Tuesday, January 27, 2009

ညမဖတ်ရ

31
မနေ့ညက စာရေးဆရာကြည်ဦးရေးတဲ့ ထူးဆန်းအံ့ဖွယ်ပရလောကနယ် ကိုဖတ်မိပြီး ငယ်ငယ်က သရဲအခြောက်ခံရတာကို သွားသတိရမိတယ်။တကယ်ကိုခြောက်ခြားခဲ့ပါတယ်။ ဘယ်လောက်ထိလဲဆို အခြောက်ခံရပြီး တလလောက်အထိက ညနေစောင်းတာနဲ့ ဘယ်မှ မသွားမလာရဲတဲ့အထိကိုဖြစ်သွားတာပါ။ အခြောက်ခံရပုံကတော့ ....



မှတ်မိသလောက်ပြောရရင် ကျနော့်အသက် ၁၇နှစ်လောက်မှာ နွေရာသီကျောင်းပိတ်လို့ အဖေ့မွေးရပ်မြေဖြစ်တဲ့ ပျော်ဘွယ်ကို တမိသားစုလုံး သွားလည်ကြပါတယ်။ အဲဒီရောက်တော့ အပြီကဲတာပေါ့ဗျာ အဖေ့ရဲ့ အကိုဆီမှာမြင်းလှည်း၂စီးရယ် နွား၎ကောင်ပိုင်တယ်ဗျ လယ်လည်း အတော်များများရှိတယ်။ ဒီတော့ ကျနော်ရယ် ကျနော့်အကိုရယ်၊ အဖေ့အကိုရဲ့ သားအကြီးကောင်ရယ်၊ သူ့ယောက်ဖရယ် လေးယောက်သား မြင်းလှည်းတစီးနဲ့ တနေကုန် တနေခန်း ဟိုဟိုဒီဒီလျှောက်သွားပြီး ထန်းရည်းတွေခိုးသောက်ကြ မူးကြ၊ ရှုးကြတာပေါ့နော် တခါတလေလဲ နွားကျောင်းသွားကြတာလဲရှိတာပေါ့။

