Friday, October 03, 2008

ကျွန်တော်ပြောပြချင်တဲ့ ကျွန်တော့် အကြောင်း ၅

18
အင်း.... ဆရာကြီးအိမ်ဆီကို အားကိုးတကြီး သင်တန်းတက်ဖို့ စာရင်းလာပေးတဲ့ သင်တန်းသူ/သင်တန်းသားအရေအတွက်ကို ကြည့်လိုက်တော့ မရေးတော့ဘူးလို့စဉ်းစားထားတာ အခုတော့ မရေးမဖြစ်ရေးရဦးမှာပေါ့။
တချို့ကတော့ထင်မှာပဲ အိမ်တို့များ အခွက်ပြောင်ချက်ကတော့ စတီးခွက်ဆီသုတ်ပြီး နေရောင်ထဲ ထားရင်တောင် သူ့အခွက်လောက်မပြောင်ဘူးလို့ ထင်ကြမှာပဲ။
မွေးကထဲက ရှက်ကြောနဲ့ ချက်ကြောမှားဖြတ်လာတဲ့ အကောင်ဆိုတော့ ဒီလောက်ကတော့ ဟွင်းဟွင်းဟွင်း လို့ရယ်ဖို့ ပျင်းတောင် ပျင်းသေးတယ်။
ကဲကဲ... ဒီတခါလဲ အတိုချုံးပဲရေးမယ် အချိန်ဟာ လူအတွက်တန်ဖိုးရှိတယ်မဟုတ်လား။
ကျွန်တော်ပြောပြချင်တဲ့ ကျွန်တော်အကြောင်း ၅ ကဒီလိုဗျ

တနေ့တော့ သူကြီး(ကပ္ပတိန်)ကအလုပ်တခုခေါ်ခိုင်းပါတယ်။ တစ်ယောက်ထဲတော့မဟုတ်ပါဘူး စကားပြန်ပါ ပါတယ်(မိုက်တယ်နော် အလုပ်လုပ်တာတောင် စကားပြန်နဲ့)အဲ...စကားပြန်လုပ်ပေးတာ ကိုရွှေမြန်မာပါ သူကတော့ ကျွန်တော်ကို
ပြောပြပြီး ပြန်သွားပါတယ်။
ပြဿာနာက ဖြစ်ချင်တော့ မနေ့ညကပဲ ၀မ်းနှုတ်ဆေးစားထာမိတယ်။ (၀မ်းနှုတ်ဆေးဆိုလို့ပြောရဦးမယ်၊ ကျွန်တော်က ၀မ်းနှုတ်ဆေးစားရင် သာမန်လူစားတာထက် ပိုစားရပါတယ် ၀မ်းအရမ်းခိုင်လို့ပါ)
ဝမ်းနှုတ်ဆေးစားတာကလဲ လူချောဖြစ်ချင်လို့ပါ ဟုတ်တယ်လေ အဲဒီတုန်းက အသက်က ၂၀လားပဲရှိသေးတာ သားလဲလှချင်တာပေါ့ :D (ရုပ်ကကြည့်တော့ နှစ်ပြားမတန်ဘူး ချောချင်လှချင်တာက စက်စက်ယိုနေတာလေ)

ကံက ဆိုးချင်တော့ အလုပ်လုပ်ရင်း ပါတော်မူခန်းကသွားချင်လာတယ်။ အဲဒီနေ့ကျမှ ကိုယ့်ဆရာ(သူကြီး)ကလဲ အနားကကိုမခွာပဲ အတူရှိနေတော့ ကျွန်တော့်မှာ လစ်လို့မရဘူးဖြစ်နေတယ်။ နောက်ဆုံး မရတော့တာနဲ့ သူ့ခွင့်တောင်းပြီးသွားမယ်ဆိုပြီး ပြောလိုက်တာက

