Friday, September 04, 2009

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ

20
ဒီမှာဖတ်ရတာ အဆင်မပြေရင် ဒီလင့်မှာ သွားရောက် ဖတ်ရူနိုင်ပါတယ်။

ဒီခေါင်းစဉ်နဲ့ ဖော်ဝပ်မေးတခု ဝင်လာလို့ စိတ်ဝင်စားတာနဲ့ ဖတ်ကြည့်တာမှာ အတော်လေးကို ပြည့်ပြည့်စုံစုံနဲ့ စိတ်ဝင်တစား အချက်ကျကျ ဝေဖန်ရေးထားတာလေးတွေတွေ့ရပါတယ်။ တချို့အချက်အလက်တွေဟာ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ မှန်ကန်တဲ့ အချက်တွေပါပဲ။ ဒါပေမဲ့ တချို့ အချက်အလက်တွေဟာ တဖက်စွန်းရောက်နေတယ်လို့ ထင်မိပါတယ်။ ဒါကလဲပြောမယ်ဆို စာရေးသူရဲ့ ဘာသာရေး အမြင်နဲ့ မြန်မာပြည်သူ၊ ပြည်သားတွေအပေါ်မှာ ထားတဲ့ မေတ္တာ၊ စေတနာတွေမို့ အပြစ်မပြော သာပါဘူး။ သို့ပေမဲ့ ဒီစာကိုရေးသားသူ သတိမထားမိတာလေးတွေ ရှိတယ်လို့ ထင်မိပါတယ်။ ဒီတော့ ကျနော့်အနေနဲ့ ဒီစာရေးသူနဲ့ သဘောထား ကွဲလွဲနေတာလဲ ဖြစ်ကောင်းဖြစ်ပါမယ်၊ သို့တည်းမဟုတ် ဒီစာကို ပြန်လည်ဝေဖန်ဆန်းစစ်တာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျနော့်အနေနဲ့ ဒီစာရေးသူကို ပုတ်ခတ် နှိမ့်ချလိုတဲ့ စိတ်နဲ့ ပြန်လည်ရေးသားခြင်း မဟုတ်ဘူးဆိုတာ နားလည်ပေးကြပါ။



ကျနော့်အနေနဲ့ အနီးစပ်ဆုံး ဥပမာနဲ့ပြောပြရရင်တော့ ပစောက်( ပ ) ဆိုတဲ့ မြန်မာအက္ခရာ စာလုံးတလုံးကို အရပ်လေးမျက်နှာမှာ ရှိတဲ့သူတွေကို ဖတ်ခိုင်းတော့ ၁၊ဂ၊င၊ပ စသည်ဖြင့် မြင်တွေ့ရမှာပါ။ ကျနော်လဲ ထိုနည်း၎င်း ပါပဲ ဒီစာကို ရူထောင့်တခုကနေ မြင်ကြည့်တဲ့ သဘော သက်သက်ပါ။ ကျနော်ထောက် ပြတာတွေ မှားနေရင်လဲ ပြောပါခင်ဗျ...။ လွတ်လွတ်လပ်လပ် မည်သူမဆို အပြုသဘောဆောင်တဲ့ ဘယ်ဝေဖန်ချက်မဆို လက်ခံရန် အသင့်ပါ။

ဒီလိုရေးရာမှာ ကျနော့်အနေနဲ့ စာရေးခဲ့သူ သတိမထားမိတဲ့ အချက်များကိုပဲ အဓိကထားပြီး ဖော်ပြရေးသွားမှာ ဖြစ်တဲ့အတွက် သူ့စာအကုန်လုံးကို ပြန်လည်မဖော်ပြတော့ပါဘူး။ ဖတ်ချင်တယ်ဆိုရင် ဒီမှာသွားရောက် ဖတ်ရူနိုင်ပါတယ်။

၁...။ "ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ငွေ ၃-၄-၅ သိန်းစသဖြင့် အကုန်ခံပြီး ချောင်းသာ၊ ငပလီ၊မောင်းမကန် တို့ကိုသွားပြီး ရေငံငံတွေရှိတဲ့ ပင်လယ်ကို သွားကြည့်ပါတယ်၊ ဇိမ်ခံကြပါတယ်၊ ငါတော့မသေခင် ငါတို့ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူခဲ့သော ဗုဒ္ဓဂါယာကို သွားဖြစ်အောင်သွားပြီးတော့ကိုဖူး လိုက်ဦးမယ်ဟေ့ဆိုတာ ဒီနေ့အထိမတွေ့ဘူးသေးပါဘူး" တဲ့ ဟုတ်ပါတယ် မှန်ပါတယ်။ အများအားဖြင့်ပေါ့လေ ငွေကြေး ပေါများ တယ်ရယ်လို့ မဟုတ်ပေမဲ့ မိသားစု၊ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ အတူအားလပ်ရက်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးချင်လို့ ချောင်းသာတို့၊ ငပလီတို့ စသည်ဖြင့်ပေါ့ သွားကြပါတယ်။ အဲဒီ ချောင်းသာတို့၊ ငပလီတို့ သွားကြတဲ့သူအတော်များများဟာ လူငယ်တွေ ဖြစ်နေတာပါ..။ လူငယ် ဆိုတာ သိတဲ့ အတိုင်းပဲ စားမယ်၊သောက်မယ်၊ပျော်မယ်၊ ပါးမယ်၊ ဘာမှမစဉ်းစားဘူး လုပ်ချင်တာ လုပ်မယ်၊ ဆိုတဲ့စိတ်ဓာတ်လေးတွေ ရှိတတ်ကြပါတယ်။ သူတို့လေးတွေ စိတ်မှာ ငါငယ်သေးတယ်၊ မသေနိုင်သေးဘူး၊ ဘုရား တရားအလုပ် ငါတို့နဲ့ မဆိုင်လို့ စိတ်ထဲ မှတ်ယူထားကြတာ မဟုတ် ကြပေမဲ့ အားလုံးလိုလိုက အပျော်အပါးဘက် အားသန်တတ်ကြပါတယ်။ ဒါကိုလဲ လူငယ်ဘဝ ဖြတ်သန်းဖူးသူတိုင်း သိကြမှာပါ။

နိုင်ငံရပ်ခြားဖြစ်တဲ့ ဗုဒ္ဓဂါယာကို သွားဖို့ဆိုတာ ပထမဦးဆုံးက ပိုက်ဆံရှိရမယ်၊ ပြီးရင် ဘုရားဖူးအဖွဲ့နဲ့ ဆက်သွယ်ရမယ်၊ ပါတ်စ်ပို့ စာအုပ်လျှောက်ရမယ်၊ သွားဖို့လာဖို့ လေယာဉ်လက်မှတ်က အစ၊ လမ်းမှာသုံးဖို့စွဲဖို့နဲ့ လှူဖို့၊တန်းဖို့ အနဲဆုံး ၁၀သိန်းမရှိရင် မရနိုင်ပါဘူး။ ၁၀သိန်းဆိုတာ တယောက်စာ ကုန်ကျစရိတ်ပါ။ အမှန်တော့ အဲဒီလောက် မလိုအပ်ပါဘူးလို့ ပြောကောင်းပြောမှာပါ.. ဒါပေမဲ့ သွားပြီးဆိုမှတော့ ဘယ်သူပဲ ဖြစ်ဖြစ် စားဖို့၊သုံးဖို့ မဟုတ်တာတောင် လှူချင်တန်းချင်မှာပဲလေ၊ ပြီးတော့ သူများသုံးတာ စွဲတာ၊ လှူတာ၊တန်းတာမြင်ရင် စားချင်မှာပဲ၊ လှူချင်မှာပဲ မဟုတ်လား။

ဆိုတော့ကာ မြန်မာပြည်က ဗုဒ္ဓဘာသာဝင် မှန်သမျှဟာ မည်သူမဆို သုံးလောက ထွတ်ထား မြတ်စွာဘုရား ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓဂါယာ ဆိုတဲ့နေရာ မသွားချင်တဲ့သူ မရှိလောက်ပါဘူး။ သို့ပေမဲ့လည်း.. မိမိ အလုပ်ပြန်ဝင်ရမဲ့ အချိန်၊ ကျောင်းပြန်တက်ရမဲ့ အချိန်၊ အဓိက ကတော့ ငွေကြေးမတတ်နိုင်ကြလို့ မသွားနိုင်ကြတာ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ ဒီစာကို ရေးသူပြောသလို ငွေကြေးပေါများသူ ဆိုတာ မြန်မာပြည်မှာ အီဂျစ်က ပိရမစ် အဆောက်အဦးတွေလို တကယ်ချမ်းသာတဲ့သူတွေက လူနည်းစုတွေဆိုတာ အားလုံးသိပြီးသား ပါ။

၂........။ အချက်ကတော့ မိန်းကလေး များအတွက် သတိထားထိန်းသိမ်း သင့်တဲ့ အချက်တွေပါပဲ။ မိန်းကလေးတွေ ဝတ်တာ၊ စားတာ၊နေတာ၊ထိုင်တာက စပြီး၊ သူတို့နဲ့ ရည်ငံနေသူတွေ အပေါ် ယုံကြည်တာတွေ၊ ပြည့်တန်ဆာမတွေ အကြောင်း ၊ စသည်ဖြင့် ပြောဆို ဆွေးနွေး တင်ပြထားပါတယ်။

