Saturday, September 13, 2008

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၂

4
ကျွန်တော်နှင့်ဗေဒင်
****************
ဗေဒင်ဆိုလို့ ဗေဒင်တွက်ပြမယ်လို့ မထင်လိုက်ပါနဲ့။ အခုရေးမဲ့ အကြောင်းကတော့ ကျွန်တော် ဇာတာကို စစ်ဆေးခဲ့တဲ့ အကြောင်းပါ။

ဒီလိုပါ လွန်ခဲ့တဲ့ ၁နှစ်လောက်က ကျွန်တော့်အမေရဲ့ တိုက်တွန်းမှုကြောင့်ဗေဒင် သွားမေးခဲ့ပါတယ်။ အဓိက ကတော့ အမေကျွန်တော့်ကို အိမ်ထောင်ကျစေချင်တာပါ။

ကိုယ်တိုင်ကသိနေတယ် ဗေဒင်မေးရင် ပိုက်ဆံကုန်မယ် ငါ့ယူမယ်သူမရှိဘူးဆိုတာ။
ကျားကျားချင်းတောင် မခံနိုင်တာ မ ဆိုဝေးရော၊ မယုံရင် အကိုလိုရော၊ ဆရာလိုပါခင်တဲ့ ကိုလင်းထက် ကိုပဲမေးကြည့်။

သူဆို gtalkပေါ်တက်ရင်တောင် ကိုယ်ယောင်ဖျောက်ပြီးတက်ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်ရစ်တဲ့ဒဏ်ကို မခံနိုင်လို့ပါ။ ဒါတောင် သူနေတာ တစ်နိုင်ငံ၊ ကျွန်တော်နေတာတစ်နိုင်ငံ စဉ်းစာသာကြည့်။

ဒါပေမဲ့ အမေစိတ်ချမ်းသာအောင်တော့ သွားမေးလိုက်ပါတယ်။
ဗေဒင်မေးရော ဆိုပါစို့ မေးတော့ မွေးရက်၊မွေးလ၊မွေးနှစ်ဘာညာ ထုံးစံအတိုင်းပေါ့ အောင်လံထူ စစ်သူကြီးပွဲ ..........................
ဗေဒင်ဆရာက သူလုပ်စရာရှိတာလုပ်ပြီးတော့ ပြောတယ် မင်းအိမ်ထောင်ကျမယ် ဆိုတော့စိတ်ထဲနည်းနည်းတော့ ၀မ်းသာသွားတာပေါ့ ဘာလို့လဲဆိုတော့ ကိုယ်တိုင်ကလဲ လိုချင်နေတာ နံ့နံ့တက် ဆက်စလူးခါတာလေ ဒါပေမဲ့ သိပ်မခါလိုက်ရပါဘူးဗျာ၊ ဗေဒင်ဆရာပြောတာလဲကြည့်ဦး
အိမ်ထောင်ကျမယ် ဒါပေမဲ့ အသက်၆၀ကျော်မှတဲ့ ကဲ..........................
ဆက်ပြောသေးတယ် မင်းရဲ့ ဖူးစာက မင်းထက် ၅နှစ်ကြီးမယ်ဆိုပဲ စဉ်းစားသာကြည့်ပါတော့။
ပြီးတော့ပြောသေးတယ်ဗျ အိမ်ထောင်ကျရင်သားသမီးမရဘူး(ဒါတော့သူပြောမှလား) ဒါပေမဲ့ ရပြီးသားဖြစ်မယ်တဲ့ ကောင်းရောဗျာ။ ဒါဆို ကျွန်တော့်အိမ်သူက မုဆိုးမပဲ နေမှာ။

ကျွန်တော့်အဖြစ်က အလှုအိမ်တက်တဲ့ ခံတွင်းပျက် ဟင်းခွက်တွေကြည့်ပြီးကသိကအောက် မချိမဆံ့ အဖြစ်မျိုးပါ။
နှလုးံသားလမ်းကြောင်းကကျွမ်းခံနေတယ်.mp3 - sai htee saing

