Saturday, February 06, 2010

ကလေးဘဝ အမှတ်တရများ ၂

22
ကြာတော့အတော့်ကိုကြာပါပြီ ငယ်ဘဝအကြောင်းဆိုတော့ မေ့မရတဲ့အဖြစ်တွေမို့ သတိရနေဆဲပါပဲ။ တခါတလေ လူ့ဘဝရဲ့ စိတ်ပျက်ငြီးငြူစရာတွေ ကြုံတိုင်း ဘာအပူအပင်မှမရှိတဲ့ ငယ်ဘဝကိုပြန်တောင့်တမိရင်း လွမ်းမောနေမိတယ်။ လက်ရှိဘဝကို စိတ်ပျက်လို့တော့ မဟုတ်ပေမဲ့ စိတ်ပြေရာပြေကြောင်း ထွက်ပေါက်တခုအနေနဲ့ ပြန်တွေးမိတာပါ။ တွေးမိတဲ့ အထဲက အမေငယ်ငယ်က နတ်ကတဲ့အကြောင်းလေး ပြောပြချင်တယ်..။



အမေ့အကြောင်းမပြောခင် အဖေ့အကြောင်းပါပြောမှဖြစ်မယ်။ အဖေက တနင်္ဂနွေသား.. အမေကစနေသမီး ပုံပြင်တွေထဲမှာတော့ နဂါးနဲ့ ဂဠုန်ဆိုတာရန်သူတွေပါ။ သူတို့ကတော့ ရန်သူတွေဖြစ်မလာဘဲ ကြင်ယာဖက်တွေဖြစ်လာပြီး သူတို့ချစ်အား ဘယ်လောက်ကောင်းလဲ ဆိုတာကို ကလေး၆ယောက်မွေးပြီး သက်သေပြထားပါတယ်။ ဟိုတုန်းကလူတွေကတော့ ကံကောင်းတယ် ခေါ်မလားမပြောတတ်ဘူး ကျနော့်အဖေဟာ မိန်းမနဲ့ ကလေး၆ယောက်ကို သူတယောက်ထဲ မပူမပင် မကြောင့်မကျ ဖြစ်အောင်ရှာကျွေးနိုင်ခဲ့တယ်၊ ကျနော်တို့ ခေတ်ကျတော့ ကလေး၁ယောက်မပြောနဲ့ မိန်းမယူဖို့တောင် အတော့်ကို စဉ်းစားနေရတယ်၊ ဒါတောင် မောင်တထမ်း၊ မယ်တရွက်လုပ်မှနော်၊ မောင်တထမ်း၊ မယ်အိမ်မှာဆိုရင် သေပြီဆရာ... ထားပါတော့....။

အမေကလူတမျိုးဗျ.... စနေသမီးမို့လား မသိဘူး၊ တဇွတ်ထိုးလုပ်တတ်တယ်၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်၊ သူလုပ်ချင်တာ၊ သူယုံကြည့်ရာဆို ဇွတ်လုပ်တတ်တယ်၊ အဖေကတော့ အမေဘာလုပ်လုပ် ဘာတခုမှကိုမဝေဖန်ဘူး၊ ကောင်းတယ်လဲ မပြောဘူး၊ ဆိုးတယ်လဲ မပြောခဲ့ဘူး၊ ချစ်လို့လဲ ပါမှာပေါ့...။ ဟိုးတုန်းကတော့ အမေက နတ်ကိုအတော်လေးကိုယုံကြည့်ပါတယ်၊ နတ်ကန္တားဟေ့ဆိုရင် သူရှေ့ဆုံးကရောက်ပြီးသား.. အထူးသဖြင့် ဗဟန်းမြို့နယ်၊ ဂွတ္တလိတ်က ကန္တားစီး bsc အောင်မြင့်သိန်းတို့၊ နောက်တယောက်ရှိပါသေးတယ် နာမည်မေ့နေလို့ မပြောတော့ဘူး သူတို့ဆိုတာ အမေနဲ့က ပလဲနံပ သင့်တဲ့သူတွေပေါ့၊ မနွဲ့ရေ ဘယ်မှာကန္တားရှိတယ်ဟေ့ဆိုရင်.. အမေတို့က ၂ခါမပြောရဘူး ရောက်ပြီးသားပဲ။ နတ်ကတာလဲ အလွန်ဝါသနာပါတဲ့သူပါ။ ဘယ်လောက်ထိလဲဆို ကျနော့်အထက်က အမ .. ၅ယောက်မြောက်ပေါ့နော်.. သူငယ်ငယ်ကဆို အမေက မနှဲလေးကခိုင်းလို့ ကရဖူးပါတယ်။ အဲဒီမှာ ကျနော်က မိသားစုထဲ အငယ်ဆုံးလဲဖြစ်၊ အမေ့ရဲ့ အချစ်ဆုံးလေးလဲ ဖြစ်တော့ အမေဘယ်သွားသွား ကျနော်အမြဲပါနေကျပေါ့။

