ဒီနေ့ဝေမိုးနဲ့ အွန်လိုင်းပေါ်တွေ့တာနဲ့ စကားစမြည်ပြောကြရင်း ရွာပြန်ရတဲ့ အတွေ့အကြုံလေးတွေဆီ ရောက်သွားတယ်ဗျ။ ပြီးတော့ ကိုတောင်ပေါ်သား ကလဲ တက်တာနဲ့ မရေးမဖြစ်ရေးရတော့မှာပေါ့ဗျာ။
ဒီအကြောင်းရေးမယ်.. ရေးမယ်နဲ့ ရေလဲရေးချင်တယ် ရေးလဲမရေးရဲဘူး(မရေးရဲဘူးဆိုတာ သဘောပေါက်မှာပါ..ဟီ)။
တခြားသူတွေတော့ မသိဘူးဗျ ကျနော်အတွက်တော့ ရွှေပြည်တော်ပြန်တိုင်း လူကြီးတွေကန်တော့ရင် ဆုပေး
တတ်ကြတဲ့ ဆုတောင်းစကားတခုထဲကလို ဘယ်ဘက်ကတပုလင်းလှုလို့ ညာဘက်ကလဲ တပုံးကျဲနိုင်ပါစေဆိုတဲ့
ဆုကတော့ မတောင်းဘဲနဲ့ကို ပြည့်တာဗျ(တပုလင်း=တသောင်း၊ တပုံး=တသိန်း)။ မယုံရင်တော့ ဆက်သာဖတ်ကြည့်ပေတော့..........................။
ရွှေပြည်တော်ပြန်မယ်ဆိုတော့ ပျော်တာပေါ့ဗျာ။ ပျော်တာမှ ထတောင်ကချင်လောက်အောင်ပျော်တာ။ ကိုယ့်
ရဲ့ဇာတိချက်ကြွေမွေးရပ်မြေဆိုတော့လဲ မပျော်ဘဲဘယ်နေပါ့မလဲ။ ပြန်ရမယ်ဆိုတာ စသိတဲ့နေ့ကစပြီး အချိန်တွေ အမြန်ကုန်ပါစေဆုတောင်းရတာလဲ အမောပဲ။ တကယ်လဲ ပြည်တော်ပြန်ရောက်တော့ ပြန်ထွက်ပြေး
ချင်စိတ်ပေါက်ခဲ့တာလဲ အကြိမ်ကြိမ်ပဲ။
+++++++++++++++++++++++++++++++++++++++++++++++++++++++
ရွှေပြည်တော်ပြန်ရင် လေဆိပ်တိုင်းမှာ ကျနော့်ကို တဆာဆာနဲ့ ဆာချင်းထပ်လို့ ကြားရပါများလာတော့ ဗိုက်တောင်ဆာလာတဲ့ အထိပဲဆိုပါတော့ လေယာဉ်ပေါ်မှာလဲ လေယာဉ်ပေါ်မှာမို့ အောင်မလေး.. နှလုံးပီတိ
ဂွမ်းဆီထိသလို၊ တအိအိနဲ့ တယ်ဟုတ်တဲ့ငါပါလားဆိုပြီး စကားပြောတာတောင် ဘိုလိုမပီမှာစိုးလို့ သေချာကျကျ
နနပြောတာ လေယာဉ်မယ်တွေတောင် ကျနော်နဲ့ တခါစကားလာပြောရင် မျက်နှာတခါသွားသစ်ရတဲ့အထိကို
ရောက်ကရောပဲ...ဘာလို့လဲသိလား တံထွေးစင်ကုန်တာလေ... ဟိ။ အဲဒီလိုနဲ့ စီးလာလိုက်တာ တခါတလေလဲ
တရက်ခွဲ၊ တခါတလေလဲ တညလုံး လေယာဉ်စီးလိုက်ရတာ သောက်ညင်တောင်ကပ်တယ် တကယ်။
ဘန်ကောက်ရောက်တော့ ၀ယ်စရာရှိတာလေးဝယ်၊ မ၀ယ်နိုင်တာလေးတွေ လိုက်ငေး(၀င်းဒိုးလျော့ပင်ပေါ့ဗျာ) ပြီးတော့အကြွေလေးတွေ စုထား တဒေါ်လာ၊၅ဒေါ်လာ၊ ၁၀ဒေါ်လာစသည့်ဖြင့်ပေါ့နော။ ဒါကအထာရှိတယ်။