ဒီလိုနဲ့ ရန်ကုန်ပြန်ရတော့မယ် တရက်အလိုမှာ ဘ၀မှာ တခါမှ မကြုံဖူးတာကိုကြုံရတော့တာပါပဲဗျာ။ ဖြစ်ပုံက အဲဒီနောက်ဆုံးနေ့ နေ့လည်မှာ အကိုဝမ်းကွဲက သူ့သူငယ်ချင်းတွေနဲ့ ကောင်မလေး ရှိတဲ့ရွာ သွားမယ်ဆိုလို့ ပျော်ဘွယ်မြို့နဲ့ သိပ်မဝေးနဲ့ ရွာတရွာကို မြင်းလှည်းနဲ့ ကျနော်တို့လေးယောက် ချီတက်ကြတာပေါ့ဗျာ အဲဒီမှာ အဲဒီရွာအသွားလမ်းမှာ င်္သချိုင်းတခုကို ဖြတ်သွားရပါတယ် ဒါပေမဲ့ နေ့ခင်းဆိုတော့ ကြောက်လဲ မကြောက်ဘူး သတိတောင် မထားမိဘူးဆိုပါတော့ဗျာ ဒီလိုနဲ့ ရွာအ၀င်ရောက်တော့ မြင်းလှည်းရဲ့ ၀င်းရိုးခေါ်မလားတော့ မသိဘူး ကျိုးသွားရော၊ မကျိုးနေမလားဗျာ မောင်းတာက ကျနော့်အကိုလေအရမ်းမောင်းတဲ့အပြင် ချိုင့်တွေ ကျင်းတွေမရှောင်ဘဲ အမြန်စွတ်မောင်းတော့ ဒီလှည်းမှ မကျိုးရင် ဘယ်လှည်းကျိုးမှာလဲ။ ဒီတော့ အကိုဝမ်းကွဲက ရွာထဲက သူ့သူငယ်ချင်းတွေခေါ်ပြီး လှည်းကျိုးကိုရွာထဲ အထိရောက်အောင်လုပ်ရတာပေါ့ ( သူများတွေတော့ မသိဘူး ကျနော်ကတော့ လှည်းကျိုး ထမ်းဖူးသွားတာပေါ့ ဟီ) ရွာထဲရောက်တော့ အကိုဝမ်းကွဲက လှည်းပြင်ဖို့ မစဉ်းစားပဲ ထန်းရည်သောက်ဖို့စီစဉ်ရော ကျနော်နဲ့ ကျနော့်အကိုကလဲ ဘယ်သိမှာလဲဗျာ ဒီတော့ သူစီစဉ်သမျှ အိုကေပေါ့။ဒီလိုနဲ့ ထန်းရည်သွားဝယ်သူက ၀ယ်နဲ့ အမြည်းအတွက် လယ်ကြွက်လိုက်ဖမ်းကြစို့ဆိုပြီးလုပ်ပြန်ရော၊ မြို့သားတွေ မစားဘူးလို့ကွ ရအောင်ရှာရအောင်
ဆိုပြီး ကျနော်တို့ အားလုံး လယ်ထဲသွားပြီး မွှေနှောက်ကြတာပေါ့။ ဒီလိုနဲ့နှစ်ကောင်ရတာပေါ့ဗျာ (ဖမ်းပုံဖမ်းနည်းတော့ မပြောတော့ဘူးဗျာ စာရှည်မှာစိုးလို့) ကြွက်က လယ်ကြွက်သာပြောတယ် အတော်ကြီးသားဗျ ကြောင်သာသာလောက်ကို ရှိတယ်ဗျ။ကျနော်ကတော့ မစားရဲလို့ မစားဘူး ဒါကို အကိုဝမ်းကွဲက သေသေချာချာရှင်းပြတယ် ဒီကောင်တွေက အိမ်ကြွက်တွေလို မြေကြွက်တွေလိုမဟုတ်ဘူး အရမ်းသန့်တယ် စားကြည့်ဘာညာနဲ့ မြှောက်ပေးလို့ နည်းနည်းမြည်းကြည့်တော့ အဟုတ်သားဗျ နူးညံ့ပြီး ချိုတယ်ဗျ ဒါပေမဲ့ အများကြီးတော့ မစားပါဘူး။

ဒီလိုနဲ့ စားလိုက်၊သောက်လိုက်နဲ့ ပြီးတော့ အကိုဝမ်းကွဲကသူ့ကောင်မလေးနဲ့ သွားတွေ့ နဲ့ ညရောက်မှန်းမသိ ရောက်သွားသဗျ။ ဒါနဲ့ ပြန်ဖို့လုပ်တော့မှ လှည်းကျိုးနေတာ သွားသတိရတယ် ပြင်လည်း မပြင်ရသေးဘူးလေ
ဒီတော့ ရွာခံတွေက ရွာမှာပဲ အိပ်ဖို့ ပြောတာပေါ့ ဒါပေမဲ့ ကျနော်တို့က အိပ်လို့ မဖြစ်ဘူး မနက်ဖြန် မနက်အစောကြီး ရန်ကုန်ပြန်ရမှာ မပြန်လို့ မဖြစ်ဘူး ပြောတော့ အဲဒီမှာ အကိုဝမ်းကွဲ သူငယ်ချင်း တယောက်က အကိုဝမ်းကွဲကို ဟေ့ကောင် မင်းသိတယ်နော် တို့ရွာအထွက်က ဘယ်လောက် ဆိုးတယ်ဆိုတာ ပြောတော့ ကျနော့်အကိုက ဘာဖြစ်လို့လဲ ဗျ ဓါးပြတိုက်လို့လားလို့ မေးတော့ အဲဒါက ဓါးပြထက်ဆိုးတယ်ကွ ဆိုတော့ ကျနော်ရော ကျနော့်အကိုပါ သဘောပေါက်လိုက်တယ် ဒီတော့မှ ရွာကိုအလာ လမ်းမှာ င်္သချိုင်းဖြတ်လာခဲ့ရတာကို သွားသတိရတော့တယ်ဗျ ဒီတော့ ကျနော်နဲ့ ကျနော့်အကိုဟာအရက်ဝိုင်းထဲ ရောက်မှန်းမသိရောက်သွားတယ် (ကြောက်လို့လေ) ..။