အဲလိုအမြဲ အမေသွားတဲ့နေရာတိုင်း ပါတဲ့သူဆိုတော့ နတ်ကတော်တွေက ကျနော့်ကို ချစ်လဲချစ်ကြတယ်၊ ကြည့်လဲမရကြပါဘူး။ ချစ်တယ်ဆိုတာက ၄၊၅၊၁၀နှစ် ချစ်စရာ့အရွယ်ဆိုတော့ ချစ်တာမဆန်းပါဘူး၊ ကြည့်မရတာကတော့ အမေနတ်ကတိုင်း.. အမေက နတ်စင်ပေါ်ကနေပြီး၊ ကြက်ကြော်တွေ၊ အချိုရည်ပုလင်း၊ ငါးကြော်၊ ဆီထမင်း၊ ဂျလေပီမုန့် စသည်ဖြင့်ပေါ့.. ကျနော်ကြိုက်တတ်တဲ့ ဟာမှန်သမျှကို နတ်ကရင်းဆွဲချလာပြီး ကျနော့်ကိုကျွေးတတ်တာပါ။ အမေနဲ့သား ဘယ်လောက်လိုက်လဲဆို အမေက သူနတ်မကခင် သား.. စင်ပေါ်ကြည့်လိုက် ဘာစားချင်လဲပြော အမေနတ်ကရင်းယူပေးမယ်ဆိုပြီး မေးတော့ ကျနော်ကလဲ ဟိုဟာ၊ ဒီဟာနဲ့ တကယ့်ကောင်းပေ့ ညွှန့်ပေ့ဆိုတာတွေပဲ တွယ်တာဆိုတော့ နတ်ကတော် ကြည့်မရတာ နဲသေးတယ်ပြောရမှာပေါ့။ သူတို့မှာလဲ အမေက နတ်ကရင်း အစားအသောက်တွေ ဝင်ဆွဲတာဆိုတော့ မယူနဲ့လို့လဲ သွားပြောလို့ မရဘူးလေ။ အမေကလဲလည်တယ်၊ ကျနော့်ဆီ ဒါရိုက်ယူချမလာဘူး.. ဥပမာပေါ့ ကြက်ကောင်လုံးကြော်ဆိုရင် ရင်အုံကိုဆွဲဖဲ့ပြီး ဟိုလူ့နဲနဲကျွေး၊ ဒီလူ့နဲနဲကျွေးတယ်လေ ဒီတော့ အဲဒီ စားတဲ့သူတွေကလဲ အမေ့ကိုပြန်ပြီး ပိုက်ဆံတွေ ဆက်ကြ၊ သူတို့သိချင်တာတွေ မေးကြမြန်းကြနဲ့ ၃၊ ၄ယောက်လောက် ကျွေးပြီးမှ ကျနော်စားချင်တဲ့ ကြက်ပေါင်ကိုယူလာပြီး ပေးတာပါ။ ငါးကြော်ဆိုလဲ အဲဒီလိုပဲ ကျနော်မကြိုက်တဲ့ ငါးခေါင်းတို့၊ အမြီးတို့ဆိုရင် သူများကျွေးတာ၊ ပြီးတော့မှ ကျနော်ကြိုက်တဲ့ ငါးဗိုက်သားတို့ ငါးဥတို့ လာကျွေးတာ။ ထမင်းတောင် မစားနိုင်အောင်ကို စားစရာက အဲလောက်များတာ၊ နတ်ပွဲလာကြည့်တဲ့ ကလေးတွေဆိုရင် ကျနော့်ကို အားကျတဲ့ မျက်လုံးလေးတွေနဲ့ စိုက်စိုက်ကြည့်ခံခဲ့ရတာပါ။ တခါတလေ အမေကသူ့ကိုဆက်ထားတဲ့ ပိုက်ဆံတွေဘာတွေဆို လာချပေးသေးတာ။ သားအမိတွေ သူ့ဟာနဲ့သူတော့ ဟုတ်လို့။