Wednesday, September 10, 2008

ဖြစ်တတ်ပါတယ်

2
တခါတုန်းက တရားဟောကောင်းသော ဦးဇင်းတစ်ပါးရှိသည်။ ဦးဇင်းဟာ အသုဘရှုအခမ်းအနားများတွင် တရားပို၍ အဟောကောင်းပါတယ်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သဘောပေါက် ရှင်းလင်းအောင် ဟောကြားတတ်ရာ အသုဘရှင်များ အပူငြိမ်းပြီး သောကပြေပျောက်ကြပါတယ်။ ဒီလိုနှင့်တစ်ရက်မှာ ဦးဇင်း၏မယ်တော်ကြီးဆုံးရှာသည်။ ထုံးစံအတိုင်း ဦးဇင်းက အသုဘရှု တရားဟောရပြန်ပါတယ်။ မယ်တော်၏ရုပ်ကလပ်ရှေ့တွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ဖြင့် ဟောကြားရင်း ဦးဇင်းမှာ တရားကို ရှေ့ဆက် မဟောနိုင်၊ အသံတွေတုန်ယင်လာသည်။ ခါတိုင်းတရားနဲ့ဖြေဖို့ ပရိတ်သတ်ကြီးကို ဟောကြားခဲ့သော ဦးဇင်း ယခုတော့ ဦးဇင်းကိုယ်တိုင် မျက်ရည်ဖြိုင်ဖြိုင်ကျရင်း ပရိတ်သတ်ကြီးရှေ့ ငိုလေတော့ ပရိတ်သတ်ကြီးက တရားနဲ့ဖြေပါဦးဇင်းရယ်ဟု ပြန်နှစ်သိမ့်ခဲ့ရသည်။

ပုံပြင်လေးကဒါပါပဲ.....
ဒါကိုဖတ်ခြင်းအားဖြင့် လူအများက ရယ်စရာလို့ထင်ကောင်း ထင်နေပါလိမ့်မယ်။
မိတ်ဆွေရော ဘယ်လိုယူဆပါသလဲ????????????????????
သင့်အယူအဆလေး သိပါရစေ။

Tuesday, September 09, 2008

ကိုယ့်ဟာကိုယ် ပြန်တက် လိုက်ခြင်း

1
ဘယ်သူမှ ကိုယ့်ကို မtagခင် ကိုယ့်ဟာကိုယ် tag တာ။ တော်ကြာ ကိုယ်မဖြေနိုင်တာတွေ လာမေးမှာစိုးလို့ရယ်၊
သူများတွေ tagထားတာကို အားကျလို့ပါ။

ကျွန်တော့် နာမည်............. အိမ်
မိတ်ဆွေတွေက ဒီလိုခေါ်တယ်...... မြွေပွေး(ပြသာနာရှာလွန်းလို့)