"sir i want to go heavy"
"အိမ် ဘာပြောတာလဲ ငါနားမည်ဘူး"
သူကသာနားမလည်တာ ကိုယ့်မှာ ဇောချွေးက ဇီးကင်းလောက်ရှိပြီ ဒါနဲ့ နောက်တမျိုးပြောကြည့်လိုက်တယ်
"i want bombing"
"အိမ်မင်းစကားငါနားထောင်မဲ့အစားသေလိုက်ရင်ကောင်းမယ်ထင်တယ်"
ကျွန်တော်က ထပ်ပြီး သူနားလည်အောင် လေယာဉ်ဗုံးကျဲတဲ့ ပုံစံလေးလုပ်ပြီး ပါးစပ်ကလဲ
"ဒီမှာကြည့် ဒီမှာကြည့်.. ဝေါဝေါ.... ရွှီး.. ရွှီး... ၀ုန်း ဆိုပြီးလုပ်ပြတယ်။
ကိုယ့်ဆရာလဲနောက်ဆုံး ကိုရွှေမြန်မာကိုခေါ်ပြီး မင်းကောင်ကိုမေးစမ်း ဘာပြောချင်တာလဲ၊ ဘာကိုဆိုလိုတာလဲ ဆိုတော့
ကိုရွှေမြန်မာကမေးတော့ ကျွန်တော် အိမ်သာသွားချင်လို့ပါ ဆိုတော့ သူကြီးခမျာ သူ့နဖူးသူရိုက်ပြီး မင်းနှယ်ကွာ အိမ်သာသွားချင်တာများ i want to go toiled လို့ပြောလဲရပါတယ် လို့ပြောပြီးသွားခိုင်းလိုက်ပါတယ်။
ပါတော်မူခန်းက ပြန်လာတော့ ကိုရွှေမြန်မာက မေးပါတယ် မင်းဘာ အထာနဲ့ အဲဒါတွေသွားပြောတာလဲ????
ကျွန်တော်က .... ဒီလိုလေဗျာ သူကကိုယ့်ထက် အသက်လဲကြီးတယ်၊ ရာထူးလဲကြီးတယ်ဆိုတော့ ရိုသေလေးစားတဲ့ အနေနဲ့
ယဉ်ယဉ်ကျေးကျေး စကားသုံးတာလေ၊ ကျွန်တော်တို့မြန်မာတွေ ဘယ်လောက်ယဉ်ကျေးကြောင်း ဆိုတာပါပြချင်လို့ပါ
(ကြည့်... ပြောပုံနော် မသိရင်သူ့ကိုပဲ လေးစားရတော့ မလိုလို) :D
အကိုစဉ်းစားကြည့်လေ မြန်မာပြည်မှာ ဆိုရင် လူကြီးသူမရှေ့၊ အရာရှိကြီးတွေရှေ့မှာ ဒီလိုပဲ အပေါ့သွားချင်လို့၊ အလေးသွားချင်လို့ စသဖြင့် သုံးကြတာလေဗျာ။
အဲဒီတော့မှ ကိုရွှေမြန်မာက မင်းနဲ့ ဆက်ပေါင်းနေရင် ငါရှုးရင်ရှုး၊ မရှုးရင်၊ ငါပင်လယ်ထဲခုန်ချပြီးသတ်သေမိတော့မယ်ထင်ပါရဲ့။
ဒါနဲ့နေပါဦး လေယာဉ်ပျံပုံစံလုပ်ပြီးဗုံးကျဲပြတာက???????
ဒါကဟိုလေ ကျွန်တော်တို့အိမ်သာသွားရင် လေယာဉ်ဗုံးကျဲသလိုပဲလေ၊ ဆိုပါစို့ အောက်က အသံတိတ်ထွက်သွားလဲ အပေါ်ပါးစပ်က အင်း၊အီးဆိုပြီးအသံထွက်ရတယ်လေဗျာ အဲဒါကိုသူနားမလည်တာတော့ တတ်နိုင်ဘူး(အောင်မယ်.. ကိုယ်ကတောင်သူကြီးကို ဒေါဖောင်းလိုက်သေးတာနော်)
မင်းနဲ့ ခက်တော့ ခက်နေပြီကွာလို့ ငြီးပြီး သူကြီးကို သွားရှင်းပြပါတယ်။
နောက်တော့ သူကြီးက ကျွန်တော့်ကိုခေါ်ပြီး မင်းငါ့ကို အဲဒီလောက်အထိမရိုသေပါနဲ့ကွာ ပုံမှန်သာဆက်ဆံပါနော် ငါတောင်းပန်ပါတယ်နော် ငါ့မှမဟုတ်ဘူး ဒီသင်္ဘောကလူအားလုံးကိုပါပုံမှန်ဆက်ဆံပါနော် မင်းလုပ်တာနဲ့ ကြာရင် အားလုံးရှုးကုန်ပါ့မယ်ကွာ(ကြည့်စမ်း သူကြီးတောင် ပြန်တောင်းပန်တဲ့အဆင့်နော် အချဉ်မထင်နဲ့)
အဲဒီနောက်တော့ အိမ်ဆိုတဲ့ နာမည်ပျောက်ပြီး မစ္စတာဟဲဗီး၊ မစ္စတာ ဝေါရွှီးဝုန်း၊မစ္စတာဗုန်း၊ ဆိုပြီး
နာမည်ပေးကင်ပွန်းတပ်ပွဲကို အခမ်းအနား၊ အကျွေးအမွေးမပါပဲ ကျင်းပခဲ့ရပါကြောင်း။