ထားပါတော့..မင်္ဂလာဒုံလေဆိပ်ရောက်ပြီဆိုပါစို့ဗျာ စာရှည်မှာစိုးလို့ အကျယ်မချဲ့တော့ဘူး။ လေဆိပ်လဲရောက်
မှပဲ ကိုယ့်ဘ၀အမှန်ပြန်ရောက်တယ်ပြောရမလား၊ ဒါမှမဟုတ် အပေါ်မှာရေးခဲ့သလို မတောင်းပဲနဲ့ပြည့်တဲ့ ဆုလားတော့ မသိဘူးဗျာ...............။
လေဆိပ်စ၀င်တော့ ကျန်းမာရေးခေါ်မလား ဘာလားတော့ မသိဘူး သင်္ဘောသားကောင်တွေ အကုန်ဒီကိုလာခဲ့
မင်းတို့ ပါတ်စပို့၊ စီဒီစီ၊နံပါတ်အကုန်ရေး လက်မှတ်ထိုး ပြီးမှ ပါတ်စပို့်ကွန်ထရိုးသွား ဆိုပြီး အော်ကြီးဟစ်ကျယ်
လုပ်တာ ပြီးတော့မှ အသံတိုးတိုးလေးနဲ့ လုပ်လေ ငါ့ညီတို့ ဆေးလိပ်တဘူးလောက်စီတော့ မစကြကွာတဲ့.. အထာသိလို့ မပေးတဲ့သူကျတော့ ရန်လုပ်သေးတာဗျ.။ပါတ်စပို့ကွန်ထရိုးရောက်တော့.......
ဟေ့ကောင်တွေ တန်းစီတာသေချာညီညီညာညာစီလေ.. မင်းတို့တွေ သောက်သုံးကိုမကျဘူး..၊ ဒီပုံစံနဲ့ဘယ်လို
များ သူများနိုင်ငံသွားနေကြတာလဲ သေချာစီ။ ဟိုကောင်ပြောနေတာမကြားဘူးလား၊ ပေးစမ်းမင်းစာအုပ်၊
ကိုဘယ်သူ.....ရှိလား..ဒီမှာဗိုလ်ကြီးဘယ်သူလာကြိုနေတယ် တန်းမစီနဲ့တော့ သွားလို့ရပြီ။ သြော်...ကွာပုံများနော် ဘာကွာလဲတော့ မသိဘူး ကွာတော့ကွာတယ်။ တန်းစီတာကလဲဗျာ တကယ်ပါ စစ်တပ်
ထဲမှာ စစ်ရေးပြလေကျင့်နေသလားတောင် ထင်ရတယ်။ ကောင်တာဖြတ်ဖို့ စောင့်ရတဲ့မျဉ်းလေးကိုနင်းမိရင်ကိုပဲ
အမြီးတက်နင်းမိသလားအောက်မေ့ရတယ် အော်လိုက်တာ လိပ်ပြာလွင့်မတတ်ပဲ။ ကောင်တာရောက်တော့ရော
ဘာထူးလဲ ပေးစာအုပ် ထိုးဒီမှာလက်မှတ်၊ စာအုပ်ထဲ ၅ကျပ်၊၁၀များ ထည့်မပေးမိရင် ဟေ့ကောင် နားမလည်ဘူး
လား ပရဲစန့်လုပ်လေကွာ နိုင်ငံခြားထွက်နေတာဖြင့်အိုသေတော့မယ် ဒါတောင်နားမလည်ဘူးလား။ မင်းတို့တွေ
အပစ်ရှာပြန်တော့လဲ မကြိုက်ဘူး၊ ပရဲစန့််ကျတော့လဲ မပေးချင်ဘူး။ ဒီလိုပါအကိုကြီးရယ် ကျနော်ရတဲ့လခကနဲပါတယ်ဗျာ ပြီးတော့ အမေကလဲ အသဲအသန်ဖြစ်လို့ဆိုပြီး ပိုက်ဆံတွေပို့်ရသေးတယ် ခင်ဗျ
