Tuesday, June 23, 2009

ကူညီပါရစေ

18
"စေတနာသည် လူတိုင်းနှင့်မတန်" ဟုတ်တယ်တကယ်ကို လူတိုင်းနှင့်မတန်တာပါ။ ကိုယ်တွေ့ကြုံတွေ့ခဲ့လို့ ရဲရဲကြီးပြောရဲတာပါ။ တခုတော့ရှိတာပေါ့၊ ကိုယ်ပေးတဲ့ စေတနာနဲ့ တဖက်သားလိုခြင်တဲ့ အရာ မတူခဲ့ရင်တော့ ဒါဟာ နားလည်မှုလွဲတယ်ပဲခေါ်ခေါ်၊ ပေးတဲ့သူအနေနဲ့ ကိုယ်တတ်နိုင်တာပဲ ပေးတယ်ပြောပြော အထက်ပါစကားပုံနှင့် လုံးဝမသက်ဆိုင်ပါဘူး။



ကျွန်တော်ကြုံတွေ့ခဲ့ရတာလေး ပြောပြမယ်။ နာမည်အရင်းကိုတော့ ထည့်မရေးဘူး။ ဘယ်နိုင်ငံမှာဆိုတာလဲ ထည့်မပြောတော့ပါဘူး။ ဖြစ်ပုံက ဒီလိုပါ..........................................
နိုင်ငံတခုမှာ ၅နှစ်ကျော်လောက် ကြာခဲ့ပြီးတဲ့နောက်... လူတယောက် ကျနော့်ဖုန်းကို ဆက်သွယ်လာပါတယ်။ ဒါနဲ့ အတော်ပဲ အံ့သြသွားတယ် ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ ရွှေ အင်မတန်ရှားလို့ပါပဲ။ သူဆက်သွယ်တဲ့အချိန်က ကျနော် အလုပ်များနေချိန်မှာပါ။ ဒါနဲ့ စကားပြောတော့ သူက အခုတွေ့ချင်တယ် ဆိုတာနဲ့ အလုပ်ရှင်ကို ကျနော့်သူငယ်ချင်းဖား(ဖိလစ်ပင်း)တယောက် ဆိုင်ကယ် အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံ သွားပါရစေ၊ ပြီးတော့ လခထဲက ပိုက်ဆံ၁၀၀ လောက်လဲ ကြိုထုတ်သွားပါရစေလို့ ခွင့်တောင်းပြီး သူနဲ့သွားတွေ့ခဲ့ပါတယ်။ သူ့အကြောင်း တိုတိုပြောရရင်တော့ သူဟာ ခုလက်ရှိမှာ နေရစရာ မရှိဘူး အာဖဂန်နစ္စတန် တွေနေတဲ့ နေရာမှာ အိပ်ယာမရှိ၊ ခေါင်းဦးမရှိ၊ စောင်မရှိပဲ လူ၁၀ယောက် ပူးပူးကပ်ကပ် အိပ်နေရတယ်၊ အာဖဂန်နစ္စတန်တွေ ကျွေးတာစားပြီး၊ သူတို့ အလုပ်ဝိုင်းလုပ်ပေးနေရတယ် လို့ပြောပြတော့ အတော်စိတ်မကောင်း ဖြစ်သွားတယ်၊ သူဟာ ဒီနိုင်ငံကိုလဲ မထင်မှတ်ပဲ ရောက်လာတာပါ။ သူ့ရဲ့ရည်မှန်းချက်နိုင်ငံက အမေရိကန်နိုင်ငံပါ ဒါပေမဲ့ အကြောင်းမသင့်လို့ ဒီနိုင်ငံမှာပဲ ဂိတ်ဆုံးသွားတယ် ဆိုပါစို့။