မှတ်မှတ်ရရပါပဲ၊ ကျနော့်အမ မနှဲလေးကပြီးရင် မောင်နှမ၂ယောက် မနှဲလေးဆက်တဲ့ ပိုက်ဆံတွေ ဝေစုခွဲရတာလဲ အမောပါပဲ။ သူကလဲ အမေ့သမီးလို့ မပြောရဘူး သူ့မောင် ကျနော့်ကို ကြက်ဥပြုတ်တွေ လာလာကျွေးရတာလဲ အလုပ်တခုပါပဲ။ သူကလဲ အမေ့ခြေရာ တထပ်ထဲနင်းနိုင်အောင်ကိုတော်တာပါ.. ကတဲ့နေရာမှာ မဟုတ်ပါဘူး ကျနော့်ဆီလာပြီး မုန့်တွေကျွး သူ့ကိုဆက်ထားတဲ့ ပိုက်ဆံတွေကို ကရင်းနဲ့ လာပေးနဲ့ သူဆို အမေ့ထက် တခုအလုပ်ပိုတာက သူပေးထားခဲ့တဲ့ ပိုက်ဆံကို ဘယ်လောက်လဲဆိုတာ မှတ်ထားတာပါ... ဘာလို့လဲဆိုတော့ ကျနော်က သူ၅၀ပေးခဲ့တယ်ဆိုပါတော့ သူကပြီးလို့ ဘယ်လောက်ရလဲ လာမေးရင် ကျနော်က ၄၀ပဲရတယ်တို့၊ ၃၀ပဲရတယ်တို့ပြောပြီး ကတုံးပေါ်ထိပ်ကွက်လို့ပါပဲ။ နောက်ပိုင်းတော့ သူသိသွားပြီး သူကလို့ ကျနော့်ဆီပိုက်ဆံလာပေးရင် ကရင်းနဲ့ ဘယ်လောက်ကျနော့်ကိုပေးခဲ့တယ်ဆိုတာ မှတ်ထားရတဲ့ အလုပ်ပါပဲ။ သူ့ခမျာလဲ.. ကျနော်ကတုံးပေါ်ထိပ်ကွက်မှန်း သိပေမဲ့ ပေးစရာလူက ကျနော်ပဲ ရှိတာဆိုတော့ မပေးလို့လဲ မဖြစ်ဘူး ကပြီးမှယူလို့လဲ မရဘူးလေ၊ နတ်ကပြီးတာနဲ့ နတ်ကတော်က အကုန်စီးပြီး သိမ်းတာဆိုတော့ အခွင့်အရေးက ကတုန်း အချိန်ပဲရှိတာ၊ တခါတလေ ကနေရင်းတောင် နတ်ကတော်က ပိုက်ဆံတွေ လာလာယူသွားတာဆိုတော့ လသာတုန်းဗိုင်းငင် ရတာပေါ့။

နတ်ကတော်တွေက ကျနော့်ကိုချစ်ကြတယ်ဆိုလို့ ပြောရဦးမယ်.. နတ်ကတော်တယောက်ပဲဗျ ကျနော့်မွေးစားမယ်လုပ်သေးတာဗျ၊ အဲဒါ အမေက ဒါကျမသားအငယ်ဆုံးလေး ကျမရဲ့ နောက်ဆုံးပိတ်ကလေးတော့ မပေးနိုင်ဘူး ဆိုလို့ မမွေးစားဖြစ်ဘူး ဆိုပါတော့၊ တကယ်လို့သာ မွေးစားလိုက်ရင်တော့..... အင်း... ခုလောက်ဆို ကန္တားစီးမောင်မောင်အိမ်ဆိုပြီးပဲ နာမည်ကြီးမလား... ဒါမှမဟုတ် မာမီအိမ်လို့ပဲ နာမည်ထွက်မလား... ဒါမှမဟုတ်... အေအိုင်ဒီအက်စ်ပဲ ဖြစ်ပြီး ဂန့်သွားမလား.. တခုခုတော့ သေချာပါတယ်။ ဘာဖြစ်ဖြစ်လေ အမေ့ကိုကျေးဇူးတင်ရမှာပေါ့ ... အမေသာ သူများပေးပြစ်ခဲ့ရင်တော့ ဖုန်းကညာတပါး၊ လုံးရာကပြားသွားမှာသေချာသလောက်ပါပဲ၊ အခုတောင် အိမ်ဆိုတဲ့နာမည်ကို မိန်းကလေးထင်နေတဲ့သူ ၄၊၅ယောက် ရှိနေပြီ။ ဒါကိုသွားမြင်တော့ ကိုယ့်ဟာကိုယ်လဲ ပြန်တွေးမိတယ်၊ ငါ့မှာ အခြောက်ဖြစ်မဲ့ဇာတာများ ပါသလားမသိဘူး၊ ငယ်ငယ်ကလဲ အခြောက်ကမွေးစားမယ်တဲ့၊ အခုလဲ မိန်းကလေးထင်နေကြတယ်။