ပြီးတော့ အခွန်လဲ ဆောင်ရဦးမှာခင်ဗျ အကိုကြီးရယ် ဆေးလိပ်တဘူးလောက်တော့ လုပ်ပါဗျာ နော်...။
ဘာကွ... ဒါမျိုးလာမလုပ်နဲ့ မရဘူးဟေ့ကောင် ၁၀တော့ပေး..။ ငိုပြတာမှ ရှိုက်ကြီးတငင်နဲ့ ချုံးပွဲချမငိုရုံတမယ်ပဲ
ကျန်တယ် ကိုယ့်အမျိုးအဆွေတွေ သေတုန်းကတောင် အဲဒီလောက် မငိုဖူးဘူး၊ သူတို့ကတော့ဘယ်လိုပြောပြော ရဘူးပဲ။ အသည်းမာချက်ကတော့ ကျောက်တုံးတောင်အဖေခေါ်ရမယ်ဗျ။
ပါတ်စပို့ကွန်ထရိုးပြီးတော့ အင်မီဂရေးရှင်းလား မမှတ်မိတော့ဘူး ဖြတ်ရ
ပြန်ရော အဲဒီမှာကျတော့ကိုယ် ဒီကလဲယား လုပ်ထားတာတွေပြရတာပေါ့။ အဲဒီဖြတ်တော့ ကိုယ့်စာအုပ်ကြည့်ပြီး
မင်းအိတ်တွေအရင်သွားယူလိုက်တဲ့ စိတ်ထဲမှာတော့ တယ်သဘောကောင်းတဲ့ သူကြီးဆိုပြီး ဆုတွေဘာတွေတောင် ပေးနေတာ.. ဘယ်ဟုတ်မလဲ ကိုယ့်ဆရာက အချီကြီးဖဲ့ဖို့ဂွင်ဆင်လိုက်မှန်း နောက်မှ သိရတော့တယ်။ ကိုယ့်အိတ်တွေ သွားယူချိန်မှာ ကောင်တာမှာက လူရှင်းသလောက်ဖြစ်နေပြီလေ ဒီတော့
ဒီမှာညီလေး မင်းအိတ်တွေ အကုန်ဖွင့်ပြရမယ်ကွ ဒီတော့ မဖွင့်စေချင်ရင် ချီးပါတ်ရီဂယ် ၁လီတာတော့ လုပ်ကွာ
ပြီးတော့ မင်းမိသားစုလဲ အပြင်မှာစောင့်နေရတာ အားနာစရာကွာ..။
ပြောပုံလေးက လှတယ်နော် အပြင်မှာစောင့်နေတဲ့ မိသားစုကိုအားနာလို့ ၂၀ကျော်တန်တဲ့ ၀ီစကီတလုံးပဲပေးတဲ့။
ဒီမှာလဲ ထပ်ငိုပြရပြန်တာပေါ့.. ဒါပေမဲ့
ငိုပြလို့ ကိုယ့်ရှိတဲ့ မျက်ရည်သာ ကုန်သွားမယ် မထူးဘူးဆိုတော့လဲ ညှိရတာပေါ့ဗျာ..။ အကိုကြီး တလီတာတော့ မလုပ်ပါနဲ့ဗျာ.ဆေးလိပ်တတောင့်လုပ်ပါ ဆိုပြီးညှိရပြန်ရော။ အဆင်ပြေအိုကေတော့ ဂျုတီဖရီးဆိုင်သွားပြီး ဆေးလိပ်တတောင့်ဝယ်ရတာပေါ့ ပြီးတော့ ဆိုင်ကလူက ဒါဘယ်သူ့အတွက်လဲ မေးပြန်တယ် စိတ်ကတိုတာနဲ့
ခင်ဗျာ အပူပါလား ဘယ်သူ့အတွက်ဖြစ်ဖြစ် ကျုပ်ပိုက်ဆံပေးဝယ်တာ စကားမများနဲ့လို့ ပိတ်ကောလိုက်တာ..
ဆိုင်ကလူက ဒီမယ် ညီလေး မင်းအခုမှ နိုင်ငံခြားထွက်ဖူးသလားတဲ့ ကောင်တာကလူတွေ အတွက်ဆိုရင်
ဒီစာရွက်ပဲပေးလိုက် သူတို့်သိတယ်ဆိုလို့ စာရွက်လေးကိုင်သွားပြီးပေးတော့ အေးဆေးပဲဗျား........................