Wednesday, October 01, 2008

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၎

20
ကဲ ၄ အကြောင်းစလိုက်ရအောင်
ဒီလိုဗျ ကျွန်တော်က သင်္ဘောသားကို ၈တန်းအောင်၉တန်းမှာထဲက စလုပ်တာ ဆိုလိုတာက စာရွက်စာတမ်းတွေနဲ့ပဲလုပ်တာပါ လူကတော့ကျောင်းတက်ဆဲပေါ့။
ဒီလိုနဲ့ ၁၀တန်းဒုတိယနှစ်အရောက် မှာကိုရွှေယောက်ဖက လှမ်းခေါ်တယ် လာမလားဒီမှာလူလိုတယ်ဆိုတော့ အဖေက ကိုယ့်ဟာကိုယ်စဉ်းစား လို့ပြောပါတယ်.....
ထားပါဒါတွေပြောနေရင်လိုရင်းမရောက်ပဲနေမယ် ဖတ်ရတဲ့သူလဲ စိတ်မရှည်ပဲနေဦးမယ်။

သင်္ဘောလိုက်ဖြစ်ရောဆိုပါစို့ ... လိုက်ဖြစ်တော့ ကိုယ့်မှာ ဘာမှ မပြင်ဆင်ခဲ့ မသင်ကြားခဲ့ဘူး။
အဲဒီမှာစတွေ့တာပါပဲ စဖြစ်တာက ဘန်ကောက်မှာပါ ကိုယ်ဘယ်ဂိတ်က စီးရမှန်းမသိလို့ ထန်းခေါက်ဖာကြီး တကားကားနဲ့ လေဆိပ်ထဲမှာတိုင်ပတ်ခဲ့ဖူးပါတယ်။ ဘယ်လောက်ထိလဲဆို နောက်ဆုံး လေဆိပ်ထဲ မောင်းတဲ့ကားနဲ့ လေဆိပ်ဝန်းထမ်းလိုက်ပို့ရတဲ့ အခြေအနေထိကိုရောက်ပါတယ်။ ဘာလို့လဲဆိုတော့ လေယာဉ်ပေါ်တက်ဖို့ ကိုယ်တစ်ယောက်ထဲ ကျန်တော့လို့ပါ။
ဒီလိုနဲ့ ရောက်ရောဆိုပါစို့ ပထမတော့ ကိုရွှေယောက်ဖရှိတော့ အဆင်ပြေတယ်ပေါ့နော်
နောက်တော့ ကိုယ့်ဆရာက ဒီမှာလူလိုတယ်လာမလားဆိုတာ သူ့နေရာဖြစ်သွားရောဗျာ။
ကံများနော် ဆိုးချင်တော့ပြောပါတယ်။ အဲကံကောင်းတာက ရွှေနှစ်ယောက်တော့ ကျန်သေးတယ်ပေါဗျာ။
အဲတနေ့တော့ အလုပ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားသား အလုပ်သမားနဲ့အဆင်မပြေဖြစ်ပါတယ်။
ဆိပ်ကမ်းက အလုပ်သမားပါ။ ကိုယ်က ဒီလောက် အင်တာနေရှင်နယ်လန်းဂွေ့နဲ့ ပြောနေတာနားမလည်ဘူးဗျာ။
(ခြေဟန်လက်ဟန်ဖြင့်ပြောချင်းကိုဆိုလိုပါသည်) :D
အဲဒီမှာ ကျွန်တော်ကလဲ စိတ်ညစ်လာပြီ ဗိုက်ကလဲ ဆာလာပြီ မဆာနေမလား အချိန်က ၂နာရီကျော်ပြီလေ။
ဒီကောင်လဲ တင်းနေပြီပေါ့ ပြီးရမဲ့ဟာ မပြီးလို့
အလုပ်လဲပြီးရော အဲဒီအလုပ်သမားက မျက်နှာပြုံးပြုံးလုပ်ပြီး f--k you လို့ပြောပါရော
ကျွန်တော့်စိတ်ထဲ ထင်လိုက်တာက fat က ၀သည် you က မင်း .. မင်းဝတယ်ဆိုပြီး ကိုယ့်ဟာကိုယ် ဘာသာပြန်လိုက်ပြီး ပြန်တောင်ပြောလိုက်သေးတယ် i'm not fat but i'm hungry. စဉ်းစားသာကြည့်ပါတော့
(တော်ချက်က လန်ထွက်နေတာ ဒါတောင်ရန်ကုန်မှာ သင်တန်းပြန်ဖွင့်ပြီး ဆရာလုပ်ခိုင်းတဲ့သူက ရှိသေး)
:D အဲဒါဘယ်တော့မှ သိလဲဆိုတော့ ထမင်းဝိုင်းမှာ ထမင်းစာရင်း ပြောမှသိရတယ် ဟိုရွှေနှစ်ယောက်ဆိုတာ ထမင်းတောင်သီးသဗျ။
အဲဒီအချိန်ကျတော့ ဘာမှလုပ်လို့မရတော့ဘူး သင်္ဘောက ပင်လယ်ထဲရောက်နေပြီလေ။
ဖြစ်ပုံများ ကိုယ့်ကိုဆဲသွားတာတောင် မ၀ဘူးဆာတယ်သွားပြောရတယ်လို့ အိမ်တို့များဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပဲ လို့ပြောရမလိုပါပဲ။