အဲဒီမှာ စကားထများရောဗျို့ အကိုဝမ်းကွဲက သူ့သူငယ်ချင်း ဟောက်တာပေါ့ဗျာ မူးကလဲမူးနေတော့ ဘာသရဲလဲကွ ဘယ်သရဲမှ မကြောက်ဘူး ဘာညာနဲ့ လုပ်ရောဗျို့ ရွာခံတွေက မြင်းလှည်း၂စီးနဲ့ လိုက်ပို့မယ်ဆိုတာတောင် လက်မခံဘူးဗျ ကိုယ့်ဟာကိုယ်ပြန်မယ် လုပ်ရောဗျာ မူးနေတော့ သွေးကြွနေတာပေါ့ ဘယ်သူမှ လိုက်မပို့နဲ့ မင်းတို့ဆီက ဓါးနှစ်လက်နဲ့ ၀ါးရင်းတုတ်နှစ်ချောင်း လက်နှိပ်ဓာတ်မီး လေးလက်သာ ရှာပေး ရအောင်ပြန်မယ်။ မင်းတို့ သရဲ ခြောက်ရဲခြောက်ကြည့် ငါ့ညီတွေကို အဲဒီသရဲ အပိုင်းပိုင်း ပြတ်အောင်ခုတ်ပစ်မယ်ကွ ဒါနဲ့ကျနော်တို့ ဘက်လှည့်ပြီး မင်းတို့ မကြောက်နဲ့ ငါရှိတယ် ပြီးတော့ တို့က လေးယောက်ကွ အားလုံး တုတ်နဲ့ ဓါးပါတယ် လမ်းမှာလဲခဲပေါတယ် ဘာကြောက်စရာရှိလဲ။ မကြောက်ဘူး မဟုတ်လား ဆိုပြီး မေးတော့ ကျနော်တို့ ညီအကို မှာသရဲဆိုတဲ့ အသံကြားကထဲက အမူးပျောက်ရုံတင် မဟုတ်ဘူး ဇောချွေးတောင် ထွက်နေပြီဆိုတော့ သူ့အမေးကို ပါးစပ်ကတောင် မထွက်နိုင်လို့ ခေါင်းပဲညှိမ့်လိုက်ရတယ် ဒါကို အကိုဝမ်းကွဲက ပိုအားတက်သွားပြီ သူ့သူချင်းတွေ
ဘက်လှည့်ပြီး ဟားဟားဟား..တွေ့တယ် မဟုတ်လား ငါ့ညီတွေကို ငါတို့အမျိုးမှာ မင်းတို့လို သရဲဘောကြောင်တဲ့ သူတစ်ယောက်မှ မပါဘူးကွပြောရင်း ပြန်ဖို့စီစဉ်ကြရောဆိုပါတော့ ရွာကလူတွေကလဲ
သူတို့စော်ကားမော်ကားပြောလာတော့ ဘာမှ မပြောတော့ပဲ အကိုဝမ်းကွဲ လိုချင်တာတွေ စီစဉ်ပေးပေါ့ မြင်း
လှည်းကိုတော့ နောက်နေ့မှ လာယူမယ်ပေါ့ဗျာ။ ရွာခံတွေကလဲ ကောင်းပါတယ် ရွာထိပ် အထိ လိုက်ပို့ပါတယ်။