ဒီလိုနဲ့ ကျနော်လဲ ပါလာတဲ့ ပိုက်ဆံထုတ်ပေးရင်း၊ အားပေးစကားပြောပြီး အလုပ်ရှာပေးမယ်၊ နေဖို့ရှာပေးမယ်လို့ ဂတိပေးလိုက်ပါတယ်။ ဒါကလဲ ရွှေ၊ ရွှေခြင်းမို့ရယ်၊ ဒီမှာရွှေရှားတာရယ်ကြောင့် ကူညီဖြစ်တာပါ။ အဲဒီတုန်းက ကျနော်နေတာ အလုပ်ရှင်ပေးထားတဲ့ အခန်းမှာဆိုတော့ သူ့ကို ထားလို့ မရပါဘူး။ ဒီလိုနဲ့ စကားစပ်မိလို့ မေးကြည့်တာပေါ့ ကျနော့်ဖုန်းနံပါတ် ဘယ်က ရလဲလို့ မေးကြည့်တော့ အီတလီက မြန်မာသံရုံးက ရတာလို့ပြောပါတယ်။ ကျနော်အတော့်ကို အံ့သြသွားတယ်။ အီတလီက သံရုံးနဲ့ ကျနော် လုံးဝ အဆက်အသွယ် မရှိပဲ ဘယ်လိုကနေ ဘယ်လို ကျနော့် ဖုန်းနံပါတ်ရသွားလဲဆိုတာ ယနေ့ထိ အဖြေရှာမရသေးဘူးဗျ ထားပါတော့ ဟိုလူအကြောင်းပဲ ဆက်ပြောပြမယ်။ ဒီလိုနဲ့ ကျနော်လဲ ကိုယ်သိတဲ့ နိုင်ငံခြားသား မိတ်ဆွေတွေကို အိမ်တလုံး အမြန်ရှာပေးပါလို့ ဖုန်းတွေလိုက်ဆက်ရင်း ပြောရတာပေါ့၊ အံမယ် သူတို့ကတောင် ကျနော့်ကို ရည်းစားရသွားလို့ အိမ်ငှားတယ်တောင် ထင်နေကြတာဗျ။
ဒီလူပဲ ကံကောင်းတာလား၊ ကျနော်ပဲ ကံဆိုးတယ်ခေါ်မလား အိမ်ရှာတာမြန်သလားမမေးနဲ့ တပါတ်တောင် မကြာဘူး ရတယ်။ အိမ်ငှားပြန်တော့ သူ့မှာ ဘာစာရွက်၊စာတမ်းမှ မရှိတော့ အိမ်ရှင်က သိပ်လက်မခံချင်ဘူး၊ ဒါနဲ့ပဲ ကျနော်ပဲ နာမည်ခံငှားလိုက်ရတယ်ပေါ့ဗျာ။ အိမ်ငှားပြီးတော့ ပြီးပြီ မထင်နဲ့ အိမ်တအိမ်မှာ လိုအပ်တဲ့ ကုတင်၊မွေ့ယာ၊စောင်၊ ခေါင်းဦးက အစ အိုးခွက်ပန်းးကန်အလည်၊ အိမ်သာသုံး စက္ကူအဆုံး၊ ဝယ်ရပြန်တယ်။ တချို့ကိုတော့ မိတ်ဆွေတွေဆီက လိုက်အလှုခံရတာပေါ့လေ။ သြော်.. ပြောဖို့မေ့နေတယ်... အိမ်မငှားခင်မှာ သူ့ကို ကျနော်ပြောတယ်... အကို့ကို ကျနော်အိမ်ငှားပေးမယ်(ကျနော့်ထက် အသက်ကြီးပါတယ်) လောလောဆယ်တော့ ကျနော် အကုန်စိုက်ထားပေးမယ်၊ အကိုအလုပ်ရရင်တော့ ကျနော်တို့ တယောက် တဝက်ပေးမယ်၊ ကုန်ကျခဲ့တာတွေလဲ နောက်မှအေးဆေးမှ နဲနဲခြင်းပြန်ဆပ်ပေါ့လို့ ပြောတော့ OK တဲ့။