ဟုတ်ကဲ့.... အလွန်တရာမှ မှန်ကန်ပါတယ်.. ဒါပေမဲ့ ... ထိုစာရေးသူ သတိမထားမိတာကတော့... ဒါမျိုးတွေ အခုမှ ဖြစ်လာတာလား ဆိုတာ ဝေဖန်စမ်းစစ်ဖို့ လိုမယ်လို့ ထင်ပါတယ်...။ ဥပမာ.. အနေနဲ့ ကျနော့်အဘွားရဲ့ ပြောပြချက်အရ သူ့မိဘရှိတုန်းက ထမီကို ခြေမျက်စေ့ အပေါ်တက်ဝတ်မိရင်ကိုပဲ မိန်းမရွှင်လို့ ပြောဆိုပြီး မိဘက ရိုက်မောင်း၊ ပုတ်မောင်းလုပ်ပြီး ထမီကိုချက်ခြင်း ပြင်ဝတ်ခိုင်းပါတယ်။ ဒီလိုနဲ့ အဘွားလက်ထက်ကနေ၊ ကျနော့်အမေ လက်ထက်ရောက်လာတော့ ခြေမျက်စေ့အပေါ်နားအထိ ထမီဝတ်တာဟာ ပုံမှန်ဝတ်တာ ဖြစ်လာပြီး ကျနော့်အမများ လက်ထက်ရောက်လာတော့ ခြေသလုံးပေါ်အောင် ဝတ်တာ ဖက်ရှင်တခုလို ဖြစ်လာတော့ အဘွားတို့က "ညီးတို့နှယ်အေ... ကောက်စိုက်သွားမှာကျနေတာပဲ၊ ကိုယ့်ခြေသလုံး ဝဲရှိတာ လူတကာမြင်အောင် ပြနေသလိုပဲ" လို့ ပြစ်တင်ဝေဖန်တာ ခံခဲ့ရပါတယ်။ ဒီလိုနဲ့ ကာလရွေ့လျားလာတော့... ... အခုခေတ်ပေါ့နော်... ဘောင်းဘီဝတ်လာကြ ပါတယ်။ တချို့လဲ အလုပ် အကိုင်၊ နေရာဒေသ၊ ကြောင့် ဝတ်စားရတာလဲ ရှိတတ်ပါတယ်။ ချွင်းချက်အနေနဲ့ ခေတ်ဆန်လွန်းသူများ၊ မပါပါဘူး။ ပြည့်တန်ဆာတွေ ဝတ်တာ စားတာတော့ အပြစ်ပြောလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ စဉ်းစားကြည့်ရင် သူတို့လဲ ဝမ်းရေးအတွက်ဆိုတော့ ပုရိသတွေမျက်စေ့ကျအောင် ဝတ်စားရပါတယ်။ ဒါမှလဲ သူတို့ဆီ ဧည့်သည်မပြတ်လာမှာပါ။ ဧည့်သည်မပြတ်မှ သူတို့လဲ ဝမ်းဝတဲ့အပြင် သုံးနိုင်၊ စွဲနိုင်မှာပါ။
ဟုတ်ကဲ့ ဘာပဲဖြစ်ဖြစ်... မြန်မာ့ယဉ်ကျေးမှုအရ မသင့်တော်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော ခေတ်တွေ ပြောင်းလဲ လာတာနဲ့ အမျှ ဝတ်တာ၊ စားတာတွေလဲ ပြောင်းလဲလာတာတော့ လက်မခံချင်ပေမဲ့ လက်ခံနေရတာပါပဲ၊ သွားပြောလို့မှ မရတာကိုးဗျ......။

နောက်တခုကတော့ အင်တာနက်တွေမှာ မြန်မာမိန်းကလေးတွေရဲ့ ဝစ်လစ်စလစ်ပုံတွေ၊ သူတို့နဲ့ သက်ဆိုင်သူတွေနဲ့ ပျော်မြူးနေတာတွေ စသည်ဖြင့်ပေါ့ ပျံ့နှံ့နေတာလဲ တဲ့ အမှန်ပါပဲ.. ဒါဟာ ဘာကြောင့်လဲ...... ကျနော့်အထင်ပြောရရင်တော့ ဒီလိုပုံတွေ အတော်များများဟာ ကာယကံရှင်တွေတောင် မသိလိုက်တာများမှာပါ တချို့ သမီးရည်းစား၊ တချို့လဲ လင်မယား တွေ ပါကောင်းပါနိုင်ပါတယ်။ ပြည့်တန်ဆာများ အနေနဲ့ ဓာတ်ပုံရိုက်တဲ့သူ မိမိရဲ့ဧည့်သည်ကို နောက်တခါလာမယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒါမှမဟုတ် ပိုက်ဆံပိုရမယ်ဆိုတဲ့ အထင်နဲ့ အရိုက်ခံရှိသလို၊ တချို့လဲ သူတို့ကို ဓာတ်ပုံရိုက်လို့ ရိုက်သွားမှန်းတောင် မသိလိုက်သူတွေလဲ ရှိမှာပါ။ အဲ.. တချို့ကျတော့... သိသိကြီးနဲ့ အရိုက်ခံတာတွေလဲ ရှိပါတယ် ပြောမယ်ဆိုရင်တော့ အခမဲ့ကြော်ငြာခြင်း တမျိုးပေါ့ ခင်ဗျာ..။ ဒါမှလဲ သူတို့ဆီ ပုရိသတွေ စုံစမ်းပြီး လာတော့မှာကိုးဗျ... နော...။
သမီးရည်းစားတွေနဲ့ ပါတ်သက်လို့ကတော့.... မိန်းကလေးအနေနဲ့ မိမိ ချစ်သူရည်းစားအပေါ် ယုံလို့ ပုံအပ်ထားမှတော့ ဒီလိုနှစ်ကိုယ်ကြား ဓာတ်ပုံရိုက်တာ အပြစ်မမြင်တာလဲ ဖြစ်နိုင်မှာပါ။ ဒီလိုနဲ့ သူတို့သမီးရည်းစား အကြောင်း အမျိုးအမျိုးကြောင့် ကွဲကွာသွားရင်ပဲ ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် သူတပါးလက်ထဲ ထိုပုံရောက်ရှိသွားရင်ပဲ ဖြစ်ဖြစ် (ဥပမာ... အင်တာနက်ဆိုင်များတွင် လာရောက် သုံးစွဲသူများ၏ မေးများကို ဟက်ခြင်း၊ ကောင်လေး၏ လက်ကိုင်ဖုန်း(သို့မဟုတ်) ကင်မရာမှ ကောင်မလေး၏ ဝစ်လစ်စလစ် ပုံများကို ကောင်းလေး၏သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများမှ တွေ့ရှိသွားသဖြင့်၊ ဘလူးတု၊ အင်ဖရာနက်၊ အမ်အမ်အက်စ်၊ စသည်များ အသုံးပြုပြီး ကောင်လေးမသိအောင် ကူးယူသွားခြင်း)ထိုသို့ မဟုတ်ပါဘဲ ကောင်လေးကိုယ်တိုင်မှ ကောင်မလေးကို တန်ဖိုးမထားဘဲ သူတကာအား လျှောက်ပြပြီး မေးဖြင့်ပို့ခြင်း၊ ဘလူးတုဖြင့် တခြားဖုန်းသို့ ပို့ခြင်း..... .... စသည်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိလာတတ်ပါတယ်။
တချို့လဲ ကာယကံရှင်နှစ်ယောက်လုံး သိတောင် မသိလိုက်ဘဲ ခိုးယူရိုက်ကူးခြင်း ခံခဲ့ရတာတွေလဲ အများကြီးပါ။

နောက်တချက်ကတော့ living together နေတဲ့ကိစ္စ္စ.... ကျနော့်အထင်မြန်မာပြည်မှာတော့ အမျိုးကောင်း သမီးတွေ ဒီလိုနေမယ်လို့ မထင်မိပါဘူး။ အများအားဖြင့်က မိဘ အုပ်ထိန်းမှု အောက်မှာ ရှိနေကြလို့ပါ။ ဒီလိုဆိုတော့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ် ၊ကျောင်းတက်သူတွေက ဒီလိုနေသလားလို့ မေးစရာ ရှိပါတယ်။ လက်မထပ်ပဲ အတူနေကြတဲ့ ပြဿာနာမှာ မြန်မာ ၊မြန်မာချင်း လက်မထပ်ဘဲ အတူနေ တာကို အရင်ဆုံး ပြောချင်ပါတယ်..။ သိပ်မကြာသေးတဲ့ ၁၀စုနှစ်လောက်က မိန်းမခိုးပြေးတာ ခေတ်စားဖူးပါတယ်။ ဒါကလဲ ပြောမယ်ဆို ချစ်တာ တခုထဲ ကြည့်ပြီး အတူနေရမယ်ဆို တူနှစ်ကိုယ် တဲအိုပျက်မှာ ထမင်းရည်ပဲ သောက်ရသောက်ရဆိုတဲ့ ခံယူချက်၊ ခေတ်ကာလအခြေအနေအရ လူတွေစီးပွားရေး ကောင်းတယ် ပြောလို့ မရပေမဲ့ သူ့အိုးနဲ့ သူ့ဆန် တန်ရုံတော့ စားနိုင်သောင်နိုင် ကြတာတချက်၊ စသည်ဖြင့်ပေါ့... ရှိခဲ့တော့ နောင် ခေတ်တွေပြောင်းပြီး စီးပွားရေး အခြေအနေတွေ ဆိုးလာတော့ ဒုက္ခတွေရောက်ကြ၊ လင်မယားတွေ ကွဲကြ၊နဲ့ ဖြစ်ကုန်တော့ နောက်တက်လူငယ်တွေက ဒါကိုမြင်လာပါတယ်၊ ဒါ့အပြင် နိုင်ငံခြားဆိုတာက ခုခေတ်မှာ အရမ်းခေတ်စားလာတော့ နိုင်ငံခြားသွားပြီး မိဘကိုထောက်ပံ့မယ်၊ ဆွေမျိုးတွေ ပေးကမ်းမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်တာတောင်၊ (အများအားဖြင့်ကတော့ မိဘနဲ့ ဆွေမျိုးတွေ ပေးကမ်းချင်တဲ့ စိတ်ရှိကြပါတယ်) ဒီလိုမဟုတ်တာတောင် ကိုယ့်ဘဝတိုးတက်ဖို့၊ ပညာတတ်ဖြစ်ဖို့၊ ကိုယ်သုံးတာ ကိုယ်ရှာဖို့ စသည်ဖြင့် နိုင်ငံရပ်ခြားကို သွားကြပါတယ်။ အဲဒီမှာ ချစ်ကြ၊ ကြိုက်ကြပါတယ်၊ ချစ်ကြ၊ ကြိုက်ကြပေမဲ့ လက်ထပ်လို့က မဖြစ်သေးဘူး။ ဘာကြောင့်လဲ ဆိုတော့ မိမိရဲ့ ပညာကလဲ ဆုံးခန်းမတိုင်သေးတာ ရှိသလို၊ မိဘကို ပြန်ငဲ့ပြီး မယူနိုင်တာတွေလဲ ရှိတတ်ပါတယ်။ ဒီလိုတွေအပြင် အုပ်ထိန်းသူကလဲ မရှိ၊ ဂရုစိုက်ရမဲ့ ပါတ်ဝန်းကျင်ဆိုတာကလဲ မရှိ၊ ဘာလုပ်လုပ် ဘယ်သူမှ မသိတော့၊ စိတ်လွတ်ကိုယ်လွတ်ဖြစ်တတ်ပါတယ်။
အဓိက ကတော့ မိန်းမတွေဟာ အယုံလွယ်တတ်တာပါ။ ဒါကြောင့်လဲ ကျနော်တို့ မြန်မာစကားမှာတောင် ရှိပါတယ်.. မိန်းမတွေဟာ နှာခေါင်းမပါရင် မစင်ကျွေးရင်တောင် စားကြမှာလို့ ပြောတတ်ကြပါတယ်။