ဒီလိုနဲ့ အကိုဝမ်းကွဲက ရှေ့ဆုံးက ကျနော်တို့ ညီအကိုက အလယ်က ယောက်ဖ၀မ်းကွဲက နောက်ဆုံးကပေါ့။
ဒီလိုနဲ့ ချီတက်လာတာ င်္သချိုင်းအစပ်နားရောက်လာတယ်ဗျ ကျနော်တို့က ရွာအထွက်ကထဲက ဘာစကားမှ
မပြောပဲ အားလုံး အတွေကိုယ်စီနဲ့ ငြိမ်ရင်း လမ်းလျှောက်လာကြတာဆိုတော့ င်္သချိုင်းနားရောက်တော့ ပိုငြိမ်
ကုန်ကြတာပေါ့ဗျာ ဒီလိုနဲ့ င်္သချိုင်းကိုဖြတ်ပြီး င်္သချိုင်းအထွက်မှာ ယောက်ဖ၀မ်းကွဲကနေပြီး ဟာ.................
အသံကြားတော့ ကျန်သူအားလုံးက ဘာလဲဟဆိုပြီးမေးတာပေါ့ ဒီတော့ ဘာမှ မဟုတ်ပါဘူး ဇီးကွက်လားမသိ
ဘူး ထပျံတာတွေ့မိလားလို့ အဲဒါကြောင့်ပါ။ င်္သချိုင်းထဲ ဖြတ်လျှောက်ချိန်တလျှောက်လုံး ကျနော်တို့ ညီအကိုမှာ ဘုရားစာတွေ စိတ်ထဲကြိတ်ဆိုပြီး တယောက်လက် တယောက် ကျစ်ကျစ် ဆုပ်ထားကြတာ ကြာလာတော့ ချွေးစေးတွေတောင် ထွက်လို့ ဒီလိုနဲ့ င်္သချိုင်းအထွက် အတော်လေးရောက်မှ ယောက်ဖ၀မ်းကွဲက တခေါက်လှည့်ကြည့်ပြန်ရော အဲဒီမှာ တခေါက်ထပ်ပြီး ဟာကနဲ အော်ပြန်ရော ဒီခေါက်က အသံပိုကျယ်တယ်ဗျ ဒါနဲ့ကျန်တဲ့သုံးယောက် လှည့်ကြည့်လိုက်ချိန်မှာ ဗြုံးဆို လမ်းဘေး လယ်ကွက်ထဲကနေပြီး ဖြူဖြူကြီး တခုကုန်းထလာသလို လေးယောက်လုံး မြင်လိုက်တယ်ဗျ အဲလိုကြည့်နေရင်း အဲဒီဖြူဖြူကြီးက လက်ကြီးဆန့် အူး... ၀ါး... အား....လို့အော်ရင်း ပြေးလာတာပေါ့ အသံကလဲ တကယ်ကို ကြောက်စရာကြီးပါ တသက်နဲ့တကိုယ် အဲလို အသံမျိုး တခါမှကို မကြားဖူးပါဘူး ကျန်တဲ့သူတော့ မသိဘူး ကျနော်ကတော့ ဆံပင်တွေထောင်ပြီး ခေါင်းဆိုတာ ပုတ်လောက်ကိုကြီးသွားပေါ့ ကြက်သီးထတာများဗျာ လက်မှာစူးတွေလာစိုက် ထားသလိုပဲ အဲဒီအချိန်မှာပဲ အနားမှာ ဖတ်ဖတ်ဖတ် ဆိုတဲ့ ခြေသံကြားလို့ လှည့်ကြည့်တော့ ဘယ့်နဲ့ဗျာ ခုနက ကျနော်တို့ရဲ့ သူရဲကောင်းကြီးဖြစ်တဲ့ အကိုဝမ်းကွဲလေ ပြေးတာမှ ခြေဖ၀ါနဲ့တင်ပါး တသားထဲကျရုံမကဘူး ဖုန်တွေဆိုတာ တထောင်းထောင်းကို ထတာဗျာ ဒီတော့ ကျန်တဲ့ သုံးယောက်လဲ မတိုင်ပင်ပဲ ပြေးကြတာပေါ့ ကျနော့်အကိုဆို အမေရေဆိုပြီး ငယ်သံနဲ့ အော်ပြီင်္း ပြေးတာပေါ့ ကျနော်ကတော့ အသံတောင် မထွက်နိုင်ဘူး၊ ယောက်ဖ၀မ်းကွဲဆို ဘာတွေအော်မှန်းကို
မသိတာဗျ။