သူ့ဟာသူတော့ ဟုတ်လို့။ကွန်မြူနကေးရှင်းလင့်တွေ သူများနိုင်ငံမှာ ဘယ်လောက်ကောင်းတယ်ပြောပြော ကျနော်တို့ လေဆိပ်က ကာစတန်တွေကို မမှီဘူး အချိတ်အဆက်ကလဲ ကောင်းပါ့ လိုက်လို့ကို မမှီတာတော့
အမှန်ပဲ။ လေဆိပ်ကထွက်တော့ တခုတော့ အေးပြီဟဆိုပြီး မပျော်အားသေးဘူး လေဆိပ်အထွက်မှာ ကိုယ့်အိတ်ဝိုင်းလုမဲ့သူတွေနဲ့လုံးလည်ချာလည်လိုက်ပြီး ပြန်လိုက်လုရပြန်ရော။ လုပ်ပုံလဲကြည့်ဦးလေ အကိုကြီး၊
ကျနော်သယ်ပေးမယ်၊ ညီလေးကိုယ်သယ်ပေးမယ်နဲ့ မသယ်ပါနဲ့ ကိုယ့်ဟာကိုယ်သယ်ပါ့မယ်ဆိုတာတောင် အတင်းဝင်လုသယ်ကြတာ အဝေးကနေကြည့်ရင် ၀ိုင်းလုနေသလားတောင် အောက်မေ့ရတယ်။ မသယ်ပေးရတော့ ဘာလုပ်တယ်မှတ်လဲ အိတ်ရဲ့အစွန်း၊ ဒါမှမဟုတ် တနေရာရာကိုကိုင်ပြီး ကားအထိ လိုက်လာတာဗျား...။ ကားနားရောက် အကိုလုပ်ပါဦး ညီလေးကိုမုန့်ဖိုးလေး၊ ညီလေးကိုယ့်ကို သယ်ခလေးလုပ်ပါဦးနဲ့.. မပေးဘူးကွာဘာညာနဲ့ ခပ်တင်းတင်းပြောပြန်တော့ မျက်နှာငယ်လေးတွေနဲ့ အမေနေမကောင်းလို့ပါအကိုရယ်၊ ခလေးအသည်းအသန်ဖြစ်နေလို့ပါ ညီလေးရယ်နဲ့ လုပ်ပြန်ရော....။ ဒီလိုကြား
တော့ ဒီကောင့်အသည်းကလဲ နုနုလေးဆိုတော့လဲ သိတဲ့အတိုင်းပဲလေ............... မင်းတို့ အမေ မကလို့
ကလေးပဲသေသေ ငါနဲ့မဆိုင်ဘူး၊ငါ့အပူမဟုတ်ဘူး၊ ပိုက်ဆံလဲ တပြားမှ မပေးနိုင်ဘူးကွာ၊ ဆိုပြီးပြောလိမ့်မယ်လို့
ထင်သလား..... မထင်ပါနဲ့ အဲဒီမှာလဲ ကုန်ပြန်ပါရောလား.....။သူတို့ကလဲ အချဉ်မဟုတ်ဘူးနော် မုန့်ဖိုးတောင်း တာတောင် ဒေါ်လာတဲ့ဗျား....။ ဒေါ်လာမရတော့ ဆေးလိပ်တဘူးတဲ့.. ဘယ်လောက်သနားစရာကောင်းတဲ့
သူတွေလဲ ဆိုတာ စဉ်းစားသာကြည့် နားရင်းချည်းပဲရိုက်ချင်လောက်အောင်ကို သနားစရာကောင်းတာ။
နောက်ဆုံးမရနိုင်မှန်းသိတော့မှ ၅၀၀၊၁၀၀၀တောင်းတာဗျို့..။
ဒီလိုနဲ့.. အိမ်ပြန်ရောက်တော့ ဆွေတော်ရှစ်သောင်း မျိုးတော် အပေါင်း နဲ့မိတ်ဆွေ၊သူငယ်ချင်းတွေက အိမ်မှာကြိုရောက်နေပြီး ငါ့အတွက်ဘာပါလဲ၊ ဘာလဲဆိုပြီး အိတ်တွေဝိုင်းလုကြ ဖွင့်ကြနဲ့ မစင်ပုံရင်အုံနေသလို ကြည့်တောင် မကောင်ဘူး။ အိမ်ရောက်တော့မှ
ပဲ ပါသမျှက ပြုတ်ပြုတ်ပြုန်းတော့တာပါပဲ။ ကိုယ်ဝတ်ဖို့ ယူလာတဲ့ အ၀တ်အစားလေးတောင် ယူသွားကြလို့ မနဲ
ပြန်လိုက်တောင်းရတာလဲ ပါသေးသဗျ။ ပြန်တောင်းတာတောင် တောင်းတောင်းပန်ပန်နဲ့ လောလောဆယ် ၀တ်စရာ မရှိတော့လို့ ပြန်ပေးပါနော် အစားပြန်ဝယ်ပေးမယ်ဆိုပြီး ပြောရပြန်ပါရောလားဗျာ။လွယ်ဘူးဗျ လက်ထဲ