အဲနောက်တခုကတော့ တစ်ရက် အရာရှိတွေ ထမင်းစားနေရင်း ကျွန်တော့်ကို အရေးတကြီး လှမ်းခေါ်ပါရော
ဖြစ်ချင်တော့ သူတို့ အနားမှာလဲ ကျွန်တော်ပဲရှိတော့ သွားရပါတယ်။
ရောက်တော့ တစ်ယောက်က ငါ့ကို ပန်အမြန်ဆုံးပေးပါဆိုပြီးတောင်းရော
မျက်စိထဲမှာ ဒယ်အိုးပဲ ပြေးမြင်တယ် ဘာလို့လဲဆိုနေတော့ အဲဒီအချိန်မှာ သူတို့တွေ စွတ်(ပဲဟင်း)သောက်နေလို့ပါ။ စိတ်ထဲထင်လိုက်တာက ပဲဟင်းမှောက်ကျလို့ အောက်က ခံဖို့ ဒယ်အိုးတောင်းတယ်လို့ပဲ ထင်ပြီး သွားပေးပါတယ်။ ပေးတော့ အားလုံးက ကြောင်ပြီး ဒါက ဘာလဲတဲ့ ကျနော်က ပန်လေ မင်းတောင်းတဲ့ပန်ဆိုပြီးတောင်းတဲ့သူကို လက်ညိုးထိုးပြောတော့ ဟငါတောင်းတာ စာရေးတဲ့ပန်ကွဆိုတော့ ကိုယ့်ဆရာတွေ ရယ်လိုက်ကြတာ အဲဒီတော့မှ ပဲဟင်းတကယ်မှောက်ပါတယ်။

နောက်တခါကတော့ လမ်းကြုံ ပိုက်ဆံအိတ်ယူခိုင်းလိုက်တာပါ။ တနေ့တော့ ကျွန်တော်အခန်းသွားခါနီးမှာ စက်၃(တတိယအင်ဂျင်နီယာ)က မင်းအခန်းသွားရင် ငါ့ဝေါလက်လေးပါ ငါ့အခန်းထဲကယူခဲ့ပေးပါ သော့ဒီမှာ ဆိုပြီးပေးလိုက်ပါတယ်။
ကိုယ်ကလဲ အိုကေပေါ့ လူရှေ့သူရှေ့ဆိုတော့ ငါသိပါတယ်ဆိုတဲ့ အထာနဲ့ ဝေါလက်ဆိုတာဘာလဲ ပြန်မမေးလိုက်ဘူး။ ကျွန်တော်လဲ တလမ်းလုံးစဉ်းစားသွားတယ် ... ဘာလဲဟဝေါလက် ဝေါဆိုတာ နံရံ လက် ကဘယ်ဘက် နံရံ ဘယ်ဘက်အခြမ်း ယူခိုင်းတယ်လို့ပဲ စိတ်ထဲ ထင်ပြီး ကိုယ်ကတောင် ဒီကောင်ဘာကြောင်တာလဲ ဒီနံရံကြီး ဘာလုပ်ဖို့လဲပေါ့ ဆိုပြီး တစ်ယောက်ထဲ ဟားနေတာ။
အံမယ်ကိုယ်ကတောင် ဒီကောင် စီးကြောင်(ပင်လယ်ထဲ အနေများရင်းရှုးသွားတာကိုဆိုလိုပါသည်) ကြောင်နေပြီဆိုပြီးတွေးမိလိုက်သေး။ :D
ဒါနဲ့ သူ့အိပ်ခန်းရဲ့ ဘယ်ဘက်နံရံသွားကြည့်ပြီး ကြိုးစားပြီးတောင် ဖြုတ်မိသေးတယ် မရတာနဲ့ သွားပြန်ပြောမယ်ဆိုပြီးထွက်လာတော့ ရွှေတစ်ယောက်နဲ့ လမ်းမှာတွေ့လို့ ဝေါလက်ဆိုတာ ပိုက်ဆံအိတ်မှန်းသိရပါတော့တယ်။