ဒီလိုနဲ့ ပျော်ဘွယ်မြို့ထဲ အရင်ရောက်သူကတော့ အကိုဝမ်းကွဲ ဒုတိယကတော့ အကို၊တတိယက
ယောက်ဖ၊ ကျနော်ကတော့ နောက်ဆုံးပေါ့ အဲဒီတုန်းကဆို မောလို့ မောရမှန်းမသိဘူးဗျာ ပြေးလိုက်တာ အိမ်အထိပဲ ဆိုပါတော့ အိမ်ရောက်တော့ အားလုံးက ၀ိုင်းမေတာပေါ့ ဘာဖြစ်လာတာလဲ၊ မြင်းလှည်းရော ဘယ်မှာလဲ ဆိုပြီး အစုံမေးတာပေါ့ ကျနော်တို့မှာ အမောဆို့နေလို့ တော်ရုံနဲ့ မဖြေနိုင်ဘူး အဲဒီအချိန်မှာပဲ ........အူး... ၀ါး... အား... အု.. အီး နဲ့ ထပ်ကြားရပြန်ရောဗျို့ ဒီအသံလဲကြားရော အကိုဝမ်းကွဲဆိုတာ အောင်မလေးဗျ အိမ်အထိ လိုက်လာတယ်ဗျ ကယ်ကြပါဦးဆိုပြီး ချုံးပွဲချငိုရောဗျို့ ကျနော်တို့ဆိုတာလဲ ကြောက်တာမှ တုန်နေတာပေါ့ အကိုဆိုရင် အမောဆို့နေရတဲ့ အထဲ ဒီအသံထပ်ကြားတော့ မျက်ဖြူပါလန်သွားရောဗျ။ဒါနဲ့ လူကြီးတွေ အိမ်ရှေ့ထွက်ကြည့်တော့မှ ဘာဖြစ်တယ်ထင်သလဲ စာဖတ်ပရိတ်ကြီးရေ... ဖြစ်ပုံပြောပြရရင်တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အဖြစ်လိုပါပဲဗျာ။

ဖြစ်ပုံက ဒီလိုဗျ အဲဒီညက ရပ်ကွက်ထဲက ရွှေအက ကျနော်တို့ ထန်းရည်သွားသောက်တဲ့ ရွာကို သူ့အမေက
စာတစောင်နဲ့ အကြွေးတောင်းခိုင်းလိုက်တာမှာ သူ့ခမျာ င်္သချိုင်း ကိုလဲမဖြတ်ရဲတော့ လမ်းသွားလမ်းလာ လူကြုံကိုစောင့်နေတာပေါ့ ဒီလိုနဲ့ ညကနက်မှန်း မသိနက်လာတာပေါ့ ဒီတော့ပြန်မယ်လုပ်တော့ င်္သချိုင်းကို ဖြတ်လာတဲ့ လူလေးယောက်ကို တွေ့ပါသတဲ့ လက်ထဲမှာလဲ မဲမဲနဲ့ဆိုတော့ လူဆိုးလား လူကောင်းလား မသိတာနဲ့ လယ်ကန်သင်းဘေးမှာ ပြေးဝပ်နေလိုက်ပါသတဲ့ ဒီလိုနဲ့ ကျနော်တို့ ဖြတ်သွားတဲ့ အထိ ဘယ်သူတွေမှန်း မသိသေးပါဘူးတဲ့၊ အတော်လှမ်းလှမ်းရောက်လို့ စကားသံကြားတော့မှ ကျနော်တို့မှန်း သိတာပါတဲ့ အဲဒါသူတို့ကို နှုတ်ဆက်မလို့ ၀ပ်နေရာက ထပြီး လှမ်းအော်လို့ ကျနော်တို့တွေ ပြေးကြပါရောတဲ့ အဲဒီမှာ သူကလဲ သရဲခြောက်တယ်ထင်ပြီး သူ့ကိုစောင့်ဖို့လှမ်းအော်ပါတယ်တဲ့ ဒါပေမဲ့ တယောက်မှ သူ့ကို မစောင့်ကြပါဘူးတဲ့။