အဲဒီ အိမ်မရခင်နဲ့၊ အိမ်ရပြီးအထိက မျက်နှာလေးက သနားစရာလဲကောင်း၊ ချိုတာကလဲ ပျားအုံပေါ် သကြားရည်တွေ မှောက်ကျသလိုပါပဲ။ ဒီလိုနဲ့ အိမ်ငှားပြီး ၃လလောက်အထိက အလုပ်ရှာမရပါဘူး။ မရတာကလဲ သူ့မှာဘာစာရွက်၊ စာတမ်းမှမရှိတော့ လက်မခံချင်တာကြောင့်ပါ။ အဲဒီ၃လ အတွင်းမှာလဲ ကျနော်ကနေပြီး သူစားဖို့ကို ကျနော့်စားစရိတ်ထဲကနေပြီး ဖဲ့ပေးရတာလဲ ရှိသလို အလုပ်ရှင်မသိအောင်လဲ ပိုက်ဆံတွေ ဘတ်ပြီး ဝယ်ခြမ်းပေးပါတယ်။ ဒိအပြင်ကို တပါတ်တခါ ကျနော့်အားလပ်ရက်တိုင်း ကျနော့်အခန်း မပြန်ခင်မှာ သူသုံးဖို့ ပိုက်ဆံ ၅ကျပ်မျိုး၊ ၁၀မျိုး ပေးခဲ့ပါသေးတယ်။ တနေရာရာ ကိုသွားချင်၊လာချင်ရင် သုံးစရာရှိအောင်ပါ။ အလုပ်သွားရှာတာပဲ ဖြစ်ဖြစ်၊ အိမ်ထဲမှာနေတာ ကြာလို့ ပျင်းလာရင်ပဲ ဖြစ်ဖြစ်ပေါ့။
ဒီလိုနဲ့ ၃လကျော်လာတော့ သူ အလုပ်တခုရှာတွေ့သွားပါတယ်။ စားသောက်ဆိုင်မှာပါ။ စားဖို့၊နေဖို့၊ အပြီးအငြိမ်းကို တလ ယူရို၇၀၀ ရပါတယ်။ သူ့ဟာသူ ရှာတွေ့တဲ့ အလုပ်ပါ။ သူအလုပ်ရတယ်ဆိုတော့ ကျနော်လဲ ပျော်တာပေါ့ဗျာ။ မပျော်လို့လဲ မရဘူးလေ သူ့အတွက်သုံးလိုက်တာ ကျနော်ယူရို ၁၅၀၀လောက်ထိနေပြီလေ ပြီးတော့ ရွာပြန်ဖို့ကလဲ ရက်နီးလာပြီဆိုတော့ ဘာပဲပြောပြော ကိုယ်ကုန်ခဲ့တာလေး ရွာပြန်ချိန် အမှီပြန်ရမယ်ဆိုတော့ မပျော်ဘဲ ဘယ်နေပါ့မလဲ နော.. ဟုတ်ဘူးလား။
အလုပ်ရပြီးသိပ်မကြာဘူး သူကအလုပ်ရှင်မသိအောင် အပြင်သွားတာတွေ၊ တခါတလေ တရက်လုံး လုံးဝ အလုပ်မဆင်းတာတွေလုပ်ရောဗျို့ ဒါနဲ့ သူ့ကို သတိပေးရတယ် အကို ကြည့်လုပ်ဗျာ ဒီလိုလုပ်တာ မကောင်းဘူး။ ကြာရင် အကို အလုပ်ပြုတ်လိမ့်မယ် ဆိုပြီးတော့ပေါ့၊ အံမယ် ..သူကတောင် အလုပ်ရှင် သမီးကိုပဲ ပိုင်သလိုလို၊ ဘာလိုလိုလုပ်တာဗျား..။ စကားအပြောအဆိုတွေကလဲ လုံးဝကိုပြောင်သွားတာ သတိထားမိလိုက်တယ် အရင်က ကျနော်ကို ကိုအိမ်လို့ ခေါ်နေရာကနေ၊ မင်းနဲ့ငါ ဆိုပြီးဖြစ်လာတယ် ဒါကထားတော့ ကျနော့်ထက် အသက်၅နှစ်ကြီးလို့ ခေါ်တာ ပြဿနာ မဟုတ်ဘူး၊ ပြဿနာက သူအလုပ်ရပြီးလို့ တပါတ်နေလဲ အိမ်ကိစ္စမပြော၊ နှစ်ပါတ်နေလဲ ငြိမ်နေ၊ သုံးပါတ်နေလဲ မဟ ဆိုတော့ ကျနော်ကပဲ စပြောရတာပေါ့ဗျာ။