မြန်မာမိန်းကလေးနဲ့ နိုင်ငံခြားသား အတူနေတာကျတော့..... ကျနော့်အမြင် အရ အဲဒီမိန်းကလေးစိတ်ဟာ.. နိုင်ငံခြားသား တယောက်ကို ယူလိုက်လို့ရှိရင် သူ့ဘဝ အရမ်းပြောင်းလဲ သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ဆိုလိုတာက လက်ရှိထက် ချမ်းသာမယ်၊ လူနေမှုအဆင့် ပိုမြင့်လာမယ်၊ ဆိုတဲ့မျှော်လင့်ချက်ကြောင့်လို့ ထင်ပါတယ်။ တချို့လဲ တကယ်ချစ်တာ ရှိကောင်း ရှိမှာပါ။ အချစ်ဆိုတာ အနေနီးစပ်တာကြောင့်လဲ ဖြစ်နိင်ပါတယ်။တရုံးထဲမှာ နေ့စဉ်ရက်ဆက် တွေ့နေမြင်နေရတာတွေလည်းရှိမှာပါ။


အဆိုးဆုံးကဘာလဲဆိုတော့... နိုင်ငံခြားမှာ မြန်မာ မြန်မာချင်းကို မယုံရတာပါ။ အဲဒီ မြန်မာအချင်းချင်းကိုပဲ ကျော်စား၊ခွစား ရိုက်စား၊ လုပ်သွားကြတော့ နိုင်ငံခြားမှာ သွားရင်လာရင်း မြန်မာ၊ မြန်မာခြင်း လမ်းမှာဆုံရင်တောင် တယောက်ကို တယောက် ကြည့်တဲ့ မျက်လုံးတွေက ဒီကောင် သူခိုးလား၊ လူလိမ်လား ဆိုတဲ့ ပုံစံနဲ့ ကြည့်တာတွေ ဖြစ်လာတော့ .......... ။ အဲတချို့ကျတော့ ကာမစိတ်အားကြီးတော့ မြန်မာ မြန်မာ ချင်းဆိုရင် သူ့သတင်းတွေ မြန်မာပြည် ပြန်ရောက်မှာ ၁၀၀ရာခိုင်နှုန်းသေချာနေတယ်။ အဲဒီလိုပဲ မြန်မာ မြန်မာခြင်းကို သူကြိုက်လိုက်ရင် သူမြန်မာပြည်မှာ ဘာလုပ်စားတယ်၊ ဘယ်လိုနေတယ်၊ ဘာညာ စသည်ဖြင့်ပေါ့ လူအသိမခံခြင်တာလဲ ဖြစ်နိုင်တာပါပဲ။ ခပ်ရိုင်းရိုင်းပြောရရင်တော့ဗျာ... မိန်းမလဲ လူပဲ၊ ယောကျာင်္းလဲ လူပါပဲ၊ အကုန်လုံးဟာ သွေးသားနဲ့ တည်ဆောက်ထားကြတဲ့ ခန္ဓာကိုယ်တွေနဲ့ပါ။ အထူးသဖြင့် ပေါ့လေ ဒီ sex ကိစ္စ္စမှာ တခါကြုံဖူး၊ ထိတွေ့ဖူးသူဟာ နောက်ထပ်၊ နောက်ထပ် မသိစိတ်ကပဲ ဖြစ်ဖြစ်၊ သိစိတ်ကပဲ ဖြစ်ဖြစ်မျှော်လင့်နေမိ တတ်ကြပါတယ်။ ဒါကြောင့်လဲ သောက်လေ၊ သောက်လေ ငတ်မပြေဘူးရယ်လို့ လူတွေ တင်စား ခဲ့ကြပါတယ်။ စကားပုံတောင် ရှိပါသေးတယ်.. တခါခြံခုန်ဖူးတဲ့နွား၊ နောက်တခါ ထပ်ခုန်ဖို့ဆိုတာ လွယ်သွားပါပြီ။

နောက်တချက်က ကျနော်တို့ ယောကျာင်္းလေးတွေ အကြောင်းရေးထားတာပါ...။ ရေးထာတာကတော့ နှမချင်း ကိုယ်ချင်းစာဖို့၊ ဖေးမကူညီဖို့၊ စသည်ဖြင့် ရေးထားပါတယ်။ အမှန်ပါပဲ တကယ်ကို လိုက်နာသင့်တဲ့ အချက်ပါ။ ဒါပေမဲ့ အတော်များများက မလိုက်နာနိုင်ကြပါဘူး။ အကုန်လုံးကို မပြောပါဘူး။

ဒီလိုတွေ ဘာကြောင့် ဖြစ်ရလဲ ဆိုတော့.. အပေါ်မှာ ရေးထားတဲ့ မြန်မာ မြန်မာခြင်း၊ လက်မထပ်ဘဲ အတူနေတဲ့ အကြောင်းမှာ အကျုံး ဝင်ပြီင်္းသားမို့ ထပ်မရေးတော့ပါဘူး။ တကယ်တော့ ယောကျာင်္းတွေက ကျားနဲ့မျောက် စပ်ထားတာပါ။ တကယ်ပါ မယုံမရှိပါနဲ့ သားကောင်ကို လိုက်တဲ့နေရာမှာ အချိန်ပေးချောင်မြောင်း ကြည့်ရူမှတ်သားပြီး ပိုင်ပြီဆိုမှ ဝင်ဖမ်းတတ်တဲ့ အပြင် မျောက်လိုပဲ ဘယ်တော့မှ သစ်ကိုင်းတခုထဲမှာ မနေဘဲ ဟိုခုန်၊ ဒီခုန် လုပ်တတ်ပြန်ပါတယ်။ အမဲလိုက်မုဆိုး အဖြစ်နဲ့လည်း သွားတူပြန်ပါတယ်။ တောထဲဝင်ပြီး တွေ့ရာ တိရစ္ဆာန်တွေကို ပစ်ခတ်ပေမဲ့ ထိတာလဲ ရှိသလို၊ ချက်ကောင်းမထိလို့ လွတ်သွားတာတွေလဲ ရှိတတ်ပြန်ပါတယ်။ သဘောကတော့ ယောကျာင်္းအတော်များများဟာ တွေ့ရာ မိန်းကလေးတွေကို မဟုတ်တာတောင် သူတို့ စိတ်ထဲ ချောတယ် လှတယ်ထင်တဲ့ မိန်းကလေးတွေကို နည်းအမျိုးမျိုးနဲ့ ဝင်လုံးတတ်ပါတယ်။ အဲဒီမှာ ကောင်မလေး အချစ်ကို ရတာလဲ ရှိသလို မရတာလဲ ရှိပါတယ်။
အဲဒီလိုပဲ ငါးမရရေချိုးပြန်မယ်ကွဆိုပြီး လုပ်တတ်ပြန်ပါရော.....။ သဘောကတော့ အချစ်မရလဲ ကောင်မလေးအကြောင်း မကောင်းပြောတာတို့ ဘာတို့ စသည်ဖြင့်ပေါ့ လုပ်တတ်ကြပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ... ကျနော်တို့ ယောကျာင်္းတွေ မကောင်းတာလဲ သေချာပါတယ်။ ကောင်းတဲ့သူတွေလဲ ဒုနဲ့ဒေးပါ။
သို့ပေမဲ့ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တတ်ပါတယ်။ တဖက်ထဲ ဘယ်လိုမှ မြည်နိုင်ပါဘူး..။ ယောကျာင်္း ဆိုတာ ဘာလဲ သိချင်ရင်တော့ ကျနော်...ပုံတွေကို ပို့စ်အဖြစ်တင်ထားတဲ့ ကျားဆိုမှကျား ဆိုတဲ့ ဟာလေး ကို ကြည့်လိုက်ရင် သဘောပေါက်မှာပါ။
( အံမာ.. ကိုယ့်ဘက်ကျတော့ ရေးထားတာများ အဟေဟေဟေ.... ခွင့်လွှတ်နော်... ကိုယ့်မျက်ချေး ကိုယ်မမြင်တာ မပြစ်တော့ မဖြစ်လောက်ဘူး ထင်ပါတယ်... )

