဲ"ဆိုတော့ ကျွန်တော်က "ဟ ဘုတ်မြုပ်ရင် သေပြီဆရာ ရေလဲကူးတတ်ဘူးဗျ"ဆိုတော့ "မင်းအဲဒါဝတ်ပြီး ရေထဲခုန်ချရင် ကီလို၂၀လေးတဲ့ခဲဆွဲပြီးခုန်ချရင်တောင်ပေါ်နိုင်တယ် အဲဒါဝတ်ပြီးခုန်ချလို့ကတော့ ပလုံဆိုတဲ့အသံကြားရင်တောင်ကံကောင်း အဲဒါတွေအသစ်မလဲတာ ၁၀နှစ်ကျော်ပြီ အခုချွတ်" အဲဒီတော့မှ သတိထားမိတယ် ဟုတ်တယ် လိုက်ဖ်ဂျက်ကတ်သာပြောတာ အတော်လေးနေတယ်ဗျ ၁ကီလိုကျော်ကျော်လောက်ရှိမလားပဲ(အဲဒီတုန်းက လိုက်ဖ်ဂျက်ကတ်တွေက အခုခေတ်လိုလေမှုတ်သွင်းတဲ့ဟာမျိုးမဟုတ်ပါဘူး အထဲမှာဖော့တုန်းတွေထည့်ထားတဲ့ဟာတွေပါ အမှန်တော့ ဘော့စ် ပေခေါက်ထားတာပါ) "သွား.. ဘုတ်ဘေးချီတဲ့ ဘောလုံးတလုံးယူပြီး လက်မှာကြိုးချည်ထား" လို့ပြောတော့ သွားယူပြီးချည်ထားလိုက်ပါတယ်။ ပြီးတော့ဘော့စ်က ဂွေလာကိုင်ခိုင်းပါတယ်(တက်မကိုင်ခိုင်းတာကိုဆိုလိုပါသည် သာမန်ချိန်ဆိုအော်တိုပိုင်းလော့နဲ့ သွားပါတယ် လှိုင်းလေရှိတော့ လူကိုယ်တိုင်မောင်းပါတယ်)နောက်တော့ ကျွန်တော်ရဲ့ဖြစ်ပုံမြင်တော့ ဘော့စ်က ရယ်ပြီး သွားရတယ်နောက်တစ်ယောက်လွှတ်လိုက်ဆိုလို့ အောက်ပြန်ဆင်းပြီး နောက်တစ်ယောက် လွှတ်လိုက်ပါတယ်။ ကြာတော့ဗျာ လူကလုံးဝမခံနိုင်တော့ဘူး စဉ်းစားကြည့်လေ လှိုင်းကမူးရတဲ့အထဲ မီးခိုးကမွှန်ပြီး မျက်စေ့ပါစပ်လာတော့ မခံနိုင်တော့တဲ့ အဆုံး ဂယ်လီ(မီးဖိုချောင်)တံခါးအပေါက်ဝသွားထိုင်ပြီး(တခြားနေရာလဲမထိုင်ရဲဘူး မတော်ရေထဲကျမှာစိုးလို့)ခဏနေတော့ ဆန်ပြုတ်ရောင်းလိုက်ရတာပေါ့ဗျာ(အန်တာကိုဆိုလိုပါသည်)ဖြစ်ချင်တော့ဗျာ ကျွန်တော်ထိုင်နေတဲ့ ဘယ်ဘက်အခြမ်းနံရံကပ်ရပ်စားပွဲပေါ်က ကြက်ဥထည့်ထားတဲ့ ဘန်းက ကျွန်တော့်ကျောကုန်းပေါ် တည့်တည့်ကျရောဗျာ။ လူကလေဘယ်လိုဖြစ်လဲဆိုတော့ မူးကလဲမူး၊ ကျပ်ခိုးရိုက်လို့မဲ၊ ကျောမှာက ကြက်ဥအနှစ်တွေ၊ ရှေ့မှာက ဆန်ပြုတ်တွေပေနေတာ မျက်စေ့ထဲမြင်ကြည့်ပါ ဘာပုံပေါက်နေမလဲဆိုတာ။ ကိုယ့်ဟာကိုယ်လဲ သေပြီလို့ကိုတွက်ထားတာ စိတ်လဲလျှော့လိုက်တယ် ပြီးတော့ ဘုရားစာလဲရွတ်ပေါ့နော် ရွတ်တာက သဗုတ်ဒေဂါထာပါ ဒါပေမဲ့ ပါးစပ်ကထွက်တော့ သံဘုံးတွေ၊ဘာလီဘုံးတွေဆိုပြီး ရွတ်မိတယ်ဗျ ကြောက်အားလန့်အားနဲ့ အဲဒီနှစ်ခုကနေကိုမတက်တော့ဘူး ရလဲရတော့ဘူး အံမယ်..အဖေနဲ့အမေကိုတောင်မှန်းပြီး ကန်တော့လိုက်သေးတယ်ဗျ။ လှိုင်းလုံးတွေဆိုတာဗျာ အကြီးကြီးပဲ ဘုတ်ကလဲ လှိုင်းပေါ်ရောက်လိုက် အောက်ထဲရောက်လိုက်နဲ့ အို..ဗျာ ပြောရင်းတောင် ကြက်သီးထမိပါရဲ့ စဉ်းစားကြည့်ပါ ၂နာရီခရီးကို ၅နာရီမောင်းလိုက်ရပြီး ညနေ၅နာရီမှာ တူရကီကထွက်တာ ည၁၀နာရီမှ ခေါကိုရောက်ပါတယ်။ဘယ်လောက်ထိလဲဆို ကယ်ဆယ်ရေးဘုတ်နဲ့ ရဟတ်ယာဉ်တောင် ရောက်လာပါတယ်။
အဲဒီအချိန်မှာရိုးဒို့(ခေါကျွန်း)ကမီးရောင်လေးတွေကိုလှမ်းမြင်လိုက်ရတော့ဗျာ လူကလေပျော်လိုက်တာမှလေ တသက်နဲ့ တစ်ကိုယ်အဲဒီလောက်မပျော်ဘူးပါဘူး ရည်းစားဆီက အဖြေရတုန်းကတောင် ဒီလောက်မပျော်ခဲ့ဘူး။ ထတောင်ကမိတာကွေးနေတာပဲ။ဆိပ်ကမ်းရောက်တော့ ဆိပ်ကမ်းမှာရှိနေကြတဲ့ တခြားဘုတ်တွေက ကျွန်တော်တို့ကိုဝိုင်း ကြည့်နေကြပါတယ် ဘာလို့လဲဆိုတော့ ဒီလိုအချိန် ဘယ်ဘုတ်မှ မထွက်ကြလို့ပါ။ ကျွန်တော်တို့ကို အရှုးတွေဆိုပြီးတော့လား၊ သနားလို့လားဆိုတာတော့ သူတို့ပဲသိမှာပါ။ နောက်တော့ ကျွန်တော်တို့တွေ ဘော့စ်ကိုဝိုင်းဆဲကြတာပေါ့နော်(ရှေ့မှာဆဲရင်ကွိုင်တက်မှာ)ခွေးမသားကြီး အသက်ကကြီးပြီး ဖွန်ကကြောင်တုန်း သူကြောင်တာအကြောင်းမဟုတ်ဘူး ကိုယ်တွေကကြားထဲကသေမှာ ဘာညာနဲ့ ပြီးတော့ ဘော့စ်က တစ်မန်းနီး တစ်ယောက်ယူရို၃၀၀ပေးပါတယ်။
အဲဒီလိုနဲ့ပဲ အချိန်တွေဖြတ်ကျော်ရင်း ဘ၀ကိုရင်ဆိုင်ခဲ့ရပါကြောင်း။


