Thursday, May 14, 2009

လူအထင်ကြီးအောင် ပြောဆိုနေထိုင်နည်း

21
လူတွေအကြောင်း ပြောရရင်တော့ ပြောမဆုံးပေါင်တောသုံးထောင်ပါပဲ။ ဒီအထဲကကျနော်သိခဲ့၊ကြုံခဲ့ရတဲ့
လူအထင်ကြီးအောင် ပြောဆိုနေထိုင်နည်းလေး ပြောပြချင်တယ်။
တချို့လူတွေဟာ ၀ မရှိပဲ ၀ိလုပ်ချင်ကြတယ်။ ကိုယ်ဘယ်သူလဲ၊ ဘာလဲ ဆိုတာလုံးဝမေ့ထားတတ်ကြပြီး မရှိကို
အရှိလုပ်ပြောတတ်ကြတယ်။ ခက်တာက လူတွေကလဲ အဲဒီလို ဟိတ်လုံး၊ဟန်လုံး မရှိတဲ့သူဆို နဲနဲလေးမှ အထင်မကြီးတတ်ကြဘူးဗျ။ အဲဒါကြောင့်လဲ ရွာမှာ ဘယ်သူတော့ ဘယ်လောက် အလိမ်ခံလိုက်ရပြန်ပြီ၊ ဘယ်ကုမဏ္ဏီတော့ ဘယ်လောက်လိမ်သွားပြန်တာနဲ့၊ ပွဲစားက လူဘယ်နှစ်ယောက်ဆီက လိမ်သွားရတာနဲ့၊ စသည်ဖြင့်ပေါ့ဗျာ။
ပြီးတော့ လူတွေကြားထဲစကားပြောရင် အင်္ဂလိပ်စကား ညှပ်ပြောတတ်တဲ့ အကျင့်ပဲ..ဘာရယ်ညာရယ်တော့
မဟုတ်ဘူး လူအထင်ကြီးတာအမှန်ပဲ။ အဲလိုပြောတတ်တဲ့သူနဲ့တွေ့ဖူးတယ်ဗျ ဒီလို.......