... ..... သြော်... ဒုက္ခ.. ဒုက္ခ.. အဲဒီလိုသာ မိန်းကလေးလို့ ဆက်ထင်နေရင်... ယူဖို့ မိန်းမကလဲ ရှာမတွေ့သေးတာနဲ့ ထိုင်းသွားပြီး လိင်ပြောင်းလိုက်ရရင်တော့.... တောက်... ... တလွဲတွေတော့ ဖြစ်ကုန်တော့မှာပဲ ရှင်... အဲလေ.. ဗျာ..။

22 Response to ကလေးဘဝ အမှတ်တရများ ၂

6 February 2010 at 08:17

ကိုအိမ်ကို ဝေါင်ဝေါင်ရှေး မှပဲ..ရှင်တဲ့ ဟိဟိ..
ပြောလို့မရဘူး..ခုထိ အိမ်ထောင်မကျသေးရင်..
တစ်ခုခုပဲနော်..မာမီအိမ်..:P
ပေါက်ကရလေးဆယ်ရေးသွားတာပါ ကိုအိမ်ရေ..

6 February 2010 at 09:35

မာမီအိမ် အဲ့ ယောင်လို့ ကနားစီမအိမ် အဲ့ မှားပြန်ပြီ ကိုကိုအိမ် အဟေးဟေးးးးးးး နတ်ကတော်ဆီမှာ မွေးစားခံလိုက်ရရင် ဦးကျောက်လို သရဲအကြောင်းတင်မကဘူး နတ်အကြောင်းပါ သိလိုက်ရမယ် ကိုအိမ် မွေးစားခံလိုက်ပြီးရော အဟေးး


လေးစားလျက်
တောင်ပေါ်သား

6 February 2010 at 09:42

အော် ..
ငါ့ အစ်ကိုတစ်ယောက် ဘာလို့ မိန်းမ မရသေးတယ်ဆိုတာ အခုမှပဲသိတော့ တယ်
သူကယောက်ျားလိုချင်နေတာကိုးးးး
ဟီဟီ :P

6 February 2010 at 10:44

မာမီအိမ် ကန္နားစီးမောင်မောင်အိမ်

ကြွပါ။ မပါ။
ကြွပါဆိုတာက ခြေထောက်အောက်မှာ ၅၀၀၀ တန် ရောက်နေလို့ ။ ဒီလိုကြွပေးမှ ကောက်လို့ ရမှာလေ။

မပါဆိုတာက စင်ပေါ်က ကြက်သား၊ငါး၊ ကြက်ဥကိုပြောတာနော်။

6 February 2010 at 11:10

ဟိ ကောင်းသားပဲ ပြောင်းလိုက်ပေါ့ အခုခေတ် ဖြတ်ဖောက်ချုပ်တွေက ဈေးကောင်းနေတယ် ပြောတယ် မာမီ အိမ်ရေ ခိခိ

6 February 2010 at 13:54

ဗဟု နဲ့ သုတ စုံပါပေတယ် မာမီရယ် :P

6 February 2010 at 16:03

ကောင်းပါတယ် တစ်ပွဲလောက် ကပြပါလား နတ်ကတော် အတွေ့အကြုံစုံတယ် ဆိုတော့:P

7 February 2010 at 02:21

အော်...

နတ်ကတော်တွေက ချစ်တာလား

နတ်ကတော်တွေကို ချစ်တာလား


အမက မနှဲလေးကတယ်ဆိုရင်

ကိုအိမ်ကတော့ ကိုကြီးကျော်ပေါ့


ကျနော့်ဘလော့လေး လူစည်အောင် နတ်ကနားပေးချင်လို့

လုပ်ပါအုံးဗျ

မာမီ အိမ် ကို အားကိုးပါတယ်....


