Sunday, June 28, 2009

စစ်တမ်းကောက်ယူခြင်း

12
myutthutun: ကိုကြီးအိမ်ရေ စစ်တမ်းကောက်နေတယ်ခင်ဗျ
စစ်တမ်းကောက်ယူခြင်း
ခေါင်းစဉ် ရန်ကုန်မြို့တွင်နေထိုင်သူတို့ဧ။် ရန်ကုန်မြို့အပေါ် သဘောထား
ရေးသားရန် အကြောင်းအရာများ (Topic Guide)
(၁) နေထိုင်မှု
(၂) စားသောက်မှု
(၃) သွားလာမှု
(၄) ဆက်သွယ်မှု
(၅) ပညာရေး
(၆) ကျန်းမာရေး
(၇) လူမှုရေး စသည်တို့ အပေါ်သုံးသပ်ချက်များ ။
(၁) နေထိုင်မှု
- ငှားရမ်းနေထိုင်ခြင်း
- ဆွေမျိုးများနဲ့ အတူ နေထိုင်ခြင်း
- အိုးအိမ်ပိုင်နဲ့ နေထိုင်ခြင်း
(၂) စားသောက်မှု
- အပြင်တွင် စားသောက်သည့်အခါ ကုန်ကျစရိတ်
- အိမ်တွင် မိသားစုနဲ့အတူ စားသောက်သည့်အခါ ကုန်ကျစရိတ်
(၃) သွားလာမှု
- ဘက်စ် စီး ခြင်းအပေါ် သုံးသပ်ချက်
- ကိုယ်ပိုင်ကား စီး ခြင်း အပေါ် သုံးသပ်ချက်
- မြို့ပတ်ရထား စီး ခြင်း အပေါ် သုံးသပ်ချက်
(၄) ဆက်သွယ်မှု
- မိုဘိုင်းဖုန်း အသုံးပြုခြင်း
- Dial ဖုန်း အသုံးပြုခြင်း
- အင်တာနက် အသုံးပြုခြင်း
(၅) ပညာရေး
ရန်ကုန် ပညာရေး နှင့်ပတ်သတ် သည့် အမြင်
(၆) ကျန်းမာရေး
ရန်ကုန်မြို့ ရှိ ကျန်းမာရေး ၀န်ဆောင်မှု အပေါ်အမြင်
(၇) လူမှုရေး
- ရန်ကုန်မြို့ ဧ။် လူမှုဆက်ဆံရေး ပုံစံ နှင့်
ထို ဆက်ဆံရေးပုံအမြင် ၊
- ရန်ကုန် လူ့အဖွဲ့အစည်း အပေါ်အမြင်
ဆိုသည့် အကြောင်းအရာများကို အကို၊အမ ၊ အန်တီ ၊ အန်ကယ် တို့ ထင်မြင်သမျှ
ရေးပေးရန် ဖြစ်ပါသည် ။ (တခြား မိမိ အမြင်များကိုလည်း ထည့်သွင်းနိုင်ပါသည် ခင်ဗျားးး )