သူပြောခဲ့တာလေး ယနေ့ထိ နားထဲက မထွက်သေးဘူး........... ဘာတဲ့..... မင်းပဲစဉ်းစားကြည့် ငါ့အလုပ်က တပါတ်မှ တရက်ပဲနားခွင့်ရတာ၊ ဒီအိမ်မှာ အမြဲနေတာ မဟုတ်ဘူး၊ ပြီးတော့ အားလပ်ရက်တိုင်းလဲ ဒီကို မလာနိုင်ဘူး၊ အလုပ်နဲ့က အဝေးကြီး............................. ဆိုတော့ ကျနော်သိလိုက်ပြီ ဒီလိုစကားပြောတာ မပေးချင်လို့ပေါ့ မဟုတ်ဘူးလား၊ ဒီလိုပြဿနာတွေ ဖြစ်လာမှာစိုးလို့ ဒီအိမ် မငှားခင်ထဲက ကျနော်တို့ ပါးစပ် စာချုပ်၊ ချုပ်ပြီးသားလေ.........။
ကျနော်သူ့ကို ရှည်ရှည်ဝေးဝေး သိပ်မပြောတော့ဘူး။ "ရပါတယ် အကို အဆင်မပြေလဲ အေးဆေးပါ။"
အဲဒီတော့မှ ကျနော် နောင်တ ရတယ်။ အိမ်မငှားခင်တုန်းက ကျနော့်မိတ်ဆွေတွေ ဝိုင်းပြောကြတယ် အဲဒီလောက် မလိုက်ရောနဲ့ မင်းခံရလိမ့်မယ်လို့ သတိပေးနေတဲ့ဟာကို ကျနော်ကပဲ မိတ်ဆွေတွေကို တပြန်စီး စိတ်ဆိုးလိုက်ပါသေးတယ်။ ဒါကလဲ အပေါ်မှာ ပြောခဲ့သလို ရွှေ၊ရွှေခြင်းမို့ရယ်၊ ဒီမှာ ရွှေရှားတာရယ်ကြောင့် ဘယ်သူဘာပြောပြော လက်မခံခဲ့ပါဘူး၊ ခုတော့ လက်မခံခဲ့တဲ့ အကျိုးကျေးဇူးနဲ့ အဲဒီတုန်းက ကျနော်....င်ခံခဲ့ရပါတယ်။
မှတ်မှတ်ရရပဲ အဲဒီနေ့က တနင်္ဂနွေနေ့ ညနေ သူ့အလုပ်ကို ပြန်သွားတော့ ကျနော်ချက်ခြင်း မိတ်ဆွေတွေဆီ ဖုန်းဆက်ပြီး အိမ်ကို အထဲမှာရှိတဲ့ ပစ္စည်းတွေ အပါအဝင်၊ တခြားသူကို လက်လွှဲရောင်းဖို့ ဆိုလိုတာက အိမ်ကို ရောင်းဖို့ မဟုတ်ပါဘူး၊ အထဲက ပစ္စည်းတွေရောင်းပြီး အိမ်ကို ဆက်ငှားမဲ့သူလက်လွှဲဖို့ ဆိုလိုတာပါ။ ကျနော် ဘယ်လောက်ပြန်ရတယ် ထင်သလဲ...........................................................

ယူရို ၃၅၀ပဲ ပြန်ရခဲ့ပါတယ်၊ ဒါတောင် အိမ်လခ တလခ စပေါ်တင်ထားတာ အပါအဝင်ပါ။ အဲဒါ ကျနော် အမြန်ရောင်းလိုက်လို့ပါ။ အမြန်မရောင်းလို့လဲ မဖြစ်ဘူးလေ လကုန်ဖို့ တပါတ်ထဲလိုတော့တာ တချက်၊ ကျနော် ရွာပြန်ဖို့ သိပ်မလိုတော့တာ တချက်၊ ကျနော့်မှာ အိမ်ရှိပြီးသားက တချက်၊ ဒီအိမ်ကို ထပ်မမြင်ခြင်တော့တာ တချက်ကြောင့် ရသလောက်နဲ့ ရောင်းဖြစ်သွားတာပါ။