ဥစားချင်လဲကျွေးမှာပါ


ဟီးးး

7 February 2010 at 15:00

နတ်ဆီက တဝတဖြဲစားလို့ လဲ ဒီကိုယ်လုံးကြီး(ဝက်ပုတ်ကိုယ်လုံး) ဖြစ်လာတာဖြစ်မယ်...

=P
(စတာ)

7 February 2010 at 23:17

မာမီအိမ်း)

8 February 2010 at 14:27

မာမီအိမ် အဲယောင်လို့
လိုက်လဲလိုက်တဲ့ အမေ အမ နဲ့သားပဲနော်
ဖတ်ပြီး ပြုံးသွားပါတယ် :)

9 February 2010 at 05:46

ကန္နားစီး ကိုမောင်မောင်အိမ်ရေ...
အရင်တုန်းက နာမည်ကိုမြင်ရုံလေးမို့ မိန်းခလေးလို့ထင်ခဲ့တာပါ...အခုတော့ အိမ် ဆိုတာ နတ်ကတော်မှန်း (အဲလေ ယောင်လို့ ) ယောကျာ်းလေးမှန်းသိနေပါပြီ...

စိတ်မဆိုးကြေးနော် ကိုအိမ်...

ခင်မင်စွာ
အင်ကြင်း

9 February 2010 at 18:12

လတ်စသတ်တော့.. ကနားစီးကိုးးးး..ဟမ်.လာထား.. မာမီအိမ်.. သားတော်ကို ကြက်ကြော်ခွံ့..။ မျိုးနဲ့ရိုးနဲ့ကို.. ကိုးစားလာတယ်ဆိုပါလား.။ လူလည်ကျပုံက .. နတ်တောင်မနေရဘူး။

10 February 2010 at 09:22

ဟဟ ဂမ္ဘီရရွှေမိုးနဲ့ လာတွေ့တာပဲ :D

13 February 2010 at 20:41

တော်ပါသေးရဲ့ ဗျာ...
မဟုတ်ရင် အခုလောက်ဆို...

အမေ ရေအိမ် ဖြစ်နေလောက်ပြီ...

းဝ)

19 February 2010 at 23:00

အမေရေအိမ်ရေ ထင်ထင်ရှားရှား ' မ ' ပါဗျာ။

19 February 2010 at 23:02

ကိုယ့်လူဆီကနေ နတ်ကတော် ဘဝ သရုပ်ဖော် ဇာတ်လမ်းတွေ ထွက်လာနိင်သေးတယ် ။
ကုန်ကြမ်းတွေ စုထားဗျ။

20 February 2010 at 03:43

အယ်.... တို့ကိုကြီးအိမ် က..
လက်စသတ်တော့ မာမီကြီးဖစ်နေတာကိုးးးးးးးးးး
သမီးတောင် မသိလိုက်ရပါလားးးးးးးးး အဟဲ...

23 February 2010 at 20:49

သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊
သူငယ်ချင်းရဲ့blogလေ
းကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားနဲ့
တင်ပြဟန်ကို
သဘောကျပါတယ်။ကျွန်တော်တို့ရဲ
့http://taylaydoeyethmatthan.ning.
com/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ
ရှိလို့ မရေးနိုင်လျှင်လည်း။
ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့
ခွင့်ပြုစေချင်ပါတယ်။
သူငယ်ချင်းကလောင်အမည်နဲ့သူငယ်ချင်း၏blog Link ကို ပါ
Refrence
၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်
ဗဟုသုတနှင့်ရသ
ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက်
နားလည်စေချင်ပါသည်။


update
ဖြစ်သောpostများကိုလည်
းtaylaymin@gmail.comသို့ပို့ပေးးစေချင်
ပါသည်။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။

တေလေများ

6 March 2010 at 19:49

မာမီ အိမ်ရေ.. လာသွားတယ်။
မာမီ အဆင်ပြေပျော်ရွှင်ပါစေး))

မငုံ
26 March 2010 at 02:13

မာမီ..ဘယ်ကန္တားစီးဖို့ ရှိပါလဲ။ တောင်ပြုံးပွဲတော် အရောက်သွားမယ်လားးးး

ငွေအိမ်စံ
26 March 2010 at 11:24

one more smile :) :)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း