ဒါပါပဲ ခုလိုသိတာလဲ ရွှေအက ပါးစပ်ကရော ခြေဟန်လက်ဟန်နဲ့ ဘကြီး အဖေ့အကို ကိုပြောပြလို့ ဘကြီးတဆင့်ပြန်သိရတော့မှပဲ ရယ်နိုင်ပြုံးနိုင်ပါတော့တယ်ဗျာ။ ဒီလိုနဲ့ ဘကြီးဟာ ကျနော်တို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာရောရွှေအပြောတာရော အားလုံး ကြားပြီးတော့ အကိုဝမ်းကွဲ သူရဲကောင်းကြီးကို ဆုချမယ်ဆိုပြီး တံမြက်စည်းနဲ့လိုက်ရိုက်တာ သူ့ခမျာ နောက်တခေါက် ထပ်ပြေးလိုက်ရပါရောလားဗျာ။

31 Response to ညမဖတ်ရ

27 January 2009 at 21:04

ဟီးး ဟီးး .... ဖြစ်ရလေ... တစ်ကယ်မှတ်လို့.... ကြောက်တော့ကြောက်စရာကြီး.

Anonymous
27 January 2009 at 21:08

ကိုအိမ်ကော သရဲကြောက်တာဘဲလာ???

27 January 2009 at 21:10

ကြောက်စရာ ကိုအိမ်ရယ်.
ပြေးရတာတော်တော်မောမှာပေါ့..

:P
27 January 2009 at 21:27

တကယ်ရင်တွတုန်သွားတယ်...။
ပြီးမှ ရယ်ရတယ်...

Anonymous
27 January 2009 at 21:28

ညမဖတ်ရ ဆိုလို့မဖတ်လိုက်ဘူး၊ အိမ်သီချင်းပဲနားထောင်သွားတယ်။

Anonymous
27 January 2009 at 21:40

သြော် သရဲအကြောင်းလား

အားတင်းပြီးဖတ်သွားတယ်
း(

ဒီညသရဲအကြောင်းအိမ်မက်ရရင် အဲဒါအိမ်ကြောင့်
ဟွန့် 

27 January 2009 at 22:10

အင်းကျွန်တော်လည်းသရဲကြောက်တယ်ဗျာ။ ကိုအိမ်လည်းသရဲကြောက်တယ်လားဗျာ။

27 January 2009 at 22:10

ဟား ဟား အကိုရေ တော်တော်ကို လန့်သွားတယ် ပြီးမှ ရယ်နေရကော တကယ် ကြုံရတဲ့လူကတော့ အဲ့ဒီချိန်ကို ပြန်တွေးပြီး လန့်နေမှာနော့်


လေးစားလျက်
တောင်ပေါ်သား

28 January 2009 at 00:25

ညမှာဖတ်မိသွားပြီ အကိုအိမ်ရ
ဘီလိုလုပ်ရပါ့နော်
ဖတ်ရင်းနဲ့ တထိတ်ထိတ် ...
အသံကြီးကကြောက်စရာကြီး
အဲ့နေရာမှာသာ ပုလဲဆို ... ( ဘီတော့မှမဟုတ်ပါစေနှင့် )