ပြည့်တန်ဆာတွေနဲ့ ပါတ်သတ်ပြီး နိုင်ငံသိက္ခာကျရပါတယ်တဲ့... ဟုတ်ပါတယ်...။ သိက္ခာကျတာတော့ အမှန်ပါ။ သို့ပေမဲ့ လည်း ငါ့ဝမ်းပူဆာ မနေသာဆိုသလို သမုဒ္ဒရာ ဝမ်းတထွာအတွက် လူတိုင်း လှုပ်ရှားရုန်းကန် နေကြရပါတယ်.။ ဒီအထဲမှာမှ ကံအကြောင်းမလှလို့ ဒီလို ပြည့်တန်ဆာ ဘဝ ရောက်သွားသူတွေ၊ ပန်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဂရက်ကြောင့် ဒီဘဝရောက်သွားသူတွေ၊ ပညာကလဲမတတ်၊ ဘာမှလဲ မသိမတတ်နားမလည်ဘဲ၊ တပါးသူရဲ့ လှည့်ဖျားရောင်းစား ခံရတဲ့သူတွေ၊ တချို့ဆိုရင် ကိုယ့်ကို ရောင်းစားသွားမှန်းတောင် မသိလိုက်ကြပါဘူး.... စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဘဝဆိုးကြီးထဲ ရောက်လာသူတွေ ရှိတတ်သလို၊ ငွေနောက်ကို အလွယ်လမ်းကလိုက်ရင်း ပျက်စီးသွားတဲ့ ဘဝတွေလဲ မနဲပါဘူး။ အဲဒီလိုပဲ ယောကျာင်္းမဆန်သော ယောကျာင်္းများရဲ့ စွန့်ခွာခြင်း ခံခဲ့ရလို့ ငါ့ဘဝ မထူးဘူးဆိုပြီး ရေစုန်မျှောလိုက်တာတွေလဲ ရှိမှာပါ။ တချို့ကျတော့ ကာမစိတ်ကြီးလို့ ဒီဘဝရောက်လာသူတွေလဲ ရှိမှာပါပဲ။
သေချာစဉ်းစား ကြည့်ရင် ဘယ်သူကရော ယောကျာင်္းတိုင်းရဲ့ အဖြည့်ခံ ဘဝကို လိုချင် ကြမှာလဲဗျာ......။

ပြည့်တန်ဆာမလုပ်ဘဲ လခစားဝင်လုပ်မယ်ဆိုပါတော့ ဘယ်မှာလဲ အလုပ်အကိုင်နေရာ၊ ဘွဲ့ရတွေတောင် နိင်ငံခြားမှာ အိမ်ဖော်ထွက်လုပ်နေကြရတဲ့ခေတ်ပါဗျာ။ ပြည့်တန်ဆာဘက်က လိုက်ရေးပေးနေတာ လဲမဟုတ်ပါဘူး ...။ မူရင်းရေးသူက အကိုင်းအခက်တွေကိုပဲ ပြောနေတယ် နိင်ငံရေးစနစ်ကို အမြစ်လှန်ဘို့ကြတော့တခွန်းမှ ထည့်ပြောသွားတာ မတွေ့ရပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သူတို့ကြောင့် နိုင်ငံ သိက္ခာ ကျတာ နောက်ထားပြီး သူတို့ ဘယ်လိုတွေကြောင့် ဒီအလုပ်ကို လုပ်နေကြသလဲဆိုတဲ့ အချက်တွေကို လိုက်လေ့လာလိုက်ရင် နားလည်ခွင့်လွှတ်မယ်လို့ ထင်ပါတယ်။ ကာမစိတ်အားကြီးသူနဲ့ ငွေကို အလွယ်လမ်းက လိုက်သူတွေတော့ မပါဘူးပေါ့ ခင်ဗျာ....။ တကယ်တော့ ဒါတွေ ဘာကြောင့် ဖြစ်နေရသလဲ ...................???????????

chatting ထိုင်တာနဲ့ ပါတ်သက်ပြီးလဲ ဝေဖန် ပြောဆိုထားပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာပြည် အနေအထားကိုပဲ အဓိကထားပြီး ပြောပါ့မယ်။ ဒီလိုပါ ချက်တင်း ထိုင်တဲ့နေရာမှာ တချို့သူများဟာ အဝေးရောက် မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ ချစ်သူရည်စား စသည်ဖြင့်ပေါ့ဗျာ.. သူတို့နဲ့ စကားပြောဖို့ အတွက် သုံးကြသလို၊ တချို့လဲ တဦးနဲ့ တဦး အသိဥဏ်ပညာ ဖလှယ်ကြတာတို့၊ သတင်း အချက်အလက်တွေ ဝေမျှတာတို့၊ စသည်ဖြင့်ပြောမယ်ဆို မကုန်နိုင်ပါဘူး။ အမှန်တော့ ချက်တင်းထိုင်တယ်ဆိုတာ ဒီအတွက် အဓိကထားပေး ထာတာလို့ ကျနော် ထင်ပါတယ်။

တချို့လဲ အချိန်သက်သက် ဖြုန်းချင်လို့ လာထိုင်သူတွေလဲ ရှိမှာပဲ၊တချို့လဲ ခုနပြောသလို ကောင်းတဲ့ဘက်မှာ သုံးသူတွေ ရှိသလို၊ မကောင်းဘက်မှာ သုံးသူတွေလဲ ရှိတယ်ဆိုတာ လက်မခံချင်ပေမဲ့ လက်ခံနေရတာပါပဲ။ တကယ်တော့ အဲဒီလိုဖြစ်နေတဲ့ အကြောင်း အရင်းကတော့ ဝက်ဆိုဒ် အတော်များများကို ပိတ်ပင်ထားတဲ့ အတွက်ကြောင့်လို့ ကျနော် သုံးသပ်မိပါတယ်။ တချို့ ဝက်ဆိုဒ်တွေလဲ ဖွင့်ထားပေမဲ့ ဝင်ရခက်တာတွေ၊ တခါဝင်ဖို့ အရေး အချိန်အတော်ကြာကြာ စောင့်ဆိုင်းရတာတွေ၊ စသည်များကြောင့် လူ အတော်များများဟာ ချက်တင်းဆိုတဲ့ ဘက်ကို ရောက်ရှိသွားကြတာလို့ ထင်မိပါတယ်။ ထူးဆန်း နေတာက လူတွေအတွက် တကယ် အသုံးဝင်တဲ့ ဝက်ဆိုဒ်များကို ပိတ်ပင်ထားပြီး တချို့လဲ ဖွင့်လို့ ရပေမဲ့ အဝင်နှေးပါတယ်၊ ဒါတွေကျတော့ ပိတ်ပင်ထားပြီး ကိုယ်ကျင့်သိက္ခာပျက်စီးစေမဲ့ ဝက်ဆိုဒ်တွေကျတော့ ဝင်ရ၊ထွက်ရ လွယ်ကူနေတာ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ စာတွေ၊ ပို့ရလွယ်နေတာ၊ ကူးယူရလွယ်နေတာဟာ အင်မတန်မှ စဉ်းစားစရာ ကောင်းတဲ့ အချက်ဆိုတာ သတိထားမိရင် သိမှာပါ။

လောကမှာ ဆန့်ကျင်ဘက်ဆိုတာ အမြဲရှိပါတယ်။ အချစ်ရှိလို့ အမုန်းဆိုတဲ့ စကားဖြစ်လာသလို၊ စစ်ရှိလို့ ငြိမ်းချမ်းရေး ဆိုတဲ့စကားဖြစ်လာတာပါ။ ဒီလိုပဲ အကောင်းဆိုတဲ့ စကားလုံး ရှိခဲ့လို့ အဆိုးဆိုတဲ့ စကား ပေါ်လာတာပါ။ ဘယ်အရာပဲ ဖြစ်ဖြစ် အကောင်းအဆိုး အမြဲဒွန်တွဲနေတတ်တာနားလည် သဘောပေါက်ရင် ...... ..................... ။
တကယ့်ပြဿာနာ အရင်းအမြစ်က လူတွေပဲ.... လူတွေရှိနေသမျှ ကာလပါတ်လုံး ပြဿနာဆိုတာ ရှိနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ပုခုံးနှစ်ဘက်က ခေါင်းပေါက်တာခြင်း တူပေမဲ့၊ အယူအဆတွေ၊ အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ စသည်ဖြင့်ပေါ့ ကွဲပြားနေကြလို့ပါပဲ၊ အခုပဲ ကြည့်လေ ကျနော်နဲ့ မူရင်းစာရေးသူ နှစ်ယောက် သဘောထားတွေ ကွဲလွဲနေတာမဟုတ်ပေမဲ့ ၊ ထင်မြင်ယူဆပုံခြင်းကွဲပြားနေလို့ အခု ဒီစာရေးဖြစ်တာပါ။