တရက် အလုပ်အားလို့ ကိုယ်မရောက်ဖူးသေးတဲ့နေရာတွေကို လုပ်ဖော်ကိုင်ဖက် တယောက်နဲ့ လျှောက်သွားတာမှာ လူတယောက်နဲ့တွေ့ပါလေရော၊
နိုင်ငံရပ်ခြားမှာရွှေတွေ့တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ပျော်တာပေါ့နော..။ဒီလိုနဲ့ ကိုယ့်အခြေအနေ၊ သူအခြေအနေ
မေးမြန်းပြောဆိုကြရင်း အဲဒီလူရဲ့ အထာကိုသိလိုက်တယ်... စကားပြောရင် အင်္ဂလိပ်စကား ညှပ်ပြောတတ်တာ
ကိုပေါ့။ သူပြောပုံလေးကို မှတ်မိသမျှပြန်ပြောရရင်တော့ဒီလိုဗျ...... ကိုယ့်ဂျော့က ကလပ်တခုမှာဒီဂျေလုပ်တယ်
ပြီးတော့ နောက်ကလပ်တခုမှာ ဒီဂျေလက်ထောက် လုပ်တာကွ။ ဂျော့က နိုက်တိုင်းဆိုတော့ နဲနဲတော့ ပင်ပန်း
တယ်ကွ စသဖြင့်ပြောတော့ ကျနော်အတော့်ကို အထင်ကြီးသွားတယ် ဒို့မြန်မာ ဒီဂျေတွေဘယ်ဆိုးလို့လဲ နိုင်ငံ
ရပ်ခြားဖြစ်တဲ့ ဥရောပမှာတောင် ခြေဆန့်နိုင်နေပြီပဲ ဆိုပြီးတော့ပေါ့။ ကျနော်လဲ အထင်တကြီးနဲ့ ဒါဆိုအကိုက
သီချင်း အတော်များများသိတာပေါ့နော်... ပေါ်သမျှလဲ နားထောင်နေရမှာပေါ့ဆိုပြီး လျှောက်မေးမိတယ်။ သူက ဒါကလဲ အလုပ်သဘောပါကွာ နားမထောင်လို့လဲ မရဘူးလေ။ ကလပ်မှာလုပ်နေရတာဆိုတော့ မကြားချင်လဲ ကြားနေရတာပဲပေါ့....။ဒီလိုနဲ့ သူလုပ်နေတဲ့ အလုပ်ရဲ့ လိပ်စာပေးတာပေါ့ မင်းတို့သင်္ဘောဘယ်တော့ ပြန်ထွက်မှာလဲ အားရင် လာလည်လေ ဆိုပြီး ကျနော်တို့ကို ဖိတ်ပါတယ်။ ကျနော်တို့ကလဲ သင်္ဘောမနက်ဖြန်ပြန်
ထွက်တော့မှာဆိုတော့ သူ့ဆီရောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒီလိုနဲ့ပြောဆိုကြပြီး လမ်းခွဲခဲ့ကြတယ်။ အဲဒီမှာသူပဲ ကံဆိုးတာလား၊ ကျနော်တို့ကပဲ ဒုံးဝေးသလားဆိုတာ
ဝေခွဲလို့မရအောင် ဖြစ်သွားခဲ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ သင်္ဘောက ထွက်ရမဲ့ရက်မထွက်ပဲ စက်ပြင်စရာ တခုပေါ်လာတာနဲ့ နောက်ထပ်တပါတ်ဆက်ပြီးကမ်းမှာနေရမယ်လို့ သတင်းကြားရပါတယ်။ ဒီသတင်းကြားတော့
ကျနော်တို့ ဒတ်ပိုင်းကလူတွေပျော်တာပေါ့ဗျာ။ ဒါနဲ့အဲဒီလူဆီသွားလည်ကြဖို့တိုင်ပင်ကြရော ဆိုပါစို့...။
ညရောက်တော့ သွားကြတာပေါ့ဗျာ အားလုံး ၅ယောက်ထင်တာပဲဗျ၊ ကလပ်ထဲကိုတော့ သူ့နာမည်ပြောမ၀င်
ပါဘူး ကိုယ်တွေလာတာ ၅ယောက်ဆိုတော့ ကိုယ့်ဆရာနေရင်းထိုင်ရင်း ၅၀ ကုန်နေမှာစိုးလို့ရယ်၊ သူ့ကိုအံ့သြ
သွားအောင် လုပ်မလို့ရယ်ကြောင့်သူ့ဆီ ဖုန်းတောင်မဆက်ပဲ ချီတက်သွားကြပါတယ်။ အဲဒီရောက်တော့ သောက်တဲ့သူသောက် စားတဲ့သူစားနဲ့ ကလပ်အခြေအနေကို အကဲခတ်နေကြပါတယ်။ ဒီလိုနဲ့ညနက်လာတဲ့