နေတာက........ ကမ္ဘာပေါ်မှာ အတိအကျဆိုရင် မြေကြီးပေါ်မှာ
အကြိုက်ဆုံးတွေက....... အသုံးဝင်တာမှန်သမျှ
အရောင်ဆိုရင်........ခပ်မှိန်မှိန်ဖြစ်တဲ့ ဒီလိုအရောင်မျိုးလေးတွေကို ကြိုက်တယ်
အ၀တ်အစားက....... တွေ့တာကောက်ဝတ်လိုက်တာပဲ
အစားအစာကတော့....... အဆိပ်မဖြစ်ရင်ပြီးရော
ပစ္စည်းကလား....... အကောင်းစားမှသုံးတာ (ဥပမာ။ ။လမ်းဘေးရောင်းတဲ့ ဈေးပေါပေါအ၀တ်မှ သုံးတာ)
သီချင်းဆို....... မြန်မာသီချင်းပဲ နားထောင်တယ် တခြားဟာတွေ နားမလည်လို့ (ဒါတောင် တချို့မြန်မာသီချင်းတွေ နားမလည်ပါ)
ရုပ်ရှင်ဆို..... သရဲကားတို့၊ စစ်ကားတို့၊ သတ်တာဖြတ်တာများများပါတဲ့ ကားကို ကြိုက်တယ်။
စာအုပ်ကတော့...... သူများအတင်းအဖျင်း တွေ ရေးတဲ့စာအုပ်ကလွဲလို့
ကိုယ်အချစ်ဆုံးက...... ၅၂၈နဲ့ ချစ်ရတဲ့ မိဘ (သူတို့ပဲ ကိုယ့်ဒုက္ခကို ခံနိုင်တာ)
ကိုယ်အမုန်းဆုံးသူက...... ကိုယ့်အကြောင်းမကောင်းပြောတဲ့သူ (ကိုယ်တိုင်ပဲပြောချင်တာ)
အကြောက်ဆုံးအချိန်...... င်္သချိုင်းထဲ ညဘက် တယောက်ထဲ ဖြတ်လျှောက်ရချိန် (တခါမှတော့ မလျှောက်ဖူးပါ)
ရင်အခုန်ဆုံးအချိန်....... အိမ်သာတက်ချင်တဲ့ အချိန် တခြားလူအထဲမှာ ရှိလို့ အပြင်ကနေ ဘယ်အချိန်သူထွက်လာမလဲ စောင့်စားရတဲ့အချိန်
အပျော်ဆုံးအချိန်....... စောင့်နေသောသူ အပြင်ထွက်လာချိန်
အလိုချင်ဆုံးဆု...... လိုတရ ဖြစ်ချင်တယ်
အမှတ်တရနေ့..... မိဘကို ကိုယ့်ရဲ့ ပထမဦးဆုံး လစာနဲ့ ကန်တော့တဲ့နေ့ (နောက်နေ့ကျတော့ ပြန်ယူသုံးတယ်)
အချစ်ဆိုတာ ....... သူတော်စဉ်၊ သူတော်ကောင်းများအတွက် ပူလောင်သော အရာ
အမုန်းဆိုတာ....... အတူတူပဲ
သံယောဇဉ်ဆိုတာ....... ဒါလည်းအတူတူပဲ
သူငယ်ချင်းဆိုတာ..... မပေါင်းလည်းခက် ပေါင်းလည်းခက် (တချို့ ပြသာနာရှာလွန်းလို့)
ဘ၀ဆိုတာ...... ပျော်ရွှင်စရာ ကောင်းသလို၊ စိတ်ပျက်ဖို့လဲကောင်းတယ်။
ချစ်သူဆိုတာ ..... မမုန်းသရွေ့ သူမရှိရင် မနေတတ်သလိုပါပဲ။
ကိုယ့်ကိုကိုယ် ဒီလိုထင်တယ်..... သုံးစားမရတဲ့သူ
အပြောချင်ဆုံး စကားက...... ကျွန်တော့်လို မဖြစ်အောင် ကြိုးစားပါ။




ကျေးဇူး

0
ကျေးဇူးရှင်ကို ကျေးဇူးသိတတ်ခြင်းဟာ မင်္ဂလာ တစ်ပါးပါ။ အထူးသဖြင့် မြန်မာတို့ရဲ့ အစဉ်အလာ ကြီးမားသော ရိုးရာ ဓလေ့လည်းဖြစ်ပါတယ်။

ကျေးဇူးရှင်ကို ကျေးစွပ်မိလျှင် ယခုဘ၀သာမက နောင်ဘ၀များတွင်ပါ အကုသိုလ် အကျိုးခံစား ရလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ထို့အတူပါပဲ ကျေးဇူရှင်ကို ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးရှင်၏သစ္စာကို စောင့်သိခြင်းဖြင့် ယခုဘ၀တွင်မက နောင်ဘ၀များအထိကုသိုလ် အကျိုးခံစားရလိမ့်မည်ဟုလည်း ယုံကြည်ထားကြပါတယ်။
သို့သော် တချို့သော လူများသည် တခါလောက် (သို့မဟုတ်) နှစ်ခါ၊ သုံးခါ ကူညီဘူးရုံနှင့် ဒီတသက် ကျေးဇူးဆပ်၍ မကုန်သော အနန္တဂိုဏ်းဝင် ဖြစ်ချင်ကြပါတယ်။
ဤသို့သောလူများကို မိတ်ဆွေ မည်သို့ထင်ပါသလဲ??????????????


