Saturday, December 06, 2008

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း၉(သို့)ခေတ်သစ်အဇာတသတ်

17
ခေါင်းစဉ်ကိုကြည့်ပြီး တော်တော်လေးစိတ်ဝင်စားသွားကြပြီလား။အမှန်ပဲဗျ တကယ်ဖြစ်ပျက်ခဲ့တာပါ။ဒီဇာတ်မှာ
အဓိကအသုံးခံမဲ့သူကတော့ အိမ်ကိုယ်တိုင်ပါပဲ ဒီအကြောင်းကို ပြန်သတိရအောင် အစဖော်ပေးသူကတော့ သူများတွေက ဒွင်းလို့ခေါ်သလိုကျနော်ကတော့ဒရင်းလို့ခေါ်တယ် အဲတချို့ကြတော့လဲ ဂွင်းတဲ့။ သူတင်ထားတဲ့ပို့စ်လေးက
ဆရာတင်မှားတဲ့ဒါယကာကြီး အဲဒီပို့လေးဖတ်မိသွားတော့ ကိုယ်လုပ်ခဲ့တာလေး သွားသတိရမိလိုက်လို့ပါ။ အဲ ကျနော်ကတော့ အဇာတသတ်လိုတော့ အဖကို မသတ်ပါဘူး။ အဲ.. အဇာတသတ်ထက် တခုသာသွားတာက ကျနော်က အဖေတင်မဟုတ်ဘူး အမေ့ကိုပါလုပ်ကြံ သလိုမျိုး ဖြစ်ခဲ့ ဖူးပါတယ်။ဖြစ်ပုံပြောပြရရင်တော့................................