Anonymous
28 January 2009 at 00:26

အာဟာ.... တော်သေးတယ် .. ကို ရွှေ အ ကအိမ်ထိ ပါလာ လို့ ... နို့ မို့ ဆို ကိုယ့် လူ ခု ထိ သိ ဦးမှာမဟုတ်ဘူးနော်... ဘကြီး ကလည်း သူ့ စကားနားလည် လို့ ...သာပေါ့ဗျာ...ဟားဟား .. ကိုအိမ် တို့ ကတော့ လုပ်ချ လိုက် ပြီ ..။

28 January 2009 at 01:42

စဖတ်တုန်းက သရဲ ရှိလို့လားပေါ့။ ဆုံးတော့မှ အရှေ့ကပြေးတဲ့ ၃ ယောက် နဲ့ အမီလိုက်တဲ့ ၁ ယောက်ကို မျက်စိထဲမြင်ပြီး ရီလိုက်ရတာ။ ယောကျာ်းဘသား...

28 January 2009 at 01:53

ကိုအိမ်ကလဲ တကယ်လားလို့
ဖတ်ရင်း လန့်နေတာ နောက်မှ
ရီရတယ် နောက်ဆုံး ကိုအိမ်ပိုစ့်က
ရီတာနဲ့ပဲ အဆုံးသတ်တယ်

28 January 2009 at 02:43

ဟေ့လူတယ်ကောင်းပါလား
လုပ်ဦး..

28 January 2009 at 06:10

သတ္တိ အလွန်ကောင်းသော အိမ်ကို လာရောက် ဂုဏ်ပြုသွားပါကြောင်း

28 January 2009 at 06:25

ဟတ်ဟတ်.. တကယ်ကြိးလားလို့ ဖတ်ပြီးလန့်နေတာ.
အယ်..တကယ်ရှိတယ်နော်လို့တောင် တွေးလိုက်မိသေး။

နောက်မှ.. အွန်..လို့ဖြစ်ရတယ်. ။ ( ဖြစ်ပုံ..ဖြစ်ပုံ အိမ်တို့များဖြစ်လိုက်ရင်
အဆန်းကြီးပဲ။)

Anonymous
28 January 2009 at 09:51

ဟီဟိ ရွှေအ က ကိုကြီးအိမ် ကိုမြင်ပီး မျက်ဖြူတွေဘာတွေ စိုက်မသွားဘူးလားဂျ ... ။ ဟီဟိ :P

ဒဂယ် ပြောတာ ဒီပို့စ် ဖတ်ပီး အင်တာနက်ဆိုင်ထဲမှာ အခါ ၂၀ လောက်ရယ်လိုက်ရတယ်ဗျို့ ။

ဟီဟီ......

28 January 2009 at 10:23

ဟေး...ဒါမှ တို့ ကိုအိမ်ကြီး.... :D

Anonymous
28 January 2009 at 11:33

မျက်စိ တစ်ဖက်မှိတ် ဖတ်ပြီး နှစ်ဖက်မှိတ်တဲ့ အထိ ရီသွားတယ်။ ဟားး .. ။ ကောင်း၏..။

28 January 2009 at 16:26

အောင်မလေး ကြောက်သွားတာပဲ
ဟဲ ဟဲ ဟဲ
ပြေးရလို့ မောသွားတဲ့အသံ

28 January 2009 at 18:08

ပို့စ်လေးကိုပျော်ရွှင်စွာနဲ့ ဖတ်သွားတယ်။
ရေးသားချက်တွေ ခံစားလို့ကောင်းတယ်။
ဆက်ရေးပါအုန်း အားပေးနေပါမယ်။
လေးစားလျက် .. ..