Monday, September 08, 2008

သင်ဟာ သုည လား ၀လုံးလား

2
ကြည့်လိုက်ရင် အပြင်ပန်းကြည့်ရင် တူညီသလို ထင်ရပေမဲ့ တန်းဖိုးအရ ကွားခြားနေတယ် ဆိုတာ သတိထားမိပါသလား မိတ်ဆွေ။
ဝလုံး သည် သူ့နဂိုအားဖြင့် တန်ဖိုးရှိနှင့်ပြီးဖြစ်သည်။

ဝ မရှိပဲ ၀ိ လုပ်၍ မရဟူသော စကားပုံလဲရှိ ပြီး၊ ၀လင်ခြင်း၊ ၀ဖီးခြင်း၊ သာဟာဝပြောခြင်း စသဖြင့် အနက်အဓိပ္ပာယ်လည်းရှိပါတယ်။ ပြောရလျှင် ၀လုံးသည် တစ်ကိုယ်တည်း ရပ်တည်နိုင်သော စွမ်းရည်၊ ဂုဏ်သတ္တိရှိပါသည်။
တို့အတူ သူနှင့်ပေါင်းဖက်ကြသူများမှာလဲ ၀လုံး၏စွမ်းရည်ကြောင့် ဂုဏ်တက်ကြရပါတယ်။ ဥပမာ။ ။ ၀၀လင်လင်၊ ပြည့်ပြည့်၀၀၊ ၀၀ဖြိုးဖြိုး စသည်တို့ဖြစ်ပါတယ်။

သုညကျတော့ ထိုသို့မဟုတ်၊ သုညသည် ထီးထီးနေ၍မရ။ ထီးထီးနေလျှင် သူ့တွင်ဘာမှတန်ဖိုးမရှိ သုညသာဖြစ်သည်။ တန်းဖိုးအားဖြင့်လည်း ဗလာသာဖြစ်သည်။
အများနှင့်ပေါင်းသင်း သည့်အခါတွင် အပေါင်းခံရသူ၏ဂုဏ်ကို ပိုမိုတက်စေနိုင်သလို၊ လုံးဝကျဆင်းအောင်လည်း လုပ်ဆောင်နိုင်ပါသည်။
ထို့ကြောင့် သုညကို နေရာပေးတတ်ဖို့လိုပါတယ်။ အပေါင်းအသင်းများဟာ သူ့ကိုရှေ့မှာ ထားမလား နောက်မှာထားမလား။
မိတ်ဆွေ သင်ရော သုည ကိုဘယ်နေရာမှာ ထားချင်ပါသလဲ။
သင်၏ရှေ့မှာလား နောက်မှာလား။ စဉ်းစားပြီးပြောပါ။ ပြီးရင် အောက်က စာကို ဆက်ဖတ်ပါ။အဖြေကရှင်းပါတယ်။





နောက်မှာထားမှာပေါ့...ဒါမှ မိမိရဲ့ ဂုဏ်သတ္တိ ပိုပေါ်မှာပေါ့.... မရှင်းဘူးလား... ဥပမာဗျာ။ ။ သင်က ၁(တစ်) ဆိုပါစို့ သင် သုညနဲ့ ပေါင်းရတော့မယ်၊ သုညကိုရှေ့မှာထားရင်း မိမိရှိရင်းထက် နှစ်ဆကျသွားမယ် နောက်မှာဆို ၉ဆတက်လာမယ်။
ကဲ မိတ်ဆွေ ၀၁လုပ်မှာလား ၁၀ လုပ်မှာလား။
ကျွန်တော်ဆို ၀၁ပဲရွေးမှာ ဘာလို့လဲ သိလား......... ကိုယ်တိုင်က သုည ဖြစ်နေလို့

ကျွန်တော် ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း ၁

2
ကျွန်တော်နှင့် စာသင်ခန်း

စာသင်ခန်းနှင့် ကျွန်တော် ကွဲကွာခဲ့တာ နှစ်ပေါင်း ၁၀ ကျော်ပါပြီ။
ငယ်စဉ်ကတော့ ကျွန်တော်ဆိုတဲ့ကောင်ဟာ စာသင်ရ ခက်တဲ့ သတ္တ၀ါလေး အဖြစ် ဆရာ၊ဆရာမတွေရဲ့ သတ်မှတ်ခြင်း ခံရသူပါ။ စာအရမ်းညံ့လို့လား မေးရင် မဟုတ်ပြန်ဘူး၊ စာကိုစိတ်မ၀င်စားတာပါ။