ပါတ်ထားတဲ့နာရီတောင်မှမျက်စောင်းထိုးသေးတာ ကိုယ့်မျက်နှာခပ်တင်းတင်းထားလို့ နို့မို့ဆိုလို့ကတော့ အတွင်း
ခံဘောင်းဘီတောင် ချွတ်ယူသွားမလားတောင် မပြောတတ်ဘူး။ အထူးသဖြင့်ဘော်ဒါဘော်ကျွတ်တွေပေါ့ဗျာ။
အိမ်ပြန်ရောက်တော့ ၁ရက်၂ရက်နား။ နားပြီးတော့ စပါပြီ အခွန်ဆောင်ဖို့ သက်တမ်းတိုးဖို့၊ သင်တန်းတက်ဖို့
ဟိုဟာကြေး၊ ဒီဟာကြေး၊ တခါတလေ ပေးတော့ ပေးလိုက်ရတယ် ဘာအတွက်မှန်းတောင်မသိဘူး၊ ပွဲစားပြော
သမျှအကုန်လိုက်လုပ် တောင်းသမျှပေးနဲ့ မနက်အိမ်ကအထွက် ပိုက်ဆံအိတ်ဖောင်းဖောင်းလေးက ညနေအိမ်
ပြန်တော့ ပြားကပ်သွားတာမှ ကော်နဲ့ကပ်ထားသလား ထင်ရအောင် မနဲပြန်ခွာရတဲ့အထိပဲ။ ရွှေပြည်တော်ပြန်
လာတာ နားနားနေနေ နေရမလားမှတ်တယ် သွားလိုက်ရတဲ့ရုံး၊ ထိုးလိုက်ရတဲ့လက်မှတ်၊ ပေးလိုက်ရတဲ့ ပိုက်ဆံ၊
ငွေကိုရေလိုသုံးတာများ တရွှမ်းရွှမ်းနဲ့ကိုနေတာတခါတလေ ပိုက်ဆံရေတွက်တာ လက်တောင်ညောင်းတယ် တကယ်။ အဲဒီမှာလဲ ရုံးပြင်ကန္ဒားတွေမှာ အခန့်မသင့်ရင် အဆူအဆဲလေးက ခံရပြန်သေးသဗျ။ အထူးသဖြင့်
ပါတ်စပို့်ရုံးက ဓာတ်ပုံရိုက်တဲ့သူပဲ ဓာတ်ပုံလာရိုက်တဲ့သူတွေကို သူ့ဆီမှာ အလကားလာရိုက်တယ်များ ထင်နေလား ဒါမှမဟုတ် ရတုန်းလေးဖြဲတာလားတော့ မသိဘူး အော်လိုက်ငေါက်လိုက်တာမှ နေစရာနေရာ မရှိ
လောက်အောင်ကိုအော်တာ။ ပြောပုံဆိုပုံလဲ ကြည့်လေ ဟေ့ကောင် မင်းဘာလာလုပ်တာလဲ (အလည်လာတယ်များ ထင်နေလားတော့ မသိပါဘူးဗျာ)။ ဓာတ်ပုံရိုက်မှာလား ဒါဆိုတန်းစီ၊ ဟိုကောင်လည်စည်း
တပ်၊ ဟိုကောင်ခေါင်းနဲနဲမော့၊ ဟိုဒေါင့်ကပ်နေတဲ့ကောင် ချောင်ထဲ ဘာဝင်လုပ်နေတာလဲ ထွက်လာခဲ့၊ ဟေ့ကောင် မင်းကိုရိုက်ပြီးပြီလေ သွားတော့ ဘာထိုင်လုပ်နေတာလဲ ဓာတ်ပုံရိုက်ပြီးလို့ပြီးမှန်းတောင် မသိဘူး
ဘယ်လိုကောင်တွေနဲ့ လာတွေ့နေလဲ မသိဘူး.... အို အစုံပါပဲဗျာ ရေးပြရင် ကုန်မှာတောင် မဟုတ်ဘူး။
ဒီလိုနဲ့ ပြန်ထွက်ရဖို့ရက်နီးလာပြန်တော့ ထပ်ပြီး ဟိုရုံးပြေး၊ ဒီရုံးသွား၊ ဟိုလူ့ဘယ်လောက်၊ ဒီလူ့ဘယ်လောက်
နဲ့ထပ်ပေးရပြန်ရော။ အမြဲပြဿနာတက်တာက ပြန်ထွက်ခါနီးတိုင်း တခုမဟုတ်တခုက ညှိနေလို့ စိတ်ရော၊
လူပါပင်ပန်း သလားမမေးနဲ့ ပွဲစားကပဲ ခြောက်ပြီး ပိုက်ဆံညှစ်တာလား၊ ဘာလားတော့ မသိဘူး ကုန်ပြန်ရော၊