me:ဘာတခုမှ မကောင်းတာကို ရေးခိုင်းနေတယ် ဆိုတော့ ကိုယ့်ဆရာ အဖမ်းခံရအောင် လုပ်နေတာလား
myutthutun: အာ ပြောင်းပြန်မပြောနဲ့လေဗျာ။ မဟုတ်ဘူးဗျ အဲဒါ တကယ့်စစ်တမ်းကောက်နေတာဗျ
ကျနော် စာတမ်းရေးမှာမို့လို့ အကို့ရဲ့အမြင်ကိုတောင်းတာပါ
me: အင်းလေ တခုမှ မကောင်းတာချည်း ရေးကြမှာပေါ့ ဘာတခုမှ မှ မကောင်းတာ
myutthutun: ဒီနေ့ညနေ အပြီးတင်ပေးပါလားဗျ..
myutthutun: မကောင်းရင်မကောင်းတာရေးပေးပါဗျ
me: ကျနော်ရေးရမယ် မလုပ်နဲ့ဗျာ
myutthutun: ဘလော့မှာ မတင်ရင်လည်း ကျနော့်ဆီမေးလ်ပို့ပေး
me: ရွာပြန်ရင် အစိခံနေရမယ်
myutthutun: ကျနော်က မနက်ဖြန်မနက် အပြီးစာတမ်းတင်ရမှာမို့လို့ဗျ
me: ဘယ်ကိုတင်ရမှာလဲ ကျောင်းကိုလား
myutthutun: ဟုတ်တယ်ဗျသင်တန်းတတ်နေတာ
me: မလုပ်နဲ့ မတင်နဲ့ ကျနော်ရေးတာ
myutthutun: Social research လေဗျ တင်ခွင့်ရှိတယ်ဗျ
me: ကြိမ်းသေပေါက် အစိခံရမှာ
myutthutun: ကြိုက်သလို ရေးခွင့်ရှိတယ်မစိဘူးဗျ
me: ပြောတာပဲ
myutthutun: စိမယ့် စိလည်း ကျနော့်ပဲစိမှာ အကို့ကိုမစိဘူး...စိတ်ချ
me: တော်ကြာ မှတ်ထားပြီး ဖမ်းရင် ဘယ်နဲ့ လုပ်မလဲ
01:36 myutthutun: အာာ
me: စိတ်မချရဘူး
myutthutun: အစိုးရနဲ့ လုပ်တဲ့ Research မဟုတ်ဘူးဗျ ကျနော် ကျောင်းသွားတက်မယ့် ဆီက လုပ်တဲ့ Research သူတို့က ပွင့်ပွင့်လင်းလင်း ရေးလေ ကြိုက်လေပဲ
01:37 me: အင်း
myutthutun: အမြင်အတိုင်းရေး ဟီးးး
me: ရွာနဲ့ ကွာဟနေတာလဲ ၃နှစ်ဆိုတော့ ရေးတော့ ကြည့်မယ်လေ ...ဒါနဲ့
myutthutun: ကိုဂျဲ ကြီးလည်း ရန်ကုန်ရောက်လာတုန်း ဇွတ်ရေးခိုင်းထားတယ်ဗျ ဟုတ်အကို
me: ကိုယ့်ဆရာ ထောက်လှမ်းရေးတို့ ရဲအထူးတပ်ဖွဲ့တို့ကတော့ မဟုတ်ပါဘူးနော်
myutthutun: လုပ်ပြန်ပြီဗျာ
me: လုပ်နဲ့ဗျ ကြောက်တယ် ဆရာ
myutthutun: ကဲပါဗျာ အမြင်အတိုင်းလေးတော့ရေးပေးပါ
me: အင်းအင်း........ တခုခြင်း ချရေးကြည့်တာပေါ့
myutthutun: မရေးရင်တော့ လုံးဝမရေးနဲ့ဗျ ရေးရင်တော့ မြင်တဲ့အတိုင်းရေးပေးပါဗျ။ ဟုတ်အကို.. ကျေးဇူး

အဲဒီလို မရမက ရေးခိုင်းတော့လဲ.. ကြောက်ကြောက်နဲ့ ရေးပေးလိုက်ရပါတယ်ဗျာ။ အကြောင်းအရာ တခုခြင်းကိုပဲ အတိုချုပ်ပြန်ရေးလိုက်ပါတယ်။ တကယ်ရေးမယ်ဆိုရင်တော့ ကုန်မှာတောင် မဟုတ်ပါဘူး ဒီတော့ အတိုချုပ်ပဲ ရေးလိုက်ပါတယ်ဗျာ။


မြန်မာ လူမျိုးတွေဟာ ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်ရှိတာကြောင့် ဘယ်လိုအနေအထား မျိုးနဲ့ပဲ နေနေ၊ အဆင်ပြေတတ်ကြပါတယ်။ ဒီတော့ အိမ်ငှားပဲနေနေ၊ ဆွေမျိုးတွေနဲ့ပဲ နေနေ၊ အိုးပိုင်၊ အိမ်ပိုင်နဲ့ပဲ နေနေ၊ ဘာမှပြဿာနာ မရှိကြပါဘူး။ ပြဿာနာရှိတာက ရှေ့ဆက်ပြီး ဒီအိမ်ကို ပြောင်းခိုင်းမလား၊ ဖျက်မလား၊၊ အပိုင်သိမ်းခံရမလား၊ မုန်တိုင်းပဲ ဝင်မွေ့မလား၊ ငလျင်ပဲလှုပ်မလား၊ မီးကွင်းပဲ အပစ်ခံရမလား၊ စတာတွေကြောင့် ဘယ်မှာပဲ နေနေ၊ စိတ်ချလက်ချနေလို့ မရပါဘူး။(သူများတွေ အဲလိုပြောကြတာပဲဗျ ဟုတ်မဟုတ်တော့ မသိဘူး.... ဟိ)