မူလတန်းစတက် ကတည်းက ကျွန်တော့် အဆင့်က ၃၀ထက် မကျော်ခဲ့ပါဘူး။ အဲ..ကျွန်တော်နောက်မှာ ၁၀၊ ၁၅ယောက်တော့ ကျန်သေးတာပေါ့လေ။ သချာင်္ နဲ့ အင်္ဂလိပ် ကတော့ စပါယ်ရှယ်ညံ့ပါတယ်။ စာသင်ခဲ့တဲ့ သက်တမ်း တလျှောက် ၅၀မှတ် ရဖူးတာတခါမှ မရှိခဲ့ဘူးပါ။ မှတ်မှတ်ရရ တခါတော့ရဖူးပါတယ် ၅တန်းတုံးကထင်တာပဲ အင်္ဂလိပ်စာ ၄၈မှတ်ရလို့ ကျွန်တော်မှာ ဘ၀င်တမြင့်မြင့်နဲ့ တယ်တော်တဲ့ ငါပါလားလို့
ကိုယ့်ဟာ ကိုယ် ချီးကြူးဖူးပါတယ်။

တခါလေတော့လဲ ငါ သချာင်္ညံ့ခဲ့လို့ လောင်းကစားသမား မဖြစ်တာ၊ ဖဲသမားမဖြစ်တာ ဆိုပြီး ကြံဖန် ဂုဏ်ယူမိပါသေးတယ်။
တစ်လမှာ တစ်ခါလောက် အနည်းဆုံး မိဘအခေါ်ခံရပါသေးတယ်။ ဘာအပြစ်ရှိလို့လဲ မေးရင် ဘာမှမပြစ်မလုပ်ပါဘူး စာမရတာလားမေးရင် သူလိုငါလိုပါပဲ(ကိုယ်ထက်ညံ့တဲ့ လူနဲ့ယဉ်ရင်ပြောတာပါ)
ဒါဆိုဘာလို့လဲမေးရင် ...ဟုတ်ကဲ့ မထုံတထေး နဲ့ အူကြောင်ကြောင်နိုင်လို့ပါ။
ဆရာ၊ဆရာမ တိုင်းက ကျွန်တော့်ဆို ဆလံသပါတယ်။ကျောင်းတစ်နှစ်ပြီးဆုံးလို့ နောက်တစ်နှစ်ရောက်ပြီဆို ဆရာ၊ ဆရာမတွေခမျာ ကျွန်တော့်အတွက်နဲ့ ရန်ဖြစ်တတ်ကြပါတယ်။ အကြောင်းကတော့ ဒီအတန်းပိုင်က မခေါ်ချင်၊ ဟိုအတန်းပိုင်က မခေါ်ချင်နဲ့ တစ်ယောက်နဲ့တစ်ယောက် ဘောလီဘော ပုတ်နေကြတာပါ။
နောက်ဆုံးတော့လဲ ကျွန်တော်ဆိုတဲ့ ဗြဟ္မာဦးခေါင်း ကိုတစ်ယောက်မဟုတ် တစ်ယောက်ကို ပိုက်ကြရတာပါပဲ။
ကျွန်တော် ကျောင်းသားဘ၀မှာ ကောင်းကွက်ဆိုလို့ ဆရာ၊ ဆရာမတိုင်းကို ရိုရိုသေသေ ဆက်ဆံခဲ့တာပါပဲ။
သူတို့ ဘယ်လောက်ရိုက်ရိုက်၊ ဘယ်လောက်ဆူဆူ ငေါင်းငုံ့ခံခဲ့ပါတယ်(ပြန်မပြော နားမထောင်ပေါ့ဗျာ)
ဆရာ၊ဆရာမတိုင်းက မှတ်ချက်ပေးတယ် ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်းဘူးဆိုပြီး။
လူတစ်ယောက်ရဲ့ ကံကြမ္မာများ ထူးဆန်းလိုက်တာ....
ဆရာ၊ဆရာမတိုင်း မှတ်ချက်ပေးခံခဲ့ရတဲ့ ကျွန်တော် အခုတော့ နိုင်ငံရပ်ခြားမှာ ဘိုလို တရွှီရွှီ မှုတ်ပြီး အက္ခရာပေါင်း များစွာကို ပေါင်းနှုတ်၊ မြှောက်၊ စား လုပ်ပြီး ပန်းမြိုင်လည်က ဥယာဉ်မှုးကြီးဖြစ်နေပါရောလား။
အခုချိန်မှာ ကျွန်တော့် ဆရာ၊ ဆရာမတွေများ ပြန်တွေ့ရင် ဘယ်လိုများ မှတ်ချက်ပေးဦးမလဲ မသိဘူး။
အံ့သြ ၀မ်းသာဖြစ်နေကြမှာတော့ အသေအချာပါပဲ။
စာသင်ခန်းထဲမှ ဆရာ၊ဆရာမ များကို ဂါဝရထားလျက်