အဲဒီလိုနဲ့ပဲ သိပ်မကြာပါဘူး အဲဒီလူလဲ အလုပ်က ပြုတ်ပြီး၊ နေစရာ မရှိတော့လို့ အာဖဂန်နစ္စတန်တွေဆီ ပြန်သွားတာတောင် ဟိုကလက်မခံတော့လို့၊ သူ့ခမျာ လမ်းဘေးအိပ်၊ ဘုရာကျောင်းက ကျွေးတာ သွားစား၊ တပါတ်မှ တခါ ဘုရာကျောင်းမှာ ရေးသွားချိုး၊ တခါတလေ ပန်းခြံထဲမှာ အရက်မူးပြီး အိပ်နေတာတို့ကို ကျနော့် မိတ်ဆွေတွေ မြင်တွေ့ခဲ့လို့ ကျနော့်ကို ပြန်လည်ပြောခဲ့တာ နားထောင်ရင်း..........................................
သြော်... တယ်မှန်ပါလား.... "စေတနာသည်လူတိုင်းနှင့်မတန်"

18 Response to ကူညီပါရစေ

23 June 2009 at 09:07

ကိုဖြိုးရေ....အဲလိုပါဘဲ ဘယ်နေရာရောက်ေ၇ာက် စေတနာနဲ့မထိုက်တန်တဲ့လူတွေနဲ့ကတော့ တွေ့ခဲ့ရတယ်။

မောင်
23 June 2009 at 10:56

ဒီလို လူတွေလည်း ၇ှိသေးတယ်....

23 June 2009 at 12:27

ပြောချင်တော့ဘူး အကိုရေ လူသားတွေလေ စိတ်ဓါတ်ကတော့ ဘယ်တူမတုန်း သူလုပ်တဲ့ကံ သူဆီ ပြန်လာတာပဲပေါ့ ..


လေးစားလျက်
တောင်ပေါ်သား

မီယာ
23 June 2009 at 12:34

ဟုတ်တယ် သူ့စိတ်နဲ့ သူ အကျိုးပေးတာပဲ။ ဖတ်ပြီး သင်ခန်းစာ ၂ဘက်လုံးကနေ ယူသွားတယ် အိမ်ရေ။

23 June 2009 at 13:58

ပန်းခြံထဲမှာ လိုက်အိပ်နေတော့ ကိုအိမ်က နောက်တစ်ခါလောက် ကူညီလိုက်ပါဦးလားဗျာ။ နောက်တစ်ခါ ဘာထပ်ပြောမလဲဆိုတာ သိရတာပေါ့ဗျာ...ဟီးဟီး။ ဒီလိုပါပဲ ကိုအိမ်ရေ..ကိုယ့်စေတနာ ကိုယ့်ကို ပြန်အကျိုးပေးမှာပါ။ ကျေးဇူးကန်းသူ လူတယောက်ရဲ့ ရာဇ၀င်လေးကိုဖတ်ပြီးတော့ မှတ်သားစရာလေးတွေမှတ်သွားတယ်ဗျာ။

23 June 2009 at 14:56

အခုလို ခံရတော့ နောက်ဆို လူတွေကို သတိထား ကူညီပေါ့။
စေသနာသည်လူတိုင်းနှင့်မတန်ပါဘူး။ မက်မက်တို့လဲ
သိသိကြီးနဲ့ ခံနေရတာပါပဲ။ နောက်ဆုံး ကိုယ့်စေသနာတွေကို
ပြန်စော်ကားသွားကြတဲ့ လူတွေပါပဲ....

အဲဒါ မြန်မာကွ မြန်မာ ။ အဟား..အဲလိုပဲ ရေရွတ်ချင်ပါတော့တယ်။ :D

23 June 2009 at 18:15

အင်း ဒီလိုလူတွေကြောင့်လဲ နိုင်ငံခြားမှာ ရွှေရွှေခြင်း ဆိုရင် ဆိုးသည်ဖြစ်စေ ကောင်းသည် ဖြစ်စေ မသိရင် မခေါ်ချင် မပြောချင်တော့ဘူး ကိုယ့်ရွှေတွေ့ရင် ဝမ်းသာတာပေါ့ စကားပြောချင်တာပေါ့ ဒါပေမယ့် အတော်များများက ညီတွေ့ဖူးတဲ့လူမျိုးတွေ ဖြစ်နေကြတယ် ဒါကြောင့် မြန်မာစကားပြောသံကြားရင် ဝေါင်ဝေါင်ရှေး တွေ ဖြစ်ကုန်ပြီ..