အစားအသောက်နဲ့ ပတ်သက်ရင်တော့ အပြင်မှာပဲ စားစား၊ အိမ်မှာပဲ စားစား သေချာရေရာတဲ့ စစ်ဆေးချက်၊ အာမခံချက်တွေ မရှိတာကြောင့် ဘယ်လောက်ပဲ ဈေးကြီးတဲ့ အစားအစာပဲ စားစား၊ ဘေးဒုက္ခ ရောဂါဆိုးတွေ ဝင်လာရင်တော့...........................................................................။

သွားလာမှုကလဲ ပြောကြေးဆို ဘတ်စ်ကား ဆိုရင်.. ဂက်စ်နဲ့သွားတဲ့ကားတွေ အတော်များများမှာ လုံခြုံစိတ်ချရတဲ့ အနေအထားမရှိပါဘူး၊ အထူးသဖြင့် အများခေါ်နေကြတဲ့ ဂျပန်ကားကြီးတွေပေါ့... ထွက်ပေါက်က တပေါက်ထဲ လုပ်ထားပြီး အရေးပေါ်ထွက်ပေါက်တွေကလဲ ပြုတ်ထွက်မှာ စိုးလို့ ဂဟေဆော် ထားတော့ တခုခုများဖြစ်ခဲ့ရင် လူတွေကို အရှင်လတ်လတ် မီးလောင်တိုက် သွင်းထားသလို၊ လူသေထည့်တဲ့ အခေါင်းထဲ ဝင်စီးနေရသလို ခံစားရပါတယ်။

အငှားယာဉ် ဆိုရင်လဲ ထိုနည်း၎င်းပါပဲ၊ ဂက်စ်အိုးကြီးနောက်မှာထားစီးရတာ အင်မတန်မှ ကျောချမ်းစရာပါ၊ လမ်းတွေကလဲ ချောမွေ့လွန်းတော့ အသံကြားရင် နောက်ခဏခဏလှည့်ကြည့်ပြီး ဘုရားတ စီးလာရတဲ့ ခရီးသည်အတွက် ဥပုဒ်နေ့တိုင်း ဘုန်းကြီးကျောင်းသွား ဥပုဒ်စောင့်စရာ မလိုအောင် အလိုလိုနေရင်း ကုသိုလ်ရကြပါတယ်။

ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုပြန်တော့ အရမ်းချမ်းသာတဲ့လူတွေ အတွက် ဆီဖိုးဆိုတာ ကလေး မုန့်ဖိုးပေးသလောက်တောင် မရှိပေမဲ့ သာမန်လူတန်းစား ယာဉ်ပိုင်ရှင်တွေ အတွက်ကတော့ ဆီဖိုးမတတ်နိုင်ကြပါဘူး၊ တချို့ဆို ရေထည့်မောင်းလို့ ရရင်ကောင်းမယ်လို့တောင် ပြောကြပါတယ်။ တကယ်တမ်းကျတော့ ရေထည့်မောင်းလို့ ရတယ်ပဲထား အဲဒီ ရေ ကလဲ ရှားပါးပစ္စည်းပဲ ဖြစ်နေပြန်တော့လဲ................................။