ကဲ ဆရာကြီးအိမ်ဆီမှာ အင်္ဂလိပ်စာ သင်ချင်တယ်ဆိုရင် မြန်မာပြည်မှာ မရှိသေးတဲ့ အွန်လိုင်းကျုရှင်မှာ တစ်လပြတ်သင်တန်း အခကြေးငွေမယူပါ မေတ္တာဖြင့် သင်ကြားပေးမှာပါ။


Monday, September 29, 2008

အဖြစ်က မနှစ်ကနဲ့ မတူ

6
မသဉ္စာ ရေးတဲ့ နားပါပေမဲ့ ကြားသာရဲ့လား ဆိုတဲ့ ပို့စ်လေးဖတ်ပြီး ကျွန်တော် ကြုံခဲ့ရတဲ့ အဖြစ်လေးကို သွားသတိရလိုက်ပါတယ်။ အမှန်တော့ဒါဟာ လူတစ်ဦးရဲ့ စိတ်ဝင်စားမှုပေါ်မူတည်တယ်လို့ ကျွန်တော်ယူဆပါတယ် ဥပမာဗျာ။ ။ ကျွန်တော်စိတ်မ၀င်စားတဲ့ အကြောင်းလာပြောလို့ကတော့ လော်စပီကာနဲ့ လာအော်လဲ ကြားလိုက်ပေမဲ့ နားမလည်လိုက်ဘူး ဘာကိုပြောသွားမှန်းကို မသိတာ။ အဲ.. ကျွန်တော်စိတ်ဝင်စားမဲ့ ကောင်းမလေးတွေအကြောင်းပြောလို့ကတော့ နားစိုက်ရုံတင်မကဘူး ပြောတဲ့သူကို မျက်လုံးနဲ့ပါ အားရပါးရပြူးကြည့်ပြစ်တာ ဆိုတော့ ပြောတဲ့သူကကြာတော့ သရိုးသရီဖြစ်ပြီး ဆက်မပြောရဲအောင်ဖြစ်သွားပါတယ်။
ဆိုတော့.. ခုနက စကားပြန်ဆက်ရရင် ကျွန်တော်ကြုံခဲ့ရတာ ဒီလိုဗျ

အတိုချုံးပဲပြောမယ်နော် စာရှည်မှာ စိုးလို့ ကျွန်တော်မှာ သူငယ်ချင်း တစ်ယောက်ရှိပါတယ် သူ့နာမည်က သော်ဇင် ပါ(ပါ မပါဘူးနော်) တရက်တော့ ကျွန်တော်တို့ လက်ဖက်ရည်သောက်ဖို့ ပိုက်ဆံမရှိလို့ သူ့အမေဆီ သွားတောင်းကြပါတယ်။
တောင်းတော့ သူ့အမေက နင့်အဖေဆီမှာတောင်းလို့ ပြောပါတယ်။ ခက်နေတာက ဒီကောင်က အဖေဆိုသေမလောက်ကြောက်တာ
ဒီတော့ မတောင်းရဲဘူးပေါ့ဗျာ အဲဒါနဲ့ ဒီကောင်က သားမတောင်းရဲဘူးအမေ ဘာညာနဲ့ သူ့အမေကို ကပ်ပြီး တောင်းပေးဖို့ပြောတာပေါ့ဗျာ သူ့အမေကလဲ ဘာမှမကြောက်နဲ့ ငါတောင်းခိုင်းလိုက်တာလို့ပြော နင့်အဖေ ငါ့ကို မလှန်ရဲပါဘူး
အဲဒီမှာ ကျွန်တော် ကတမျိုးနားလည်လိုက်ပြီး မနေနိုင်င်မထိုင်နိုင် ရှည်ပြီးသွားမေးမိပါတယ်။
မေးလိုက်ပုံက..... ဟမ်.. ဒါဆို ဦးလေးက အဒေါ့်ကို မလှန်ရဲဘူးဆိုတော့ ဒီကောင်က ဘယ်လိုမွေးလာတာလဲဟင်
............... အဲဒီနေ့က ကံကောင်းလို့ ဇာတ်မင်းသားစတိုင်မဖြစ်တာ(ခေါင်းပေါက်၍ပတ်တီးဖြင့်) လက်ဖက်ရည်လဲ မသောက်လိုက်ရပါဘူး။