"နောက်တခုကတော့.... မြန်မာတွေဟာကိုယ်ပိုင်-ကိုယ်တိုင် အသစ်အဆန်းများအားတီထွင်လိုစိတ်မရှိခြင်း ၊
အခြားနိုင်ငံများရဲ့တီထွင်ပေးမှုများကိုသာအဆင်သင့် သုံးချင်ကြသော လူဖျင်းလူနုံလူအများဖြစ်နေခြင်း၊၊ ပျင်းရိခြင်း၊ တော်သည့်လူများ ချွန်ထွက်လာပြီဆိုရင်လဲ အဲ့ဒီလူကိုဘယ်လို နှိပ်ကွပ်ရမလဲဆိုတာပဲ စဉ်းစားကြပါတယ်၊၊" တဲ့... ဒါကအမှန်တော့ ဒီစာရေးသူအနေနဲ့ ရဲရဲမတွေးရဲ၊ မရေးရဲတာများလား၊ သို့မဟုတ် တကယ်ပဲ မသိတာလားဆိုတာ ကာယကံရှင်ပဲ သိမှာပါ။

မြန်မာတွေ အသစ်အဆန်း မထွင်ချင်ဘူးဆိုတာ အသစ်အဆန်းတီးထွင် ရအောင်လို့ ဘယ်မှာလဲ အသိပညာ၊ အတတ်ပညာ၊ အနီးစပ်ဆုံး ဥပမာပေးမယ်ဗျာ အခုခေတ် ဘွဲ့ရတွေ မေးကြည့်လိုက်ပါ မင်းကျောင်းတက်တာ ဘာတွေများ တတ်ခဲ့သလဲ၊ သိခဲ့ပါသလဲလို့ မေးကြည့်လိုက်ပါ..... ဟုတ်ကဲ့ ...သူတို့ အဖြေကတော့ ဘာမှကို မသိလိုက်ပါဘူး ဘာပဲပြောပြော ဧည့်ခန်းမှာ ဓာတ်ပုံချိတ်ဖို့ တနေရာစာ တိုးလာတာတော့ အမှန်ပါပဲလို့ ဖြေကြမှာပါ။ အပြင်မှာ ငွေကြေးပေးပြီး သင်ယူခဲ့တာကို မဆိုလိုပါဘူး အစိုးရကျောင်းပညာရေးကိုပဲ ပြောတာပါ။

အဲဒီလိုပဲ ဘယ်မှာလဲ စမ်းသပ်ဖို့ အတွက် ဓာတ်ခွဲခန်းတို့၊ ဘာတို့၊ အဲဒီလိုဘဲ ဘယ်မှာလဲ ငွေ.. ဟုတ်တယ် ဒါအရေးကြီးဆုံး အချက်ပါပဲ... အခုလိုမျိုး စမ်းသပ် တီထွင်လုပ်ကိုင်ဖို့တာ ငွေမရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး။ နောက်က ငွေ မလိုက်နိုင်ရင်တော့ ဘယ်လောက်ပဲ တော်တဲ့သူဖြစ်ဖြစ်၊ တတ်တဲ့သူဖြစ်ဖြစ်၊ ပါရမီရှင်ပဲ ဖြစ်နေပါစေဦး ဘာမှဖြစ်မလာမှာ အသေအချာပါပဲ။ ဒီတော့ တချို့ လူတော်၊ လူကောင်းတွေဟာ ဘေးထိုင်၊ ဘိုင်ကျ နေကြတာတွေ၊ ဦးနှောက်ယိုစီးမှုလို့ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ နိုင်ငံရပ်ခြား ထွက်သွားကြတာတွေ ဒုနဲ့ဒေးပါ။ ဒါတွေ ဘာကြောင့်ဖြစ်ရပါသလဲ..... ဆိုတာ... စဉ်းစားလိုက်ရင်.... စဉ်းစားမယ်ဆိုရင်.....????????

ဒီစာနဲ့ ပါတ်သက်ပြီး အနှစ်ချုပ်ပြီးပြောရရင် အဲဒီစာရေးသူက ဘာကြောင့်များ အဓိက အချက်တွေကို ကျော်ပြီး ပြောသွားသလဲ စဉ်းစားလို့မရပါဘူး။ ခေါင်မိုးလုံအောင် အရင်လုပ်ကြပါစို့ဗျာ..။ လူမှန်နေရာမှန်တွေ ရောက်လာရင် သူပြောနေတဲ့ အချက်တွေ အလိုလို ကောင်းသွားမှာပါ။ နိင်ငံရဲ့စီးပွါးရေးကောင်းလာပြီး ငွေကြေးတန်ဘိုးတက်လာမယ်ဆိုပါတော့ဗျာ ဗုဒ္ဓဂါယာ သွားတဲ့ စရိတ်က ချောင်းသာသွားသလောက်ပဲ ကုန်တော့မယ်ဆိုရင်.....။ ကျနော်တို့ မြန်မာလူမျိုးတွေဗျာ မိသားစုလိုက်တောင် ကြည်ကြည်နူးနူး သွားလိုက်ကြမှာ မြင်ယောင်မိပါတယ်။ လူတိုင်းအလုပ်အကိုင်ရှိလာသလို ရတဲ့လခကလည်း လောက်လောက်ငှငှ ရှိလာမယ် စီမံချက်တွေနဲ့ ပြည့်တန်ဆာတွေကို ထိန်းသိမ်းပြီး အသက်မွေးမှု သင်တန်းကျောင်းတွေ ပို့မယ်ဆိုပါတော့ မြန်မာအမျိုးသမီးတွေပဲဗျာ ဘယ်လိုလုပ် ပြည့်တန်ဆာတွေ ဖြစ်လာပါ့မလဲ။ အဲဒီအခါ ပြည့်တန်ဆာဆိုတာ ရှားပါးကုန်ပစ္စည်း ဖြစ်လာမယ်။

ကျနော့်စာလဲ ရှည်နေပြီဗျာ.. ဒီတော့ နိဂုံးချုပ်အနေနဲ့ အားလုံးကိုချုပ်ပြီး ပြောပြချင်ပါတယ်။ ကျနော့် ဝါသနာ အတိုင်း ဥပမာလေးနဲ့ပဲ ပြောသွားပါ့မယ်...... အိမ်ထောင်စု တစုမှာ အဓိကအရေးကြီးဆုံးက ဘယ်သူလဲ.....????

အဖြေကတော့ ဒီအိမ်ကို ဦးစီးဦးဆောင်နေတဲ့ အိမ်ထောင်ဦးစီး... တနည်းအားဖြင့် အိမ်ဦးနတ် ပေါ့နော်...။ ဟုတ်ပြီ... အဲဒီအိမ်ထောင်ဦးစီးရဲ့ ထမ်းဆောင်ရမဲ့တာဝန်က ဘာတွေလဲ....????? .........
ခေါင်မလုံတော့ ဘာဖြစ်တတ်သလဲ......?????? ..... မိုးယိုမယ်၊ အဲဒီလို မိုးယိုတော့ အိမ်သူ၊ အိမ်သားတွေ ဒီအိမ်မှာ ပျော်ပါဦးမလား......... ??????

ကဲ.... ဒီလောက်ဆို ကျနော်ဘာကို ဆိုလိုချင်သလဲ သဘောပေါက်ကြမှာပါ... ဒီထက်လဲ ထပ်မပြောရဲတော့ဘူးဗျ အခုတောင် ဒီစာပိုဒ်လေးနဲ့တင် ကားပြာကြီး စီးရဖို့က သေချာသလောက်ရှိနေပြီဗျ။ ဆိုတော့ကာ..... ဒီစာနဲ့ ပါတ်သက်ပြီး စာဖတ်သူများရော ဘယ်လိုယူဆကြပါသလဲ...... ။ အဲဒါလေးတော့ ပြောခဲ့ကြပါဦးဗျာ.....။










20 Response to မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ

4 September 2009 at 21:30

အင်း ...အကောင်မြင်ဘက်က ရေးသွားတာလို့ဘဲ ဆိုရမယ်။ အကောင်မြင်တတ်တဲ့စိတ်က ကောင်းပါတယ်။ ဖြစ်နေတဲ့သဘောသဘာဝကို အမြင်တွေမတူကြတာပါ။ တခါတလေမှာ မဖြစ်သင့်ဘူးလို့ထင်တဲ့အရာတွေက ဖြစ်ပျက်သွားတော့ လူဘရဲ့ ရှုပ်ထွေးမှုလို့ဆိုမလား ....

4 September 2009 at 23:00

မစ္စတာအိမ်ရေ အင်တာနက် ရာဇ၀တ်မှုတွေကလည်း အများသားပဲ။

လူတိုင်းအရှက်မရှိကြရင်လည်း အကောင်းသား။

အချို့က ရှက်တတ်ပြီးအချို့က မရှက်တတ်တော့ ရှက်တတ်တဲ့လူတွေက မရှက်တတ်တဲ့လူတွေကို ရှက်နေရတယ်။

ဟာသလေးတွေ သရော်စာလေးတွေ ရေးစမ်းပါဦး။ ရိုက်ပေါက်များများရေးပါဗျာ။ ဒါမှ ပိုရယ်ရတာ။
ကဲ မပေးသွားပြီ။

4 September 2009 at 23:41

ဟုတ်တယ် ... စိမ်းနဲ့အမြင်ချင်းတူပါတယ်... ဒီဖော်ဝါ့ဒ်မေးလ်ရကတည်းက ခေါင်းစဉ်ကိုစိတ်ဝင်စားတာနဲ့ဖတ်ကြည့်ဖြစ်ပါတယ်... စာရေးသူရဲ့ ကောင်းစေချင်တယ်ဆိုတဲ့ စေတနာကို နားလည်ပေမယ့် ... ပြဿနာရဲ့အရင်းအမြစ်ကို မမြင်ဘူးလို့ ထင်မိပါတယ်... အဆိပ်ပင်ဆိုတာကို အကိုင်းအလက်တွေချည်း လိုက်ခုတ်နေလို့ ကိစ္စပြီးတာမှမဟုတ်တာ... အဓိကပြဿနာက ရေသောက်မြစ်မှာရှိနေတာမလား...