ဆက်သွယ်ရေး အကြောင်းကတော့...... မိုဘိုင်းဖုန်း ၂လုံးဟာ တလုံးနဲ့ တလုံး ပေ၂၀ ပဲကွာဝေးတဲ့နေရာကနေ လှမ်းဆက်တာတောင် လူကြီးမင်းခေါ်ဆိုသော ဂျီအက်အမ် တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသောကြောင့် ခေါ်ဆို၍ မရနိုင်ပါရှင် တဲ့...။
ဒိုင်ယယ်ဖုန်းတွေကတော့ ဒေါင်းတောင်လို့ ခေါ်တဲ့ မြို့ထဲမှာတော့ မသိဘူး မြို့ပြင်ကျတဲ့ ဒဂုံလိုနေရာမှာ အနဲဆုံး တလမှာ တခါ ဆက်သွယ်ရေး ဝန်ထမ်းကို ၃၀၀၀နဲ့၅၀၀၀ကြား သွားရောက်ပူဇော်ရပါတယ်။ မပူဇော်ရင် လိုင်းမင်းများက စိတ်တော်ဆိုးတော်မူတဲ့အတွက် လိုင်းဖြတ်တတ်ပါတယ်။ သွားရောက်တောင်ပန်ပြီး ပူဇော်ပသလိုက်ရင်တော့....................................................။
အင်တာနက်ကတော့ သုံးတောင်မသုံးရသေးဘူး အဆက်ဒီနိုင်းတဲ့၊ ကွန်နက်ရှင်အား မကောင်းလို့တဲ့၊ မီးပျက်နေလို့တဲ့၊ ကိုယ့်အီးမေးလေး တခါဖွင့်ဖို့ တနာရီလောက် ကြာအောင် စောင့်ဆိုင်းရတယ်တဲ့....၊

ပညာရေး အနေနဲ့ကတော့ ခုနောက်ပိုင်းလူငယ်တွေ အတော်များများပေါ့လေ.... မေးကြည့်တာမှာ မင်းဘာတတ်ခဲ့သလဲမေးရင် ဟင့်အင်း ဘာမှန်းကို မသိလိုက်တာ၊ ဘာပဲပြောပြော ဧည့်ခန်းမှာ ဓာတ်ပုံချိတ်ဖို့ တနေရာတော့ တိုးလာတာ အမှန်ပါပဲတဲ့။

ကျန်းမာရေး အနေနဲ့ပြောရရင်တော့ ပြည်သူ့ဆေးရုံတွေမှာ ဆေးထိုးအပ်ကအစ ဆိုင်မှာ သွားဝယ်နေရတာလေ၊ ဆေးရုံက ဟိုတယ်လိုပဲ နေဖို့၊လဲလှောင်းဖို့ ကုတင်နဲ့ ဆရာဝန်၊နပ်စ်မတွေပဲ ရှိတာ၊ ကျန်တာ ကိုယ်သမိုင်းကိုယ်ရေးနေကြရတာပါ။

ရန်ကုန်မြို့ရဲ့ လူမှုဆက်ဆံရေးကဆိုရင်ဖြင့် ဟိုးအရင်တုန်းကပေါ့လေ ဘယ်အိမ်မှာဝင်ပြီး ထမင်းတလုပ် မဟုတ်တောင် ရေတမှုတ်အတွက် တောင်းလို့ ရပါတယ်။ ခုခေတ်ကတော့ အိမ်ရိပ်ကလေး နင်းမိတာတောင် အိမ်ရှင်တွေ ကြည့်တဲ့ မျက်လုံးတွေက ဒီကောင် သူခိုးလား၊ ဂျပိုး၊ သူတောင်းစားလား၊ လူလိမ်လား၊ဆိုတဲ့ အကြည့်မျိုးတွေပါ။
ပြောရရင် ဒါကလဲ အပြစ်တော့ မဟုတ်ပါဘူး လူတွေကလဲ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား ဖြစ်နေကြပြီကိုး.....။ တချို့ကျတော့လဲ လိမ်စားနေတာ မဟုတ်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လိမ်သလိုဖြစ်သွားတာတွေလဲ အများကြီးပါ။ တချို့လဲ ကိုယ့်ဝမ်းပူဆာ မနေသာ ဆိုသလိုပဲ မလိမ်ချင်ပဲ လိမ်လိုက်ရတာတွေလဲ ဒုနဲ့ဒေးပါ။
ဒီလောက်ပါပဲ ကိုရှင်းသန့်ရေ..။

12 Response to စစ်တမ်းကောက်ယူခြင်း

28 June 2009 at 05:15

အင်းးး
အနော်ရန်ကုန်ပြန်မှာနဲ့တော့ ကွက်တိပဲ ဟီးးး
အင်တာနက် အဆင်မပြေရင်တော့ခက်ပြီ။
ကိုယ့်ကိုယ်ကို အဆင်ပြေပါစေလို့ ဆုတောင်းရင်း အကိုအိမ်လဲ အဆင်ပြေပါစေ :D