အထိ အဲဒီလူကို အရိပ်တောင်မတွေ့ဘူး။ပြီးတော့ ဒီဂျေသမားတွေကိုင်တဲ့စက်မပြောနဲ့ စင်တောင်မရှိဘူး စပီကာ အကြီးကြီးတွေနဲ့ သီချင်းတွေ အကျယ်ကြီးပဲ ဖွင့်ထားတာပဲကြားနေရတော့ ကျနော်တို့ထဲက တယောက်က ဟေ့ကောင်တွေ ငါ့အထင်တော့ ဒီဂျေသမားတွေ အထဲကနေပဲ ဖွင့်တာထင်တယ် အပြင်မှာ ဘာမှမရှိဘူး ကဖို့နေရာပဲ ရှိတယ်ကွ ဒီလိုလုပ် ငါ..စားပွဲထိုးတယောက်ကိုမေးကြည့်လိုက်မယ် ဆိုတော့ အားလုံးကလဲ သဘောတူတယ်။
မေးကြည့်တော့ စားပွဲထိုးမလေးက မင်းတို့က သူ့သူငယ်ချင်းတွေလား ဘာအတွက်တွေ့မှာလဲ ဒါအလုပ်ချိန်
အရေးမကြီးရင် အလုပ်ပြီးမှတွေ့ပါ ဘာညာနဲ့ပြောတော့ ..ကျနော်တို့ကလဲ ငါတို့်သင်္ဘောသားတွေပါ မနက်ဖြန်
မနက်အစောကြီး သင်္ဘောပြန်ထွက်တော့မှာမို့ သူ့ကိုလာနှုတ်ဆက်ရုံတင်ပါ ဆိုပြီးညာပြောတော့ စားပွဲထိုးက
လေးက ဒါဆိုလဲ အနောက်ဘက်ကိုဝင်သွား ညာဘက်မှာ မီးဖိုချောင်ရှိတယ် အဲဒီမှာမေးကြည့်ပါလို့ နတ်လမ်းညွှန် လုပ်တော့ ကျနော်တို့ အားလုံး သွားရှာကြတာပေါ့။ မီးဖိုချောင်ရောက်တော့ အားလုံးအံ့တွေသြလို့
ပါးစပ်ကြီးတွေဟပြီး အဲဒီလူကို ၀ိုင်းကြည့်နေကြတာ တကယ်လဲ အံ့သြစရာပါ ကိုယ့်ဆရာကပန်းကန်ဆေး စက်ထဲက ထွက်လာတဲ့ ပန်းကန်တွေကိုထုတ်..မခြောက်သေးတာအ၀တ်နဲ့တိုက်နဲ့ တကယ့်ဒီဂျေသမားတောင် သူ့လောက်အလုပ်မရှုပ်ဘူး ကိုယ့်ဆရာ ချွေးတလုံးလုံးနဲ့ ပန်းကန်တိုက်တဲ့ အ၀တ်ကလဲ ပခုံးနှစ်ဖက်မှာတင်လို့ ခါးမှာလဲခါးစည်းနဲ့ ပန်းကန်တွေကို ပြောင်လက်နေအောင် တိုက်နေတာများ မြန်မာပြည်က ဒီဂျေဖြိုးတို့၊ ဒီဂျေဥက္ကာတို့တွေ့ရင်ငိုသွားမယ်။ အသံတွေကလဲစုံပါ့ တခွက်ခွက် တချွင်ချွင်နဲ့ သံစုံကိုမြည်လို့............................။
ကျနော်တို့သိလိုက်ပြီ နောက်အလုပ်တခုက ဒီဂျေလက်ထောက်ဆိုတော့ သေချာပြီ မီးဖိုချောင် အကူပဲဆိုတာ။
ကျနော်တို့လဲ သူ့ကို အသိမပေးပဲ လာရာလမ်းကို ပြန်လှည့်ခဲ့ကြပါတယ် ဘာကြောင့်လဲ ဆိုတော့ အဲဒီလူရှက်သွားမှာ စိုးလို့ပါ..။ ကျနော့်ကိုလဲ ၀ိုင်းပြီး သြဘာပေးကြတယ်..မင်း..ဟာလေ ဘာမှနားကျပါးကျ နားမထောင်ဘူး.. အသံကြားတာနဲ့ လေဖမ်းဝါးတန်းချည်တဲ့ကောင်တဲ့.........................။
အဲဒီလိုဗျို့ လူတွေ ခက်ဘူးလားဗျာ.. ကြွားစရာမရှိကြံဖန်ကြွားတာ။ ဘာပဲပြောပြော ကျနော်ကြားဖူးတဲ့ စကားထက်တော့ အများကြီးသာပါတယ်။ ဒီလိုဗျ ဂျပန်က အလုပ်လုပ်ပြီး
ပြန်လာခါစ တယောက်ဟာ သူဂျပန်မှာအလုပ်လုပ်ခဲ့တယ် ဆိုတာလေးလဲ လူကြားထဲမှာကြွားချင်တယ်.. သူလုပ်
ခဲ့တာလဲ စားသောက်ဆိုင်မှာဆိုတော့ ဘယ်လို လှည့်ပါတ်ပြောတယ်မှတ်လဲ ကျနော်ဂျပန်မှာ အလုပ်လုပ်လာ
တာဗျ အလုပ်ကတော့ အိုက်တိုးပဂေးစံ လုပ်တာဗျတဲ့။ ရုတ်တရက်တော့ ဂျပန်စကားလိုလို၊ ဘာလိုလိုနဲ့
သေချာတွေးကြည့်တော့မှ အိုက်တိုးပဂေးစံဆိုတာ အိုးတိုက်ပန်းကန်ဆေး ဆိုတာမှန်းသိတော့တယ်..
ဆိုတော့ ဘာပဲပြောပြော အခုကျနော်ပြောတဲ့ ဒီဂျေက အများကြီးသာတယ်ပြောရမှာပေါ့နော.....