23 June 2009 at 18:54

အင်..... အဲလိုကြီးလား...... မမိုက်ပါဘူးနော်။
စေတနာသည်လူတိုင်းနှင့်မတန်
အဲဒီစကားကို လူတိုင်းနှင့်တန်သောစေတနာ ထားတတ်ဖို့လိုသည် ဆိုပြီးတော့ ရေးထားတာဖတ်ဖူးတယ်။

24 June 2009 at 03:19

ကျနော့်ကို ကူညီပါအုံး ကိုအိမ်ရယ်


လုပ်ပါဗျာ

ကျေးဇူးမမေ့ပါဘူးဗျားးး

ချစ်ခင်စွာဖြင့်

ဖိုးစိန်

24 June 2009 at 10:32

စေတနာ သည်လူတိုင်းနှင့်မတန်ပေမယ့် တနေ့မှာတော့ ရောင်ပြန်ဟပ်မှာပါ အကိုအိမ်

ခင်လျှက်

24 June 2009 at 19:22

စေတနာကလူတိုင်းနဲ့မတန်ဘူးဆိုတာထက် မိုက်မဲတဲ့သူတွေနဲ့ မထိုက်တန်
တာပါ...အေးလေ ဘယ်သူကမိုက်မဲမှန်းမှမသိတာ...ကိုယ်ကူညီလိုက်တာ
ကိုယ့်စေတနာပေါ့ဗျာ..စိတ်ကောင်းမွေးတာတော့ အကောင်းဆုံးပေါ့ဗျာ..

24 June 2009 at 21:35

ကိုအိမ် ...ကူညီခဲ့တဲ့ စေတနာ က ..ပြန်ပြီး ရောင်ပြန်ဟပ်ပါလိမ့်မယ်...။ ဟဲဟဲ ကိုအိမ် ဆိုတဲ့ အတိုင်း အဲ့ဒီလို ကူညီခဲ့သော အကျိုး ကျေးဇူးကြောင့်.. အိမ်မရှိ ရာမရှိ ဘ၀ ...ဘယ်တော့ မှ မရောက်တော့ဘူး...ဟုတ်တယ်ဟုတ်..... :)

24 June 2009 at 23:18

ကိုအိမ်ရေ တွေ့ရင် ကျန်တာတော့ အကူအညီမတောင်းပါဘူး မုန့်ဝယ်ကျွေးပါနော် အဝ

25 June 2009 at 01:15

စိတ်ကောင်းရှိတာကတော့ လူနဲ့တောင်မလိုက်ဘူးဗျာ။
ဟဲ နောက်တာနော်။

ဘုရားအလောင်းမျောက်မင်းကို ကျောက်ခဲနဲ့ထုသတ်တဲ့ မုဆိုးကို သတိရသွားတယ်။
စေတနာကို ဒေါသမဖြစ်ပါစေနဲ့အကို။
ဒါပါပဲ။

25 June 2009 at 10:16

ကိုအိမ်ရေ ဖတ်ပြီးတော့ဗဟုသုတယူသွားတယ်ဗျာ စေတနာသည်လူတိုင်းနှင့်မတန်ပါ တကယ်တော့ လူတိုင်းနဲ့တန်တဲ့စေတနာလေးထားနိုင်ဖို့သာပဲနော်။ အဆင်ပြေပါစေဗျာ။


ခင်မင်လျှက်

ကိုတိုးလေး

25 June 2009 at 19:56

ကူညီပါရစေလား... လုပ်ပါဦး ယူရို နှစ်သောင်းလောက်... ကျေးဇူးမမေ့ပါဘူး.. အဟီး ... စတာ..

28 June 2009 at 04:37

ဖတ်ရတာ စိတ်မကောင်းစရာပဲ
ပထမက အကိုအိမ်ပေါ့
နောက်ဆုံးတော့ သူအဲ့လိုနေရထိုင်ရတော့လဲ တစ်မျိုးပဲ။
အချိုးအကွေ့တစ်ခုမှာ ကြုံခဲ့တဲ့အဖြစ်အပျက်တစ်ခုပေါ့နော်။

စေတနာသည်လူတိုင်းနှင့် မထိုက်တန်လို့ဆိုပေမယ့်လည်း
စေတနာထားနိုင်သူက ကောင်းတာပေါ့။

အရာရာအဆင်ပြေပါစေးD

30 June 2009 at 19:21

ဟူးးးးး
လူတွေ လူတွေ... အကောက်အကွေ့ များ ပါတယ်

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း