28 June 2009 at 12:23

အိမ်တို့ကတော့လုပ်ချလိုက်ပြန်ပြီး ရွာပြန်တာလေးထောင့်ခန်းထဲရောက်နေဦးမယ်
ဆော်ထားတာကတော့မိုက်တယ် ဟိဟိ

28 June 2009 at 18:59

ကိုအိမ်ရေ စစ်တမ်းလေးဖတ်သွားတယ်ဗျာ ရွာပြန်တုန်းကအကြောင်းလေးတွေနော်။ ရေးထားတာမိုက်တယ်နော်။ အဆင်ပြေပါစေဗျာ။

28 June 2009 at 19:22

အဟမ်းအဟမ်း.... နာမည်ဘယ်သူလဲ မသိဘူးနော်.. သတင်းပေးထားလို့ ရအောင်ပါ........ကားပြာလေးနဲ့ ကြီးပွားသွားမယ်နော်.... အဟတ်... :P :P

28 June 2009 at 20:24

တော်တော်ပြည့်ပြည့်စုံစုံရေးထားတာပါပဲလား...
နိင်ငံရေးအမြင်လေးပါ ထည့်ရေးပေးပါလား..ပိုသေချာသွားအောင်လို့...
ဘာသေချာတာလဲတော့မမေးရဘူးနော်...ဏာလည်းကြောက်တယ်
အခုပဲ ၂၈ ရှိနေပြီ နောက် ၆၅ နှစ် ထပ်ပေါင်းရင်.....

29 June 2009 at 00:01

ဟာ...ကိုအိမ်တော့ လုပ်ချလိုက်ပြန်ပီဗျာ။ ကိုအိမ်ကြည့်လဲလုပ်ဗျာ အချောင် သံသေတ္တာကြီးတင်ထားတဲ့ အပြာရောင်ကားကြီးစီးရအုံးမယ်ဗျို့ ။ သတိတော့ထားပေါ့ဗျာ ဟာ...ဟ။ ရေထားတာတွေကတော့ လန်ထွက်နေတာပဲ အမှန်တွေရေထားတော့ ဘာပြောရမှန်းတောင် မသိဘူးဗျာ။ အရမ်းလည်းမပြောရဲဘူး....တားတားလည်း ကြောက်တတ်တယ်ဗျ...ဟားဟား။

29 June 2009 at 00:42

:D ကြောက်တယ်ဗျ။ ကြည့်လဲလုပ်ပါဦးနော်။ Dream ပြောသလို ဖြစ်နေပါ့မယ်။ :)

29 June 2009 at 09:34

ကြောက်ပေလို့သာပဲ။
မပူပါနဲ့ ဖုန်းဆက်ထားတယ်။ ပြန်မယ့်ရက်ကိုသာ အကြောင်းကြားလိုက်။ လေဆိပ်မှာ အဆင်သင့်စောင့်နေခိုင်းလိုက်မယ်။ :)

29 June 2009 at 13:54

စစ်တမ်းကောက်တဲ့အထဲ
အနော်ပါဝူးနော်။ အနော်က အိမ်ကျန်ချင်တေးရာ။
အဟဲ။ =P

29 June 2009 at 16:16

အခု ဂရိမှာ ဘာလုပ်နေတာလဲ စစ်တမ်းကောက်ဖို့ စား တန်းးများ ပြုစုနေတာလားလို့

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

အကိုအိမ်က ညီ့ကို အီးမေလ်အက်လို့ပြောပီး အီးမေလ်လိပ်စာလဲမချန်ခဲ့ဘူး

ဘယ်မှာရှာရမှာတုန်း

အကို့အိမ်ကိုညီကခင်ပါတယ်

ညီ့ကိုအက်လိုက်ပါ

phoesein@gmail.com ပါ

ညီစောင့်နေမယ်

30 June 2009 at 20:14

ကားပြာလေး စီးချင်နေလား။ အိမ်တောင်ပြန်မရောက်ဘဲ လေယာဉ်ကွင်းကနေ တန်းသွားနေရဦးမယ်။။

30 June 2009 at 23:01

အင်းးးး ကြည့်လုပ် ကိုယ့်ဆရာ...... :P

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း