ဝင်းဇော်

28 January 2009 at 22:31

တစ်ကယ်ဖြစ်ရပ်မှန်ဆိုတာထက် အစအဆုံး မငြီးအောင် ဆွဲခေါ်သွားတဲ့
အရေအသားကို သဘောကျတယ်ဗျာ ။ အားပေးလျက်ပါ ။ အချိန်ချို့တဲ့လို့
မရောက်ဖြစ်တာဗျာ ။ အားတဲ့အခါကျ ချောင်းပေါက်အောင်လာခဲ့မယ် ။ ပို့စ်တင်နိုင်ဖို့သာ ပြင်ပေတော့ :P အဟေးဟေး

အဆင်ပြေပျော်ရွှင်ပါစေဗျာ

29 January 2009 at 00:09

ဖြစ်ရလေ ကိုအိမ်ရယ် သူ(ရွှေအ) နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဗျာ

29 January 2009 at 00:43

ရယ်လိုက်ရတာ ခွက်ခွက်လန်ရောဗျို့  ။ လန့် သေမသွားတာ ကံကောင်း ။ :P
ဖတ်ရတာ အသက်ဝင်တယ် ။ ကောင်းတယ်ဗျ ။ :)

29 January 2009 at 12:50

မနေ့တုံးကတည်းက ဖတ်မလို့...
ညမဖတ်ရဆိုလို့ ညနေစောင်းနေပြီဆိုပြီး လှည့်ပြန်သွားတာ...
လက်စသတ်တော့ ဒီလိုကိုး...
ဇာတ်လမ်းက ကိုအိမ်ပဲ... :)

29 January 2009 at 19:23

ဟဟ... ကိုအိမ်ရေ .. ပို့စ်ကိုဖတ်ရင်း ဆွဲဆောင်မှု အားကောင်းတော့
ဖတ်ရင်း .. ကျွန်တော်လည်း ပျော်ဘွယ် မိတ္ထီလာမှာ နေဖူးတော့ ဖြစ်ရပ်ကို တွေးကြည့်ဖတ်ရင်း ဖြစ်နိုင်တာကိုး ... အဲလိုနဲ့ နောက်မှပဲ အဖြစ်အပျက်ကို သိလို့ သက်ပြင်းချရင်း ကောင်းချီးပေးသွားတယ် .. အရေးအသားကတော့ တစ်ကယ်ကောင်းသလို ကြောက်တတ်တဲ့ ကိုအိမ်ရယ်လို့ .. ဟဟ
ရီလည်း ရီရတယ်ဗျို့ ..။

Anonymous
30 January 2009 at 11:48

ဟ ဟ ... ဖြစ်ရလေနော် .... ဖတ်လို့ကောင်းသလို အိမ်သီချင်းလေးကလဲ နားထောင်လို့အလွန်ကောင်းကြောင်းပါ ....

30 January 2009 at 16:02

ဖစ်မှ ဖစ်ရလေ..တော်

31 January 2009 at 08:40

ဟာ ခက်ပြီ။ ညမှအားတာကို ညမဖတ်ရဆိုတော့ ??? ကိုအိမ် အခြောက်ခံရတော့ တော်တော်လန့်သွားမှာနော် :) ။ သရဲတွေက တော်တော်ဆိုးတာပဲ။

1 February 2009 at 13:06

သာဓုပါဗျာ
သာဓု
သာဓု......

4 February 2009 at 07:06

အာ...ကြောက်သွားပြီ...အိပ်ရဲတော့ဖူး...ဘီလို လုရမိလဲ...!!!!!။

13 April 2009 at 15:51

ဟားဟားဟား.....
အဲဒီအချိန်မှာ ရွှေအ ခမျာ သနားပါတယ်နော်
အော်ပြောချင်တာတောင် မရတဲ့အဖြစ်.....
တကယ့်ကို သူရဲကောင်းလေးဦး ပါပဲ...။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း