5 September 2009 at 00:33

ခေါင်မိုးက မလုံတာက အကြောင်းရင်း တခုပါဘဲ ..
အိမ်သားတွေကလည်း မိသားစု စိတ်ဓါတ်နဲ့  စည်းကမ်းရှိကြမယ် ။ တာဝန်သိကြမယ် ဆိုရင် ဒီအိမ် တခုဟာ နေချင်စရာ ပျော်စရာလေး ဖြစ်မှာ ပါ ။

ကိုအိမ်ရဲ့  အချက်ကျကျ တွေးခေါ်ပုံလေးတွေ အကျိုး အကြောင်းဆက်စပ်ပုံလေးတွေ ကောင်းပါတယ် ...
မူလစာရေးသူရဲ့ စေတနာ လေးလည်း လေးစားပါတယ်။
အကောင်းမြင်ဝါဒနဲ့ကြည့်ပြီး သင်ခန်းစာ ယူသင့်တာတွေ အတွက် ဒီလို ဆွေးနွေးကြတာလေးတွေ ကိုကြိုဆို ပါတယ်..

5 September 2009 at 01:37

အစ်ကိုတွေးထားလေးတွေ အရမ်းကောင်းပါတယ်...
ချောင်းသာသွားမဲ့အစား ဗုဒ္ဒ္ဓဂါယာဖူ်းသွားသင့်ပါတယ် (ထောက်ခံ၏ ကိုယ်တိုင် မကျင့်ကြံနိုင်သေး)...

အ၀တ်အစားကတော့ သူ့ခေတ်နဲ့သူ ရှိပါတယ်... အနေအထားပေါ် မူတည်ပြီး နေထိုင်တာမျိုးပေါ့ (ဥပမာ- ဘောင်းဘိတိုဝတ်သွားတဲ့သူက ဘုရားလိုနေရာမျိုးလာတာတို့ ရှောင်ဝတ်လို့ရတယ်)...

အိမ်ထောင်ရေး ပဋိပက္ခတွေကလည်း အရမ်းကို ရှုပ်ထွေးလွန်းလှပါတယ်... မီးလေးတို့ ပတ်ဝန်းကျင်မှာကို လက်ရှိ ရှိနေတာ...

ပြည့်တန်ဆာ ဆိုပေမဲ့ အများသောအားဖြင့် ပြည့်တန်ဆာတွေက စားဝတ်နေရင်း ခက်ခဲလို့ ဒီအလုပ်ကို လုပ်ကြရတာ... အခြားသောသင်တန်းတက်ပီး တခြားအလုပ်ကို လိုင်းပြောင်းလို့ရရဲ့နဲ့ အပျော် လုပ်နေကြတဲ့သူတွေလည်း ရှိပါတယ်....

မြန်မာတွေ သူများနိုင်ငံသွားပီ လူမိုက်လုပ်နေကြလို့လဲ မြန်မာတွေကို သူတို့က အထင်မကြီးတာပေါ့... :P

အစ်ကိုရေ ငိုက်ပီ အိပ်တော့မယ်.. :gn

5 September 2009 at 02:30

ဟင့် ဘာတွေတုံး များ ခေါင်းကိုက်တယ် အိမ်ဆိုတဲ့ လူပြိုဂျီးရယ် အဲလို တွေ မရေးစမ်းနဲ့ ဟာသလေးတွေ ပဲ ရေးစမ်းပါဟာ နော်
ဖတ်သွားတယ် သိရား သင်ခန်းစာလဲ ယူသင့်သလောက် ယူသွားတယ် ဟွန်းးးးးးးးးးး

5 September 2009 at 06:16

ဒီဖော်ဝပ်မေးအတွက် စိတ်ထဲ ထင့်နေတာကြာပြီး… ခုလို ပြန်လည်ရှင်းပြတဲ့ ကိုအိမ်ကို ကျေးဇူးတင်တယ်.. အောက်မှာ စာရေးသူကို အိတ်ဖွင့်ပေးစာရေးထားပေးတယ်…
စာရေးသူသို့ အိတ်ဖွင့်ပေးစာ

ကျနော်နားလည် မိတဲ့ သတိပေး ပညာပေး ဆောင်းပါးဆိုတာ ကိုယ်ရေးတဲ့ဆောင်းပါးက လူတစ်ဦးတစ်ယောက် အကျိုးရှိစေတဲ့ ဆောင်းပါးမျိုးပါ… လူတစ်ဦးတစ်ယောက်ကို အကြောင်းမဲ့ နာမည်တပ် အရှက်ခွဲပြီး တခြားလူတစ်ဦးတစ်ယောက်ကို မြင်သာစေရန် လှုံဆော်တဲ့ ညစ်ညမ်းစိတ်ဓာတ်နဲ့ ရေးတဲ့စကားလုံးတွေ က သတိပေးဆောင်းပါး မဟုတ်ပါဘူး… စာရေးသူ ပေးတဲ့ ခေါင်းစဉ် နဲ့ မစပ်အပ်တဲ့ ပိုစ့်တစ်ခုလုံးက စာရေးသူရဲ့ အတွင်းစိတ်သဏ္ဍန် ကို တော့ အထင်းသာ ပေါ်လွင်စေပါတယ်… ခေါင်းစဉ်က“ မြန်မာတွေ ဘာကြောင့် အောက်ကျသလဲ”… ရှင်းနေတယ်… စာရေးသူကိုယ်တိုင် အဲဒီစိတ်ဓာတ်တွေ အတွေးတွေ ဝင်နေလို့ ပဲ…
ဒါကစာရေးသူကို တိုက်ရိုက်ပြောချင်တဲ့စကား…. စာရေးသူကိုယ်တိုင်က အနုပညာရှင်တွေကို နာမည်တပ်ပြီး “အောက်တန်းစား” ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု တပ်ပေးလိုက်တဲ့အတွက် ကျနော်ကလဲ အဲဒီစာရေးသူကို ပြန်ပြီး ပြောလိုက်တာပဲ… လူဆိုတာ အမှားနဲ့ မကင်းနိုင်ဘူး… အနုပညာရှင်တွေ ကျော်ကြားလာတယ်ဆိုတာ အကြောင်းမဲ့သက်သက် မကျော်ကြားဘူး… သူတို့ရင်းနှီးခဲ့ရတာတွေ အများကြီး… လူမသိတာရော လူသိတာရော… အဲဒီအတွက် ကျနော်တို့ က လူကိုမလေးစားရင်တောင် သူ့ဆီမှာပါလာတဲ့ အနုပညာ ပါရမီ သူ့အနုပညာကိုလေးစားရမယ်… စာရေးနေတဲ့သူတစ်ယောက်က ကိုယ်ဖန်တီးတဲ့ အနုပညာကို ပိုပြီးလေးစားသင့်တယ်..
ဒါကတော့ စာရေးသူရေးမယ်ဆိုရင် သတိပေးချင်တယ်ဆိုင် အကျိုးအကြောင်းပြ လမ်းညွန်လို့ ရတဲ့ နည်းလမ်းတွေ အများကြီးပါ… ဖတ်ပါ မှတ်ပါ လေ့လာပါ… ဗဟုသုတ ရှာပါလို့ တိုက်တွန်းထားတဲ့စာဖတ်သူက ဘာကြောင့်များ ဒီလိုအသိဥာဏ်နဲ့ ဒီစာတွေ ရေးခဲ့လဲဆိုတာ အံ့သြလောက်ပါတယ်..

ကျနော်ကိုယ်တိုင်လဲ စာရေးကောင်း…ဗဟုသုတတွေ ပြည့်နေတဲသူ တော့မဟုတ်ဘူး.. အမှန်ကိုလက်ခံတယ်… မှားနေတယ်ဆိုရင်တော့ မနေတတ်ဘူး… ခုထိ လေ့လာသင်ယူ နာခံနေတဲ့ သူတစ်ယောက်ပါပဲ… ရေးထားတာ တစ်ချို့ က မှန်ကန်ပါတယ်.. မငြင်းပါဘူး… စော်ကားတာတွေ နစ်နာစေလိုမှုတွေ စာထဲမှာပါနေတာတော့ အမှန်ပါပဲ…
(၁) အချက် ဗုဒ္ဒဘာသာ ရှု့ထောင့်
ဗုဒ္ဒဂါယာသွားခြင်းအားဖြစ် ရလာမယ့် အကျိုးအမြတ်က ဘာလဲ... တခါတည်းနဲ့ တရားပေါက်သွားရောလား... ဒါမှမဟုတ် ဘုရားတရားကိုပဲ အလွန်အမင်း ကြည်ညိုသွားရောလား... အဓိက ကစိတ်နဲ့ဆိုင်တယ်.. တစ်ခါတစ်လေ လူဆိုတာ ပိုက်ဆံနည်းနည်းများများ လွတ်လပ်ပျော်ပါးမှု နဲ့ စိတ်ရွင်လန်းမှု စိတ်ဖိစီးမှု တွေ လျှော့ကျဖို့ အပန်းဖြေခရီးထွက်ဖို့ လိုတယ်.. ပိုက်ဆံ၇ှိတာ နည်းတာများတာနဲ့ မဆိုင်ဘူး... အဓိက ကိုယ်ပိုက်ဆံကုန်ခံလိုက်ရတဲ့ အရာထက် စိတ်အပန်းဖြေမှုက အရေးကြီးတယ်..
ဗုဒ္ဒဂါယာသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်က ဆိုတာကို လဲ သေချာလေးနက်သဘောပေါက်ဖို့ လိုတယ်... ဘုရားပွင့်ရာဒေသကို သွားတိုင်း နိဗာန်မရောက်နိုင်သလို ကမ်းခြေ တွေ အပျော်ခရီးတွေထွက်တိုင်း ငရဲ မကျနိုင်ပါဘူး.... ဒီအကြောင်းပြချက်နဲ့ မြန်မာတွေ ဘာကြောင့်နိမ့်ကျရသလဲဆိုတဲ့ ခေါင်းစဉ်းအောက်မှာ ဒီအချက်မပါသင့်ဘူး...
(ဆက်ရန်)