21 Response to လူအထင်ကြီးအောင် ပြောဆိုနေထိုင်နည်း

14 May 2009 at 16:21

ဒီဂျေဆိုတာ ဂလိုကိုး။ :P

လူအထင်ကြီးအောင် ပြောဆိုနေထိုင်နည်းလေးလည်း မှတ်သွားပါတယ်။ :)

14 May 2009 at 16:43

DJ ဆိုတာဒါလား ဟား၂ ကိုအိမ်နဲ့မှ သွားတွေ့တယ် ဒီလူတော့ သိရင် အရမ်းရှက်မှာပဲသူပိုပြောထားတာကိုး

14 May 2009 at 18:07

အဟီးး
အကိုအိမ်ရေ
ကျနော်လဲဆိုက်ပရပ်မှာဒီဂျေပွတ်နေတယ်
ပွတ်ရတဲ့စီဒီဖြူဖြူတွေက ဆိုက်စုံ
လက်တောင်မလည်ဘူး
အားရင်လဲလာခဲ့ရေ
တူတူပွတ်ကြရအောင်လား
ကိုကြီးနဲ့ညီလေးက ညီအကိုနိုင်ငံချင်းတူတူဆိုတော့
လာခဲ့
လာဝိုင်းပွတ်လှည့်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

14 May 2009 at 20:58

ငါဟဲ့ ဒီဂျေပေါ့း)

14 May 2009 at 22:34

အူးအူးအိန်လည်း DJ သမားလုပ်ပေါ့....ဟတ်ဟတ်

14 May 2009 at 22:57

ဒီဂျေဆိုတာ အိုက်တိုပဂေးဆန်ရဲ့ ဝေါဟာရ အသစ်ကိုးဗျ
:)

15 May 2009 at 00:45

ကြည့်ရတာ ဒီဂျေဆိုတာ သူတို့ ဘာသာစကားနဲ့ ပန်းကန်ဆေးတာကို ပြောတာနေမှာပေါ့။

မဟုတ်တာလိမ်ပြောရင် သူ့ လိပ်စာပေးပါ့မလား။ အဲ့ဒီရောက်နေတဲ့ ဗမာတွေ ထွင်ထားတဲ့ အထာစကားလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

သူ့ အလုပ်သူပျော်အောင် နာမည်ပေးထားတာလားမှ မသိပဲ။

ဖွင့်ထားတဲ့ သီချင်းလည်း သူနားထောင် မိမှာပဲလေ။

မအယ်ထင်တာ ပြောတာပါ။

15 May 2009 at 02:11

လူအထင်ကြီးအောင် နေနည်းပေးမယ်ဆိုလို့ ရောက်လာပါတယ်။
ဒီတစ်ခါတော့ သိပ်မပြုံးချင်ဘူးဗျာ။ ကျွန်တော်တို့ ညီအစ်ကိုရွှေတွေရဲ့ဘဝ တယ်လည်း ..... ပါလားလို့ တွေးမိနေလို့ပါ။

သုခမိန်(E-Journal)

15 May 2009 at 03:53

ဟ အဲဒါ မင်းညံ့လို့ အလို့ မသိတာပေါ့ကွ နိုင်ငံခြားမှာ နေတဲ့ ရွှေတွေ ဒီဂျေဆိုတာနဲ့ ဘာဆိုတာ အကုန်သိတယ် ညံ့ပါ့ ချက်ကြီးရာ သူက ကြွားတာလဲ မဟုတ်ဘူး အထင်ကြီးအောင် ပြောတာလဲ မဟုတ်ဘူး အမှန်ကို ခေတ်ပေါ်စကားနဲ့ပြောတာ..