အဲနောက်တခုကတော့ ကျွန်တော် သူငယ်ချင်းပါ အမှန်တော့ ဒီကောင်က ကျပ်မပြည့်ပါဘူး ဘယ်လိုပြောရမလဲ ပြားကိုးဆယ်လို့ ပြောရမလားပဲ၊ တခါတလေ ကျတော့ သူ့ရဲ့ အိုင်ဒီယာလေးတွေက ကျွန်တော်တို့တောင်မတွေးမိတာတွေပါ အရှုးက တမူးသားတယ်ပြောရမှာပေါ့။
ကျွန်တော် ပြီးခဲ့တဲ့နှစ်က ရန်ကုန်ပြန်တုန်းကပါ ဒီလိုဗျ တရက် ကျွန်တော် အခွန်ဆောင်ဖို့ ကိစ္စနဲ့ မြို့ထဲသွားတော့ သူပါလိုက်မယ်ဆိုလို့ နှစ်ယောက်သားသွားကြပါတယ်။ မြို့ထဲဆိုတာ သိတဲ့အတိုင်း အသိတစ်ယောက်မဟုတ် တစ်ယောက်က တွေ့ရပါတယ် ပိုဆိုးတာက ကျွန်တော်က ပြန်လာခါစဆိုတော့ တော်ရုံနဲ့ စကားစမပြတ်ဘူးပေါ့နော်။
အဲဒီမှာ ဘော်ဒါ တစ်ယောက်နဲ့ သွားတွေ့ပါတယ် သူလဲ သင်္ဘောသီးပါပဲ တွေ့တော့ ဟိုပြောဒီပြော နဲ့ပြောကြရင်း သူအိမ်ထောင်ကျသွားပြီ ဆိုတဲ့အကြောင်း ကျွန်တော့်ကိုရော ယူဖို့သင့်ပြီ ဘာညာပေါ့ တရားချတာပေါ့ဗျာ။
အဲကျွန်တော်ကလဲ ဖိန့်ဖိန့်လုပ်ပြီး ဟာကွာ တစ်ယောက်ထဲတောင် တိုင်ပတ်နေတာ နေပါစေပေါ့ အဲဒါဘော်ဒါက မင်းဒါတွေစဉ်းစားလို့ကယူဖြစ်မှာ မဟုတ်ဘူး ယူသာယူလိုက် ဖြစ်သွားလိမ့်မယ်သူ့ဟာသူ။
ငါ့ကိုကြည့် အခုဘယ်လောက်စိတ်ချမ်းသာလဲ အိမ်ပြန်ရောက်တာနဲ့ မိန်းမက ကို ပင်ပန်းလာလား ရေသောက်လိုက်ဦး အမောပြေ
ထမင်းက အစဉ်သင့်ပဲ ရေအရင်ချိုးမလား ထမင်းအရင်စားမလား ....... အောင်မလေး တနေ့လုံး ပင်ပန်းထားသမျှအမောကိုပြေရောပဲ သင်္ဘောတောင်ပြန်မလိုက်ချင်သေးဘူး ဟဲဟဲဟဲ ဆိုတော့ ဟိုအရှုးပြားကိုးဆယ်က ဘာပြောလိုက်တယ်မှတ်သလဲ ဟ ဒါဆိုအတော်ပဲ နောက်နေ့ကစပြီး ညနေဆို ခင်ဗျားအိမ်လာမယ် ဆိုပြီးပြောလိုက်လေရဲ့။
ဘော်ဒါဆိုတာ ဖေါင်းလိုက်တဲ့ ဒေါ ကျွန်တော်မှာ မနဲ တောင်းပန်လိုက်ရတာ ပါသမျှပိုက်ဆံကုန်ရော(ဘီယာလိုက်တိုက်ရလို့)
ဒါပါပဲ ဆိုတော့................ စကားတခွန်းကြောင့် ဒုက္ခရောက်နိုင်သလို လိုအင်ဆန္ဒလဲ ပြည့်သွားနိုင်ပါတယ်။
ဟုတ်ကဲ့ ဒါပါပဲ ပြီးပါပြီပေါ့နော်