Sunday, September 07, 2008

အချိန် time

1
အချိန်က လူကိုမစောင့်ဘူး။
ဒါလူတိုင်း သိတဲ့ စကားပါ။ ဒါပေမဲ့ ကျွန်တော် တမျိုးပြောင်းပြောကြည့်မယ်၊ ဟုတ်ကဲ့.."အချိန်က လူကိုစောင့်ပါတယ်" ကျွန်တော့်စကားကို အားလုံး ရယ်ကြပါလိမ့်မယ်၊ ပေါက်ကရပြောတယ်လို့လည်း ဆိုကြပါလိမ့်မယ်။ ကျွန်တော် မှန်တာပြောတာပါ။ အချိန်က လူကိုစောင့်ပါတယ်။

မယုံသေးဘူးလား ဒါဆို ဥပမာ တစ်ခုပြောပြပါ့မယ်၊ ပြီးရင် ကျွန်တော်ပြောတာ ဟုတ်မဟုတ် ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ် ပြီး comments မှာ ကျွန်တော်ပြောတာ မှန် မမှန်ကို ရေးသားပေးသွားကြပါ။
ကဲ စလိုက်ကြစို့ဗျာ............ခင်းဗျား အသက်သုံးဆယ် အရွယ်ရောက်ဖို့ နှစ်ပေါင်းသုံးဆယ် မစောင့်ခဲ့ရဘူးလား။
တစ်နာရီအတွင်း ခင်ဗျား အသက် တစ်နှစ်ကြီးချင်လို့ မရပါဘူး။ အသက်တစ်နှစ်ကြီးဖို့ အတွက် အချိန်က ခင်ဗျားကို တစ်နှစ်တိတိ စောင့်ကြည့်နေပါတယ်။
ဒါကြောင့် ကျွန်တော်ပြောတာပေါ့ အချိန်က လူကို စောင့်ပါတယ်လို့။
ရှင်းရဲ့လား....နောက်တခုဗျာ အားလုံး ဒီစာ ဖတ်နေချိန် နာရီကိုကြည့်လိုက်ပါ။ နောက် ၅မိနစ်ကြာဖို့ အချိန်က ခင်ဗျားကို စောင့်ကြည့်နေပါတယ်။
တကယ်မစောင့် အချိန်မဟုတ်ဘူး ကိုယ့်ရဲ့ လုပ်ဆောင်ချက်ပါပဲ။ ဒါကြောင့်အခုချက်ချင်း ထလုပ်လိုက်ပါ။ အချိန်က ခင်ဗျားတို့ကို အနှစ် ၂၀၊ ၃၀၊ ၄၀၊ စောင့်ပေးခဲ့ပြီးပြီ။ အလုပ်လုပ်ဖို့ ကျွန်တော်တို့ တာဝန်ပဲ ကျန်တော့တယ်။
အချိန်နှောင်းသွားပြီ ဆိုတာ မပြောနဲ့ အချိန်က ကျွန်တော်တို့ သေတဲ့ အထိ ကျွန်တော်တို့ အကြောင်းပြောနေဦးမှာပါ။
တချို့ကလဲ ဆင်ခြေပေါ့ ပညာမှ မပြည့်စုံတာ၊ လုပ်မှမလုပ်တတ်သေးတာ၊ ဘာလုပ်ရမှာလဲ ၊ အရင်းအနှီးမှမရှိတာ စသည်ဖြင့်ပေါ့၊ ကျွန်တော်ပြောပါ့မယ် သေလွန်ပြီးတဲ့ ကမ္ဘာကျော် ဂီတပညာရှင် ဗီသိုမင်တို့ မိုးဇက်တို့ ၊အမေရိကန် သမ္မတ လင်ကွန်းတို့ကို ပြန်နှိုးပြီးမေးလို့ရရင်မေးပေးချင်တယ် ။