5 September 2009 at 06:16

(၂) အချက် နည်းမမှန်သော ထောက်ပြချက်များ
အမှန်တော့ ဒီအချက်ကိုလက်တစ်ကွက်စာထောက်ပြပြီးပြောသွားတယ်လို့ ပဲထင်ပါတယ်... ပတ်စပိုစ့်မှာ မြန်မာနောက်ဆုံးက ဆိုတာ စကာင်္ပူမှာ မှန်မယ်... ခုကျနော်နေတဲ့ နိုင်ငံမှာ တော့ နောက်ဆုံးမဖြစ်နေပါဘူး... တန်းတူပါပဲ... ပတ်စပိုစ့်တွေ့လို့ ဖတ်မိရင်တောင် သြော် မြန်မာလား ဆိုပြီးစိတ်ဝင်တစားမေးခံရတဲ့သူက ကျနော်ကိုယ်တိုင်ပါ... မိန်းခလေးတွေ ဝတ်တာစားတာ နေတာထိုင်တာနဲ့ ဘာမှမပတ်သက်လောက်ပါဘူး... ဒီလိုပဲ နိုင်ငံအသီးသီးမှာ မြန်မာမိန်းခလေးထက်ဆိုးတဲ့ အနေအထိုင်ရဲတင်းမှု တွေက အများကြီးပါ... ခုကျနော်နေတဲ့ ဥရောပ တိုက်ထဲမှာပဲ မြင်နေရတာက ဒီလို ဝတ်စားဆင်ယင်မှု မျိုးနဲ့ မြန်မာမလေးတွေ မြင်ရင်တောင် မကြည့်ရဲ တဲ့ အနေအထားမျိုးတွေပါ... ဘာလို့ ဒီလို နိုင်ငံတွေမှာ ဒီလိုဖြစ်နေတာ ဒီနိုင်ငံတွေ ဘာကြောင့်အောက်မကျရတာလဲ... စကားကို ဝါးလုံးရှည်နဲ့ ထိုးယမ်းပြီး မီးမောင်းထိုးပြသလိုဖြစ်နေတယ်... ပြီးတော့ ကိုယ်တိုင် ဥပမာပေးထားတဲ့သူတွေ့ရဲ့ သိက္ခာကိုလဲ ငဲ့ ကွက်ရမယ်... မိုးဟေကို တို့  သင်ဇာဝင်ကျော်တို့ က သူတို့ ရဲ့ အပြူအမူတွေ ပေါက်ကြားစေ ဆိုပြီး ပြနေတာမဟုတ်ဘူး... မှန်နေတယ်ဆိုရင်တောင်မှ သူတို့ မှာ တရားစွဲပိုင်ခွင့်ရှိတယ်... သူတို့ ဟာ ပြည်သူ ချစ်တဲ့ အနုပညာသည်တွေပါ… ဒီလို နာမည်တပ်ပြီး စော်ကားမှု မျိုး မလုပ်သင့်ပါဘူး… လူဆိုတာ အမှားနဲ့ မကင်းပါဘူး… သူတို့ ကိုယ်တိုင် ဒီလို မဖြစ်နိုင်ဘူးထင်လို့ လုပ်မိတာပါ… သူတို့ အောက်တန်းကျတယ်ဆိုတာထက် သူတို့ သတင်းကို ဖျန့် တဲ့ သူ ကမှ အောက်တန်းကျတာပါ… မြန်မာပြည်မှာ မရပေမယ့် အနောက်နိုင်ငံမှာဆိုရင် တရားစွဲ ခွင့်ရလိမ့်မယ်... ဒါကြောင့် စာရေးသူက ထောက်ပြမယ်ဆိုရင် မည်သို့ ပင် ဖြစ်စေ နာမည်တပ်ပြီးထောက်ပြတာကို က လူမှု ရေးညံ့ဖျင်းကြောင်းသေချာနေပါတယ်... ထိခိုက်နစ်နာလိုမှုများပါဝင်နေပါတယ်... မိန်းခလေးဆိုတာ အယုံလွယ်တတ်သူမို့  အားနည်းချက်ကို အနိုင်ယူတတ်တဲ့သူတွေ့ရင်ခံရတတ်တာပါ... သူတို့ လဲ ရှက်တာကြောက်တာရှိတတ်ပါတယ်... အပြင်သဏာန်ထက် အတွင်းသဏာန်ကိုမြင်အောင်ကြည့်စေချင်ပါတယ်…တစ်ခါတစ်လေ ယုံကြည်မှုကြောင့် အကြောင်းအရင်းတစ်ရပ်ဖြစ်လာသလို ကြိုတင်ကြံစည်မှု နောက်ပြောင်စော်ကားလိုမှု ကြောင့် ဖြစ်လာတာတွေလဲရှိပါတယ်... ထိန်းသိမ်းတတ်ရင်တော့ကောင်းတာပေါ့......
(ဆက်ရန်)

5 September 2009 at 06:17

(၃) ချက်တင်ဝင်းတဲ့ကိစ္စ
ချက်တင်ဝင်တယ်ဆိုတာက အပျင်းပြေပဲ ဖြစ်ဖြစ်... အရေးကြီးလို့ ပဲဖြစ်ဖြစ်... ခဏတာ စိတ်ညစ်မှု ကိုပြေပြောက်စေဖို့ ချက်တင်ဝင်ကြတာ... ဘယ်ပတ်ဝန်းကျင်းကနေ ချက်တင်ဝင်နေလဲမသိဘူးပေါ့... ကျနော်တို့ ရဲ့ ဝန်းကျင်မှာ ချက်တင်ဝင်နေတဲ့သူတွေက စာပေအကြောင်းတွေ လူမှုရေးတွေ စိတ်ခံစားမှု တွေ အချစ်အမုန်းတွေ ပါပါတယ်... တနေကုန် တဏှာကိစ္စကတော့ လူတိုင်း တနေကုန်အောင် ပြောနိုင်လောက်မယ်မထင်ဘူး... အဲလောက်ထိလဲ အချိန်မရကြဘူးလေ... နေတဓူဝ အလုပ်နဲ့ လက်နဲ့ မပြတ်နေနေရတာ..

မြန်မာနိုင်ငံမှာ ကိုယ်ပိုင်တီထွင်မှု မရှိဘူးလား... စာဖတ်မှု အားနည်းတယ်ထင်တယ်... ဘာတွေဖတ်လဲတော့မသိဘူး...ဥပမာ.. ကော်ဖီမစ်ဆိုတာ ဘယ်တိုင်းပြည်ကမှ မရှိသေးတဲ့ မြန်မာတွေရဲ့ တီထွင်မှု .... ကဲ အသေးစိတ်က အစ ထောက်ပြရေးချပြရရင် စာဖတ်သူက အော်ဟုတ်လား ဆိုတာ ဖြစ်သွားမယ်... ဗဟုသုတများများရှာပါ... ပြီးတော့ဘာတဲ့ ... ဘယ်လို နှိပ်ကွက်ရမလဲဆိုတာ... ခုတောင်စာရေးသူက မနာလိုဝန်တိုမှုတွေ များပြီး နာမည်ကြီးနေသူတွေကို အဓိပါယ်မဲ့ထောက်ပြ နှိပ်ကွပ်ပြီး သူတို့ လို မဖြစ်အောင်ဆိုတာ... သူတို့ တွေက လဲ ကောင်းတဲ့ဘက်ကနေ အနုပညာနဲ့ ပံ့ပိုးနေတာပဲ... ကော်ပီဘယ်လောက်ကူးကူး.... ကိုယ်ပိုင်အရေးအချင်းမရှိရင် ကော်ပီလဲ ဘာမှမတတ်နိုင်ဘူးဆိုတာတော့ ထည့်တွက်ပေးလိုက်ပါ... နောက်ဆုံး စာရေးသူကိုပဲကြည့်... မြန်မာတွေကို နှိပ်ကွပ်ပြီး ကပလီတွေ ဆွဲကြိုးဆွဲတာကို အားကျနေတဲ့ သဘောကျနေတဲ့အထာနဲ့ ရေးထားတာ... ဖက်ရှင် ရေစီးအကြောင်းကို ရေးထားတာ… ဖတ်တစ်ခါ မှတ်တလှည့်တွေကို ပြန်ပြောင်းရေးထားတာတွေနဲ့ တခြားလူတွေကို ဖတ်ပါ မှတ်ပါလေ့လာပါ.လို့  ပြောတာ သဘာဝမကျဘူး... အမှန်တော့ စာရေးသူက သူကျင်လည်နေတဲ့ဝန်းကျင်တစ်ခုစာကို ဝါးလုံးရှည်နဲ့ရမ်းပြီးပြောသွားတဲ့ ရေအိုင်ထဲက ဖားသငယ်သာသာပါ... ပတ်ဝန်းကျင်ကို မျက်တောင်တစ်ဆုံးကြည့်ပြီး ပတ်ရမ်းနေတာတော့ စိတ်မကောင်းပါဘူး... အထူးသဖြင့် အနု ပညာသည်တွေကိုစော်ကားတဲ့ စကား… လူတွေ အားလုံးကို သိမ်းကျုံးပြီး ပြောတဲ့ စကားတွေကို ရှောင်စေချင်ပါတယ်… ဗိုလ်ချုပ်အောင်ဆန်းစကားကို နားဝင်တယ်ဆိုရင်
ဒီိပိုစ့်ရေးတာက အစ ခေါင်းစဉ်ပေးတာအဆုံး အချက်ကျကျ ဘေးလွတ် နံလွတ်ဖြစ်အောင်ထောက်ပြသင့်ပါကြောင်း..