15 May 2009 at 06:49

ကိုယ့်နိုင်ငံမှာမှ အလုပ်မရှိတော့လဲ သူများနိုင်ငံမှာ ဒီဂျေပွတ်ရပြီပေါ့ ကိုဖြိုးရယ်

15 May 2009 at 09:12

ကျနော်ကတော့ အဲလို အင်္ဂလိပ်လိုကြားညှပ်မုန်းရင် သိပ်မုန်းတာပဲဗျာ။ မြန်မာလိုပြောရင် အဓိပ္ပာယ်လွဲသွားမယ့် စကားလုံးတို့။ မြန်မာလိုအဓိပ္ပာယ် ပြန်ဖို့မလွယ်တာတို့က လွဲရင် မြန်မာလိုပဲပြောစေချင်တယ်။ မြန်မာပဲဗျာ။ မြန်မာလိုပြောနေတာ။ မလိုအပ်ပဲ သူများစာလုံး သုံးစရာမလိုပါဘူး။

15 May 2009 at 23:44

ပွတ်တာကတော့ ပွတ်တာပေါ့ဗျာ.. မှတ်သားသွားပါတယ်....


လေးစားလျက်
တောင်ပေါ်သား

19 May 2009 at 10:48

:)
လာဖတ်ဖြစ်ပြီ။
မှတ်သားသွားတယ်။

20 May 2009 at 19:06

ဟာဟ.. ကျွန်တော်တို့လည်း ပွတ်သင့်ရင် ပွတ်ရမှာပဲဗျ...
ဘာပဲပြောပြော ဒီဂျေပွတ်တယ်ဆိုတော့ လူရှိန်တာပေါ့နော်...

20 May 2009 at 21:18

ဒီဂျေ ဒီဂျေ ....
အသစ်ပဲ မှတ်ထားဦးမှ ။

20 May 2009 at 21:55

အင်း....ဘယ်နေရာရောက်ရောက် သူလိုပဲ ပြောရမလိုတောင် ဖြစ်နေပြီဗျာ...။ ဘာရယ်မဟုတ် လတ်တလောလေး လူအထင်ကြီးသွားလည်း မဆိုးဘူးနော်..ဟီး.ဟီး..။ ပျော်ရွှင်ပါစေဗျာ..အားပေးနေလျှက်ပါ..။

21 May 2009 at 18:09

DJ ပွတ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပြီ။

21 May 2009 at 21:40

လာဖတ်ပြီးတော့ မှတ်သားသွားပါတယ် အကိုအိမ်ရေ အဆင်ပြေပါစေခင်ဗျာ။

Anonymous
23 May 2009 at 17:11

အင်းးးး DJ ... DJ .... မှတ်သားသွားပါ၏။ ဒီလိုပါပဲ အိမ်ရယ်. အိမ်က
သင်္ဘောသားကြီးဆိုတော့ ပြောနိုင်တာပေါ့... ဒီလိုပဲ ကိုယ့်နိုင်ငံမှာ အလုပ်
မရှိတော့ ဂျပန်မှာလည်း ဒီဂျေ လုပ်နေရတဲ့သူတွေ အများကြီးပါပဲ.. ဒါလည်း ငွေရတဲ့ အလုပ်ပါပဲ မောင်အိမ်ရယ်...
အလုပ်ဟူသမျှ ဂုဏ်ရှိစွ တဲ့...
အစ်မတောင် ဒီဂျေပွတ်ချင်စိတ်ပေါက်သွားပြီး.. အဟတ်.
အိမ်လည်း သင်္ဘောပေါ်မှာ ဒီဂျေပွတ်နေရဦးမယ်နော်.. အဟီးးးး)))
စတာပါ ကလေးရယ်... စိတ်မဆိုးကြေး...း))

23 May 2009 at 20:12

ဟုတ်ကဲ့...
ညီမကတော့ အိမ်မှာ အမေ့ကို ကူညီပြီး ဒီဂျေပွတ်ပါတယ်...
ဝေါဟာရတိုးသွားပြီ... ;)

28 May 2009 at 17:51

အကိုအိမ်စ် .
ညီမလေး အိုက်တိုးပဂေးစံစ် ဟီးဟီး
မိုက်ရယ် DJ တဲ့...
နာကွ စကားလုံးအသစ်ရပြီ
ညီမလေး အကြွားခံရရင် နောက်ဆိုတိပြီပေါ့ ဟဲဟဲ
ရှဲ့ရှဲ့ အကိုအိမ်စ်း)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း