(ခင်ဗျားတို့ သေတဲ့အထိ ပညာပြည့်စုံသွားရဲ့လား) (ပညာပြည့်စုံသွားလို့ သေပစ်လိုက်ကြတာလား)
သူတို့ရဲ့ အဖြေက ကျွန်တော်တို့ မပြည့်စုံသွားပါဘူး..... ဒါဆို ဘာလို့သေလွန်ကုန်ကြတာလဲ....
အချိန်တန်သွားလို့ပါ........
ဒါပါပဲ ...ဘယ်သူမှ သေသည်အထိ ပညာရည် ပြည့်စုံသွားတဲ့ လူမျိုး မရှိပါဘူး။
ဒီလိုပါပဲ ကျွန်တော်တို့ အလုပ်လုပ်နေကြပါတယ်။ ပညာပြည့်စုံလို့လုပ်တာလား....မဟုတ်ပါဘူး။
ကြိုက်တဲ့လူကို လိုက်မေးပါ ပညာပြည့်စုံသွားပါပြီဆိုတဲ့ သူတစ်ယောက်မှ မရှိပါဘူး။
အဓိက ကတော့ လူတိုင်းဟာ ကိုယ်တတ်သလောက်နဲ့ ကိုယ်လုပ်နေကြတာပါပဲ။ အလုပ်အတွက် ပညာရည်ပြည့်ဝဖို့ လိုတယ်ဆိုတဲ့ အယူအဆထက် လုပ်ရင်းသင်သွားပါ ဆိုတာကို ကျွန်တော်ကတော့ ပညာမတတ်လို့လားတော့ မသိဘူး ဒီအယူအဆ ကိုပိုကြိုက်ပါတယ်။ ကျွန်တော်ကတော့ အားလုံးကို အလုပ်လုပ်စေချင်ပါတယ် လုပ်ရင်း သင်ရင်း ဘ၀မှာ တိုးတက်စရာ အများကြီးပါ။ ပညာမတတ်ပဲ ချမ်းသာသွားကြတဲ့ လူတွေလဲ တွေအများကြီးပါ။
ကဲ.........အခုချိန်ကစပြီးနာရီကိုကြည့်လိုက်ပါ အချိန်က ခင်ဗျားတို့ကို စောင့်ကြည့်နေပါပြီ။
ကျွန်တော်တို့ မတ်တပ်ထရပ် ပြီး လိုက်ခဲ့ဖို့တော့လိုပါတယ်။
ဆောရီးဗျာ......ကျွန်တော်ပြောတာ ဆုံးမသံ ပါသွားရင် ခွင့်လွှတ်ပါ။ ကျွန်တော့်အရွယ်၊ ကျွန်တော့် အတွေ့အကြုံ၊ ကျွန်တော် နေပုံ၊ ထိုင်ပုံနဲ့ ဒီလို ဆုံးမစကား ပြောဖို့ မသင့်တော်ဘူးဆိုတာ သိပါတယ်။
ဒါပေမဲ့ ခင်ဗျားတို့မှာသာ ရည်မှန်းချက် တခုခု ရှိခဲ့ရင်...နာရီလက်တံလေးတွေ ရွေ့တိုင်း အဲဒီ နာရီထဲမှာ ခင်ဗျားတို့ ရည်မှန်းချက်ကလေးက လှလှပပလေးဖြစ်ပေါ်လာမှာ အသေအချာပါပဲ။