6 Response to သေမင်းနှင့်စီးချင်းထိုးခြင်း(သို့) ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၆

Anonymous
17 October 2008 at 08:33

အောင်မလေးဦးဦးအိမ်ရယ် ကံသီပေလို့သာပေါ့ ဒီစာဖတ်ပြီး အဲဒီဘောစ်ကိုကြိမ်ဆဲမိတယ် သူဖွန်ကြောင်တာသူများပါ ဒုက္ခရောက်တယ် မုန်းစရာကြီး

17 October 2008 at 09:56

ကျနော်လည်း ဖွန်သွားကြောင်မလို့ လိုက်ဦးမလားဗျို့ :P

17 October 2008 at 10:10

အဲ ကောင်းတယ်ဗျို့
ကောင်းတယ်ဗျို့ဆိုတာ အရေးအသားကို ဆိုလိုတာပါဗျာ
ကိုယ်တိုင် ဘော့စ်နေရာ..အဲအဲ ကို အိမ့်နေရာ ရောက်သွားသလို ပဲ ခံစားရတယ်..
ခုတော့ ရယ်စရာလေးတွေဖြစ်သွားပြီပေါ့..
အဲဒီတုန်းက တော့ ဘယ်ရယ်နိုင်မလဲ နော်
သေမင်းနဲ့ စီးချင်းထိုးပြီးအနိုင်ရခဲ့ တာ ၀မ်းသာပါတယ်ဗျို့
အားရင် စာလေးဘာလေးရေးပါဦး

17 October 2008 at 11:36

ဟင့်.. ကျောက်ချရာဂျီးနော်... မက်မက်တို့တော့ ရေထဲမှာ ချိုရင်တော်တော်ဂို
ကျောက်တာ... ဖတ်ရင်းနဲ့တောင် ကိုယ့်ကိုကိုယ် ရေအောက်ထဲရောက်တွားဒလိုဖဲ
.. အမလေး...

နာ့ဦးဦးအိန်.. ကံတီလို့ အမှားကြီးမှားဒေါ့မလို့(မေခလာသီချင်း)..
ဟီးဟီး
ကံကောင်းတယ်လို့ပြောရမယ်နော်..နောက်ကို အဲလိုဖွန်မကြောင်နဲ့ ကြားလား..
သတိထား... ဟွန်း... :P :P :P
ဟီးဟီး...

17 October 2008 at 12:46

တော်သေးတာပေါ့ ကိုအိမ်တို့များ
ဟားဟား သိချင်စမ်းပါဘိဗျာ
ဘော့စ်လိုနေရာမျိုးလေး ဒီအချိန်ဘယ်လိုလေးလဲလို့
ဟဲဟဲ အကိုအိမ်ရေ မျက်စိထဲမှာပုံဖော်ကြည့်တာ
တော်တော်တော့လှသားဗျာ ပန်းချီစုပ်ချက်တွေနဲ့
ပြည့်နှက်နေတဲ့အတိုင်းပဲ ဟားဟား
ဆက်ရေးဗျာ

12 November 2008 at 11:18

အင်း ဒါလေး ဖတ်လိုက်ရတော့လဲ ကိုယ်ဆန်ပြုတ်ရောင်းခဲ့ တာတွေ ပြန်သတိရလာတယ် ပြန်တွေးကြည့်ရင်တော့လဲ ကျောချမ်းစရာပါဘဲ ကွာ...။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း