ဖြစ်ကြောင်းရယ်ကုန်စဉ်

1
ကျွန်တော့်ရဲ့ ဘလော့လေးက ရေးရင်း ရေးရင်းဟာသဘက် ရောက်မှန်းမသိရောက်သွားတယ်ဗျ။
ဒါကလဲ လာလည်တဲ့ ဧည့်သည်တွေကို ကိုယ့်အိမ်လာရင် ပျော်ရွှင်စေချင်တယ်။
အိမ်ဆိုတဲ့ နာမည်နဲ့လိုက်အောင် နွေးထွေးခြင်း၊ သာယာအေးမြခြင်း၊ ပျော်ရွှင်ကြည်နှုးခြင်း စတဲ့ဂုဏ်ပုဒ်လေးတွေနဲ့ တူချင်တာပါ။
ပြီးတော့ ရယ်မောခြင်းက လူကိုအသက်ရှည်စေပါတယ်။ ရယ်မောပျော်ရွှင်စေဖို့ အကြော ဆယ့်ခုနှစ်ကြော လှုပ်ရတယ်လို့ ဖတ်မှတ်ဖူးပါတယ်။ အဲဒီ ဆယ့်ခုနှစ်ကြော လှုပ်ဖို့ဆိုတာကလဲ မလွယ်ပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ ဘလော့ကိုလာလည်ရင် အားလုံးကို ရယ်မောပျော်ရွှင်စေချင်တာ စေတနာပါ...
ဆိုတော့..... အဲဒီဆယ့်ခုနှစ်ကြော တစ်ချက်လေးလှုပ်လိုက်ရင်ကိုပဲ ဒီဘလော့ရေးရကျိုးနပ်ပါပြီ။
အားလုံး ဘ၀ကို ရယ်မောပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း

Sunday, September 28, 2008

ကျွန်တော် ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း၃

6
ကျွန်တော်နှင့် ယတြာ
ကျွန်တော် ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း ၂ ရဲ့ အဆက်လို့ ပြောလို့ရပါတယ်။
၂ရဲ့ အကျဉ်းချုပ်ကတော့ အမေပြောလွန်းလို့ ဗေဒင် သွားမေးတာ ဗေဒင်ဆရာကပဲ ပေါက်ကရဟောလိုက်သလား၊ ကိုယ့်ရဲ့ ဇာတာကပဲ တကယ်ကိုညံ့လို့လားတော့မသိဘူး၊ အသက်၆၀ကျော်မှ အိမ်ထောင်ကျမတဲ့ ကိုယ်ရဲ့အိမ်သူက ကိုယ့်ထက် ၅ နှစ်ကြီးမတဲ့ သားသမီးကလဲ ရပြီးသားဖြစ်နေမယ်တဲ့ ဒါပါပဲ။
ကျွန်တော် ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း ၃ ကတော့ ဒီလိုဗျ။

အမေက ပထမဗေဒင်ဆရာရဲ့ ဟောချက်ကို သိပ်မယုံတာနဲ့ ကျွန်တော်တို့ လမ်းထဲက ဗေဒင်ဆရာကိုထပ်မေးဖြစ်ပြန်ရော ဒီတခေါက်တော့ ကျွန်တော်မပါဘူး။ အမေသူ့ဟာသူသွားမေးတာပါ။
အဲဒီဗေဒင်ဆရာက ပြောရရင် ဟောစားတဲ့သူမဟုတ်ဘူး ကြုံရင်ကြုံသလိုတွက်ပေးတဲ့သူပါ။
အဲဒါ ဗေဒင်ဆရာ ဘာတွေဟောလိုက်၊ ပြောလိုက်သလဲ မသိဘူး၊ နောက်နေ့ကျတော့ ကျွန်တော်ကို အမေက သားတဲ့ မင်းမွေးနေ့မှာ ဘုရားသွားရမယ် ထုံးစံအတိုင်း ဘယ်အချိန်၊ ဘယ်နာရီ ပေါ့ဗျာ၊ ကျွန်တော်ကလဲ ပြီး.. ပြီးရော ဆိုပြီး ဟုတ်ကဲ့ပေါ့၊ ဒီလိုနဲ့ မွေးနေ့ကျတော့ အမေက သူဈေးက၀ယ်လာဗျာ အစုံပဲ ပန်းတွေရော၊ တံခွန်၊ ကုက္ကား၊ ရွှေချထားတဲ့ ဖယောင်းတိုင်၊ အစုံပေါ့ အဲဒါကိုပဲ လက်တပွေ့ရှိတယ်။