ိကိုယ်မသိတော့လဲ ခံပေါ့ဗျာနော....။ အဲဒီလို လုံးလည်ချာလည်လိုက်ပြီး ပါလာသမျှက စာကလေးအမြီးနှုတ်၊ ခေါင်းနှုတ်နဲ့ ဘာမှကိုမကျန်တော့ဘူး။ အဲလို...အဲလို ဖြစ်ပြီး..... စိတ်ရောလူရော ပင်ပန်းနွမ်းနွယ်စွာနဲ့ ပြည်တော်ပြန် ခွင့်ရက်လေးပြည့်သွားလို့ လေယာဉ်ပေါ်ပြန်တက်တော့မှပဲ...... ........၀ဲကမ်းအွန်ဘုတ်.. ဆာ၊ ဂွတ်အီးဗနင်း..ဆာ၊ ဟောင်းအာယူ..ဆာ၊ ဆာ..ဆာ ..ဆာ..ဆာ.. ဆာ...ဆာ....
လူမှန်နေရာမှန်ပြန်ရောက်သွားတယ်ခေါ်မလား၊ အတုအယောင်တွေလို့ပဲပြောရမလားတော့မသိဘူး ခေါင်းကိုမော့၊ ရင်ကိုကော့ပြီး လေယာဉ်ပေါ်တက်ကြ... ...ပြီးတော့.... ရွှေပြည်တော်ကြီးကို တခါတခေါက် ငွေအမောက်နဲ့ ပြန်ရောက်ဖို့အတွက် ရုံးလိုက်စမ်းဟဲ့........... ဘွတ်အဲ.....ဘွတ်အဲ...လို့ မအော်ရုံတမယ် အားမာန်တင်းရင်း .................................................................။
မှတ်ချက်။ ။ခုတော့ ရွှေပြည်တော်ကြီးမှာအဲလိုမဟုတ်တော့ပါဘူး။ ခုရေးခဲ့တာတွေက ဦးခင်ညွှန့်လက်ထပ်ကပါ။
ခုတော့ လေဆိပ်စ၀င်ကထဲက ဘာမှပေးစရာမလိုဘူးနော်လို့ ကာစတန်တွေ ကိုယ်တိုင်ပြောနေကြပါတယ်လို့......တော့......ကြားဖူးပါတယ်.....။ ဟီ ..ဖားထားရသေးတယ်။တော်ကြာ အိမ်ပြန်တဲ့အခါ အိမ်ပြန်မရောက်ဘဲ သီးလေးသီးတို့ ပြောသလို ကားပြာကြီးနဲ့ ပါသွားမှ ဟုတ်ပေ့ဖြစ်နေမှာဗျ ဟီးဟီး။ တားတားကြောက်ကြောက်..............။
Wednesday, May 27, 2009
Subscribe to:
Post Comments (Atom)
19 Response to ရွှေပြည်တော်မျှော်တိုင်းဝေး
အတွေ့အကြုံတွေ၊ အတွေ့အကြုံတွေ။ :P :P
ရပြီဗျ အဟား ဒီလိုပါပဲ ဘ၀ကြီးက အကိုရေ... တနေ့နေ့တော့ ဖြစ်လာမှာပါ အားမလျှော့နဲ့ ကြိုးစားထား တနေ့ အိမ်ပြန်ရင် ဒီလို မဟုတ်တော့ဘူး ဆိုတာ မြင်ရလိမ့်မယ် ဒီလို မဟုတ် ဟိုလိုပေါ့ အဟား ဟား
လေးစားလျက်
တောင်ပေါ်သား
ရင်လေးပါတယ်
ရင်လေးပါတယ်
အိမ်ပြန်ချိန်ကိုတောင် မသိတဲ့သူအတွက်
အိမ်ပြန်လမ်း အတွေ့အကြုံကို
ဖတ်သွားပါတယ်
အနော်နဲ့ စကားပြောရင်တော့
မြန်မာလိုပဲပြောနော်
မျက်နှာမိုးရေစင်မှာတော့ကြောက်တယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း....း))
ကိုအိမ်ရဲ့ အိမ်ပြန် အတွေ့အကြုံလေးတွေ လာဖတ်သွားပါတယ်ဗျာ အတွေ့အကြုံလေးတွေပါ။