ချစ်ခင်လေးစားခြင်းများစွာဖြင့်

ဖိုးစိန်

5 September 2009 at 11:00

ကိုအိမ်ရေ..အရမ်ကောင်းတယ်ဗျာ..ကျွန်တော်လည်းအဲဒီမေးလ်ရခါစက အရမ်းစိတ်မကောင်းဖြစ်ပြီးဘယ်လိုအမြင်နဲ့များရေးတာပါလိမ့် ဆိုပြီး စဉ်းစားမိတယ်..သူကစေတနာနဲ့ရေးတာကိုတော့ ခံစားလို့ရပါတယ်..အခုလိုမျိုး ကိုအိမ်ဖြေရှင်းလိုက်တော့ အရမ်းကိုကျေနပ်သွားတယ်..ကိုဖိုးစိန်ကလည်းထပ်ဖြည့်လိုက်တော့ အရမ်းကောင်းသွားတယ်..ကျေးဇုးပါအစ်ကိုတို့ရာ..အဲလိုထိထိရောက်ရောက်အချက်ကျကျပြန်ရေးလိုက်လို့လေ..

5 September 2009 at 14:48

ရေးတာတွေရေ မန့်တွေရော ပြည့်၂စုံ၂ ဖတ်ရပါတယ်..

5 September 2009 at 18:37
This comment has been removed by a blog administrator.
5 September 2009 at 18:37
This comment has been removed by a blog administrator.
5 September 2009 at 21:21

တကယ်တော့ ဟိုကဗျာလေးတစ်ပုဒ်ထဲကနေလို အနားမှာ လာလာဖြောင့်ပြနေတဲ့ မျဉ်းဖြောင့်တစ်ကြောင်းကြောင့် သူ့ဖာသာ ကောက်နေတဲ့ မျဉ်းကောက်ကလေးခမျာ နာမည်ပျက်ခဲ့ရရှာပေါ့ ဆိုသလို...။ ကိုယ်တပ်ဆင်လိုက်တဲ့ မျက်မှန်ကနေ ကိုယ့်အမြင်တွေကို အရောင်ချယ်သွားမှာ အသေချာပါပဲ။ ဒီတော့ကာ အဆိုးတွေ အကောင်းတွေ ခဏဘေးချိတ်၊ တိတ်တိတ်လေး အိပ်နေတော့မယ်ဗျာ။

6 September 2009 at 00:16

ကျနော်လည်း ဒီအကြောင်း မြင်တဲ့စာ ရေးထားတာ သူငယ်ချင်းအသိပါပဲ။ဒါပေမယ့်ဗျာ ရေးရင်းနဲ့ စိတ်တို လာလို့ ဆက်မရေးတော့တာ။
ဘာလို့စိတ်တိုလဲဆိုတာ သူငယ်ချင်းလည်း သိမှာပေါ့
အလကား ပေါ်ပင်ဖြစ်ချင်လို့ အဲဒီစာကို ရေးထားတယ်
လို့ပဲထင်မိလို့ဗျ။
သူပြောတဲ့ စေတနာဆိုတာကို မတွေ့ရဘူး။
ဘာမှ အဓိပ္ပါယ်မရှိဘူး။
နိင်ငံက ဒီလောက်စုတ်ပြတ်နေပြီ လူတွေရဲ့ စာရိတ္တကို လက်ညိုးထိုးချင်နေတယ်။
နိင်ငံကို အုပ်ချုပ်ပြီး ကောင်းကောင်းမအုပ်ချုပ်တတ်လို့ ဒီလိုတွေ ဖြစ်နေတာကို တစက်မှ ထည့်မရေးသွားဘူး
အမှန်ကို မရေးရဲဘဲနဲ့ အဲဒီကောင်လည်း အောက်ကျ နေတဲ့ကောင်ပဲဗျာ...။သူ့စိတ်ဓါတ်ကို လည်း အရင်ပြုပြင် ခိုင်းပါအုံးဗျာ...။
ဘာမှ ရည်ရွယ်ချက်မပါဘဲနဲ့ ပေးထားတဲ့ ခေါင်းစဉ်က လူအထင်ကြီးချင်အောင် ပေးထားတဲ့ ငပေါတကောင်လို့ပဲ မြင်မိတယ်..။
နိင်ငံကို စေတနာ ထားတယ်ဆိုရင် ဒီလို ရေးရမှာ မဟုတ်ဘူးဗျ။ဒီလို လေလုံးကြီးပြီး ဖားတတ်တဲ့ကောင်တွေများတာ တိုင်းပြည် နစ်မွန်းတယ်။

6 September 2009 at 19:14

အိမ် ဆိုတဲ့ လူပြိုဂျီးရေ တဂ်ထားတယ် နောက်တခုကွ ရေးပေးဦးနော် ဘိုင် တာ့တာ

6 September 2009 at 19:44

ကိုအိမ် တင်ပြထားတာလေးတွေ အကျိုးအကြောင်း ဆီလျော်ပါတယ် ..

လူတကာအလယ်မှာ သူမတူတဲ့အချက်
အဲဒါ လူငယ့်လက်ထဲမှာ ..

ဘောင်ကျဉ်းနေတဲ့ခေတ် အယူခံဝင်ဖို့အသင့်ဆို
အရှိန်တက်နေတဲ့ခေတ်ထဲ မြိန်ယှက်စွာနေတာ
အဲဒါ လူငယ့်သဘော ..

အဖေါ်တွေစုလို့ အပျော်တွေမက်တာ
ဘ၀တစ်ကွေ့ရဲ့ တစ်ခဏဆို
စာလှန်ပြရရင် ကြည့်ကောင်းတဲ့ပွဲတစ်ပွဲနောက်
လူငယ့်ဘ၀နေပျော်ပါစေ ..

ချက်တင်တွေပြော ရင်နှီးမှုတွေကျွမ်းဝင်
ချစ်တင်းတွေနှောတဲ့ အဖြစ်အပျက်တွေကြား
ထွေပြားစေတာ ..
အဲဒါလည်း လူငယ်တွေပဲ ..
သို့တည်း အပြစ်လို့မြင်လား
ခေတ်လို့မြင်လား ..
သေချာမှုတစ်ခုကတော့
ခေတ်တစ်ခုရဲ့ကောက်ကြောင်း ..

ကမ်းခြေကိုသွား စိတ်အနောက်တေးသွား
ထပ်တိုးရစ်တဲ့ ကပ်ဆိုးဆို
ကျန်ရစ်ပါစေ ကမ်းမြေပြင်မှာ ..
အပြစ်မြင်လို့ အနှစ်ပြောမယ်ဆို
ကိုအိမ်ရေးတဲ့သဘောလို ပေါ်ပေါ်ပြောမှရမယ်ဆို
ဖေါ်ဝပ်မေးတစ်စောင်ရဲ့ အတိမ်အနက်နောက်
စိတ်ကြိုက်ပြောတာ ဝေဖန်မှုရဲ့
အခြေခံတစ်ခုဆိုတာ အသင်သိပါစ ..

အဖြစ်တစ်ခုကို ထောက်ပြ လျစ်လျူမထားတဲ့သဘော
ဘ၀ကြားက ဆားတစ်ခဲဟာ
ငံခြင်းရဲ့ အာသီသကိုရစေသလို
စရေးသားသူရဲ့စိတ် ငယ်ထိပ်မှာရောက်နေတာ
ဘ၀များစွာကြားက လူတွေရဲ့မနော
တစ်ခါတစ်ခါ ဖြစ်တည်နေတဲ့
ငွေကြေးပမာဏမှာ လုပ်တာကိုလုပ်
အဟုတ်ထုတ်တွေနဲ့ လုပ်ဇာတ်တွေလည်းဖြစ်တတ်တာ
သင်သိပါစေ ..

နောက်ဆုံး ဘုရားမသိ
ကျောင်းမသိနဲ့ ဘ၀ကိုထုဆစ်နေသူတွေ ရှိပေမယ့်
အခြေခံမနောမှာ ကိုးကွယ်ရာကို သိနေလို့
လွတ်လပ်ခြင်းတွေနဲ့ ခေတ်ရေစီးမှာ
မျောမျောသွားတာ တို့တစ်တွေအသိမို့
ရှေးထုံးမပယ်လို့ ဈေးသုံးမကြွယ်ဘူးဆိုရင်တောင်
ပယ်သင့်တာပယ် ကြွယ်သင့်တာကြွယ်တာ
လူနေမှုစနစ်ရဲ့ ယူငင်မှုအပြစ်လို့
မဆိုသာပါဘူးဗျာ ...။

ကိုအိမ်ရေ မန့်လိုက်ပြီနော် ..
လစ်တော့မယ် ..ဘိုင်

8 September 2009 at 13:18

inn amyar kyi so tot...htat lar read pa mae

16 September 2009 at 12:27

ဟိုက် ..အဲ့ဒါမှရှော့ပဲ....ကိုအိမ်ရေ...အချက်အလက်တွေသူ့ဟာနဲ့သူမှန်နေတော့နေဦးမူရင်းဆိုဒ်သွားဖတ်ဦးမယ်ဗျာ။

18 September 2009 at 17:02

ကိုအိမ်ရဲ့ အမြင်လေး မှန်တယ်ဗျိုးးးးးးး
အားလုံးမှန်ကြပါတယ်လေ။
မမှန်တာက ဟူးးးးးးးးးးးးးးးးးးးးးးးး
သက်ပြင်းပဲချနိုင်တဲ့ အခြေအနေ...

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း