ပြီးတော့ ပုတီး.. ဒါကို ကျွန်တော်ပြောသေးတယ် ဘုရားမှာ အများကြီးပဲ မယူဘူးဆိုတာမရဘူး .. ဒါသိမ်ဝင်ထားတဲ့ပုတီးဘာညာနဲ့ ..... ပုတီးက သာမန်အရွယ်မဟုတ်ဘူး အလုံးကြီးကိုပေးတာ စဉ်းစားကြည့်
နောက်ဆုံး ပြောမရတာနဲ့ယူခဲ့ရပါတယ်။
အဲ ဘုရားသွားတော့ ကားငှားပြီးသွားရတယ် လိုင်ကားမစီးရဲဘူး၊ စဉ်းစားကြည့်လေ ပုတီးကြီးလည်ဆွဲ ၊ ပန်းတွေ ဘာတွေ ညာတွေက လက်ထဲမှာ မသိရင်ဘိုးတော်ပေါက်စ ပုံပေါက်နေမလားပဲ

ထားပါ.. .ဖြစ်ချင်တော့ လမ်းမှာ ဘော်ဒါနဲ့တွေ့လို့ သူနဲ့ကလဲ မတွေ့တာတော်တော်ကြာပြီ ဒါနဲ့အားရ၀မ်းသာဖြစ်ပြီး လမ်းတ၀က်ဆင်း စကားပြော ဘယ်တုန်းကပြန်ရောက်လဲ ဘယ်တော့ ပြန်သွားမှာလဲ (သင်္ဘောသားတို့တုံးစံပေါ့ဗျာ)လက်ဖက်ရည်သောက် စကားပြောနဲ့ လုံးလုံးကိုမေ့သွားတယ် ပြီးတော့ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုပြီး ဇယားချကြတာပေါ့၊ ပြီးတော့မှ ဘော်ဒါက မင်းဘယ်သွားမလို့လဲ ဆိုတော့မှ သတိရတယ်
ဘာဖြစ်သွားတယ်ထင်သလဲ ပစ္စည်းတွေက တက္ကစီပေါ်ပါသွားတယ်ဗျ၊ ဖြစ်ပုံများပြောပါတယ်၊
ဒါနဲ့ဘုရားကိုမသွားဖြစ်တော့ပါဘူး။

အိမ်ပြန်ရောက်တော့ အမေ မေးတော့ သွားတယ်ပေါ့ဗျာ။ နောက်တော့ ဟောလိုက်တဲ့ ဗေဒင်ဆရာကို လိုက်ရှာပြီးတော့ အကျိုးအကြောင်းပြောပြီး သူ့ကိုပဲ လုပ်ခိုင်းရတာပေါ့ (ကိုယ်တိုင်ကလဲ ဘုရားဆို သိပ်စိတ်မ၀င်စားဘူး အရက်ဆိုင်တို့ နိုက်ကလပ်တို့ဆို နှစ်ခါမပြောရဘူး ပြောတဲ့သူမောမှာစိုးလို့ :D )
အဲ စကားပုံထဲကလလိုပဲ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကကျားထက်ဆိုး ဆိုသလိုပါပဲ ဆရာသမားက ကိုယ်ပေးတဲ့ ပိုက်ဆံနဲ့ ရှပ်ထု(အရက်သောက်)လိုက်သတဲ့။
အဲလိုနဲ့ပဲ မြန်မာပြည်ကသာ ပြန်ထွက်လာတယ် ယတြာ ကိုမချေဖြစ်လိုက်ပါဘူး။
လူပြို အဲ... လူပျိုကြီးဖြစ်ချင်တော့လဲ အဲဒီလိုဗျ။ စိတ်တော့မရှော့သေးဘူးဗျ။
အသက်၄၀(နောက်၁၀နှစ်)မှမရသေးရင် ရေမရှိတဲ့ ချောင်းထဲ နှစ်ခေါင်းဖော်ပြီးကို ပက်ပက်စက်စက်သေပြစ်မယ်စိတ်ကူးထားတယ်ဗျ
ကဲ နည်းကောင်းလေးများရှိရင်မစ ကြပါဦး၊ ကြာတော့ တစ်ယောက်ထဲ နေရတာငြီးငွေ့လာပြီ။