အခုနောက်တခေါက် ပြန်ကြည့်လိုက်လေ... နောက်ပို့စ်တခု ရမှာ ကျိန်းသေပေါက်ပဲ။
အဟိဟိ ခွိ
ဒုတိယအကြိမ်မြောက် ထပ်ရီသွားတယ် ကိုဂျီးရ။ အဟီးး။ မွေးနေ့ရောက်ဖို့ ၇ရက်ပဲလိုတော့တာဟုတ်။ ဟဲဟဲ။
အိမ်ပြန်ချိန်ကိုတောင် မသိတော့ဘူး....
ဒီကစောင့်နေသူ ..အို..အိုး.. ဒီကစောင့်နေသူ...
အဟား.. မျိုးကြီးသီချင်းထဲကလို ဟိုကလည်း စောင့်နေမယ် သတိထား...:P
ဟတ်ဟတ်..အခုရော မပေးရတော့ဘူးလို့
ဘယ်သူကပြောလဲ... ဟားဟား :P
(ဘယ်သူက ပြောလဲလို့ပဲ သိချင်လို့နော်.....ဟိဟိ..မီးမီးမပါဘူး ) :P
ပြန်တောင်မပြန်ရဲတော့ဘူး။
ဒါမျိုးတွေ ကြုံမှာစိုးလို့ လေဆိပ်ကအကောင်တစ်ကောင်ကောင်ကို ယောက်ဖတော်ရကောင်းမလား စဉ်းစားနေတယ်။ :D
ဒီလိုတွေဖြစ်တတ်တယ်လား... မသိဘူးရယ်။ တစ်ခါမှ မပြန်ဖြစ်သေးတာလဲပါမှာပေါ့
ကိုအိမ် ဒီတခါပြန်ရင် တစ်မျိုးဖြစ်လိမ့်မယ် ဟီး
ကိုအိမ်ရဲ့  အတွေအကြုံလေး တော်တော်ရီရတယ်ဗျာ..။ အူတောင်နာတယ်...:D။ နောက်တခေါက် ထပ်ပြန်လိုက်လေ..နောက်တခါ အတွေ့ အကြုံလေးဖတ်ရတာပေါ့..:P။ အားပေးနေလျှက်ပါ...ပျော်ရွှင်ပါစေ...ခင်မင်စွာဖြင့်...
When I went back to myanmar in last three month, Immigration asked me that , "what do u have present .. "( not include for me in his words .. :P ) .. so , i smiled at him and replied that " all are in my luguage and now i have only noodle and fruit (That is real coz my littel bro : likes noodle too much and fruit for my mum.). Next time i will take for u .. ". Then , he said that he note my adress and come n take the lunch ''
I smiled and smile ..smile.. :) .. i think he likes my smile ... :P . did not say anymore and all ok and did not need to do D.form . :D
အဲလောက်ဖြစ်တာပြန်နဲ့တော့ ရှုပ်တယ်
လူနောက်
ခင်ဗျားကတော့လေ..
လမ်းမှာ sir တွေ အခေါ်ခံရတာများသွားလို့.. ဟိုရောက်တော့ ကျိန်းကျေသွားတာ :P
ရင်မောသွားတယ် အိမ်ရေ ...
အဲ့လိုမျိုးပေါ့လေ ခပ်လန့်လန့်ပဲနော်
ကိုအိမ်ကလဲ ဘော်ဒါတွေကအဲ့လောက်တောင်လား
း)
သိပ်မပြောင်နဲ့နော် မျက်နှာကပြောင်စပ်စပ်နဲ့
ပြန်တော့ဘူးဗျာ...
ကြောက်လို့ -
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း