ကျနော့်အသက် ၁၅၊၁၆လောက်ကပေါ့ ကားမောင်းစသင်ပါတယ်။သင်တာကလဲ သူများတွေလို ဆရာနဲ့သမား
နဲ့ကျကျနနသင်တာမဟုတ်ပါဘူး အိမ်ကကားကို လူကြီးတွေမသိအောင် သူငယ်ချင်းနဲ့ခိုးမောင်းကြည့်ရင်း တတ်
သွားတာပါ။ သူငယ်ချင်း မြှောက်ပေးတာလဲပါတာပေါ့ဗျာ။ဒီလိုနဲ့ တနေ့ကျတော့ ကားခိုးမောင်းတာသိသွားကြ
တယ်ဗျ၊ သိတဲ့အချိန်ကျတော့ မောင်းတတ်နေပြီဆိုတော့ ဘာမှတော့ မပြောဘူး သတိထားမောင်းလို့ပဲပြောပါ
တယ် စိတ်ချလက်ချတော့ ပေးမမောင်းသေးပါဘူး။ အဲ...တနေ့ကျတော့ အိမ်မှာကားလာမောင်းတဲ့သူက ကား
ကိုခြံဝမှာထားခဲ့ပြီး အိမ်ထဲဝင်လာတယ်ဒါနဲ့ ကျနော်က ... ဘယ်သွားစရာရှိသေးလို့လဲ ကားအထဲမသွင်းဘူးလား
လို့မေးတာပေါ့ ဒါနဲ့ ဆရာသမားက မရှိဘူး နောက်မှ အထဲသွင်းမယ်ဆိုလို့ ကျနော်သွင်းလိုက်မယ်ကားသော့ပေး
ဆိုပြီး ယူလိုက်ပါတယ် အမှန်ကတော့ ကားကို အပြင်ထားခဲ့တာ စိတ်မချတာထက် ကလိချင်စိတ်ကများနေတာ
ပါ။သိတော်မူကြတဲ့ အတိုင်းပဲလေ မောင်းတတ်ခါစဆိုတော့ သိပ်မောင်းချင်တာ လက်လက်ကိုထနေတဲ့ အချိန်
လေ။ဒီလိုနဲ့ ကားထဲရောက်စက်နိုးပြီး ခြံတခါးလာဖွင့်ပေးဖို့ ဟွန်းတီးလိုက်တယ် ဒါနဲ့ အဖေထွက်လာပြီး တံခါး
လာဖွင့်ရောဆိုတော့ ကျနော်ကလဲ တံခါးနားရောက်အောင်ဖြေးဖြေးချင်းလှိမ့်မယ်ဆိုပြီး ဂီယာထိုးပြီးခြံနားရောက်
အောင် လှိမ့်တာပေါ့ဗျာ၊ ခြံတခါးနားရောက်လို့ ဘရိတ်နင်းမယ်ဆိုပြီးနင်းလိုက်တာ ဘရိတ်နဲ့ လီဘာမှားနင်းမိပြီး
ခြံတခါးကိုပြေးတိုက်တာ အုန်းခနဲပဲ။အဲဒီမှာ အဖေကတံခါးဖွင့်နေချိန်လေ။ဘယ်လိုဖြစ်သွားတယ်ထင်လဲ.......
ခြံတံခါးအောက်ခြေကမြောက်တက်သွားပြီး အဖေ့နဖူးကို သွားနမ်းလိုက်တာပေါ့၊ ပြီးတော့ ခြံတံခါးအပေါ်ပိုင်းက
အချွန်တွေက ကားရဲ့မှန်တည့်တည့် ကျနော့်မျက်နှာနဲ့တန်းနေတာပဲဗျိုး။ကံကောင်းသွားတာက ကျနော်လီဘာကို
ဆက်မနင်းမိတာပါ။နင်းများနင်းမိရင်တော့ မတွေးဝံ့စရာပါပဲ။အဖေဆိုတာလေ တိုက်မိတော့ လွင့်ကိုထွက်သွား
တာဗျ၊ ဘယ်လောက်ထိလဲဆို ခြံဝကနေ ကားဂိုထဲအထိရောက်သွားတာဗျ :D အခုထိမျက်စိထဲမြင်နေတုန်းပဲ
လွင့်သွားတာများလေ ရေထဲပက်လက်လှံပြီး ကူးနေတဲ့အတိုင်းပဲ သိလား ယက်ကန် ယက်ကန်နဲ့နောက်ဆုံးကျမှ
ဖင်ထိုင်ရက်လေး ကျတာ။ရုတ်တရက်ဆိုတော့ အဖေလဲ သူ့နဖူးလေးသူကိုင်ပြီး ဟိုကြည့်ဒီကြည့်နဲ့ သွေးကလဲ
ရုတ်တရက်မထွက်ဘူးဗျသိလား။ သတိလဲပြန်ရရော ကျနော့်ဆီကို ပြေးလားပြီး လက်သီးနဲ့ထိုးမလို့ထင်တာပဲဗျ
ဒါပေမဲ့ အိမ်ပဲလေ ဒါမျိုးတွေနောကျေပြီးသားဆိုတော့ တံခါးလော့ကို ဖောက်ခနဲချပြီး မှန်အမြန်တင်လိုက်တာ
ပေါ့ဗျာ :D အဲဒီအခါကျတော့ အဖေက ဘာမှမလုပ်တော့ဘူးဗျ သူ့လက်ပဲနာမှာစိုးတာလား ကားထိမှာ စိုးလို့လားတော့မသိဘူးအပြင်ကနေ ထွက်ခဲ့စမ်းဆိုတာချည်းပဲ၊ ကျနော်ကလဲ အထဲကနေ ခေါင်းတခါခါနဲ့ ထွက်
ဘူးပဲ၊ ဟုတ်တယ်လေ ထွက်ရင်သေပြီဆရာ။
ကျနော်ကားထဲမှာပဲထိုင်နေတာ ၂နာရီကျော်လောက်ကြာတယ်သိလား အားလုံးကလဲ အဖေ့ဆီအာရုံရောက်နေ
ကြတာလေ ပြီးတော့ အားလုံးကလဲဝိုင်းပြီး ထုမယ်ထောင်းမယ်နဲ့ လုပ်နေကြတာဗျ ကားကလဲဆက်မမောင်းရဲ
တော့ဘူးဗျ ဘာလို့လဲ ဆိုတော့ ခြံတံခါးသံချွန်ကြီးတွေက ကားမှန်နဲ့ ထိဖို့သိပ်မကွာတော့ဘူးလေ။
အဲဒီလိုနဲ့ ကြာလာတော့ အားလုံးသွေးအေးပြီး ကျနော့်ကို ကားထဲကထွက်လာဖို့ပြောတာပေါ့ ကျနော်လဲတော်ရုံ
နဲ့မထွက်ရဲဘူး ဟုတ်တယ်လေ တော်ကြာ ကိုယ့်ကို အချိုသတ်ခေါ်ထုတ်ပြီး အပြင်ရောက်မှ ၀ိုင်းတွယ်ကြမှာစိုး
တာပေါ့နော်။အဲဒီမှာ ကားလာမောင်းပေးတဲ့သူက သူအာမခံတယ် မင်းကို ဘယ်သူမှ လက်ဖျားနဲ့ မထိစေရဘူး
ဆိုပြီး အကြိမ်ကြိမ်အာမခံတော့မှ ထွက်လာရဲတယ်ဗျ။အဟိဟိ အဲဒီတုန်းကများ ရုပ်ရှင်ထဲက အတိုင်းပဲသိလား
ကျနော်က အထဲကနေ ကတိတွေ၊၀န်ခံချက်တွေအမျိုးတောင်းပြီး ကိုယ့်ဘက်ကမခံရမှာကြိမ်းသေမှ ကားထဲက
ထွက်ရဲလို့လေ။ အဖေဆိုတာ တဗျစ်တောက်တောက်နဲ့ ပိုဆိုးတာက သူရာထူးတက်ခါနီးဖြစ်နေတဲ့အချိန်ဆို
တော့ ပြောလို့မဆုံးဘူးဗျာ။နောက်အေးအေးဆေးဆေးကျတော့မှ အဖေ့နဖူးလှမ်းကြည့်လိုက်တော့ အတော်ကြီး
သားဗျ မရှိဘူးဆို ၅ချက်လောက်ချုပ်လိုက်ရမလားပဲ။ :D အဖေ့ကို တိုက်ခဲ့တဲ့ကားတောင် အခုထိမှတ်မိသေးတယ် ပါပလစ်ကာ ၈၆မော်ဒယ် ဗ/၁၃၂၃ လေးဗျအပြာနုရောင်လေးပေါ့ဗျာ။အဲဒီကားနဲ့
ကျနော်လုံးဝအကျိုးမပေးဘူးသိလား ဘာလို့လဲဆိုတော့ အဲဒီကားနဲ့ပဲ နယ်ထိန်းကိုတိုက်ဖူးတယ်၊ ဆိုင်ကယ်ကို
ကားဖင်နဲ့ ရိုက်ဖူးတယ်၊ အဲဒီကားနဲ့ပဲ ရဲစခန်းရောက်ဖူးတယ်ရောက်တာမှ ညနေ၃နာရီကစဖမ်းတာမနက်၃နာရီ
မှပြန်လွှတ်ပေးတယ်ဗျ။

နောက်တခါတော့ အမေ့ကိုတိုက်တာပါ။ ကားမောင်းသက် ၁နှစ်လောက်ရှိတော့ အိမ်ကလူကြီးတွေကလဲ စိတ်ချ
လက်ချပေးမောင်နေပြီပေါ့နော် လိုင်စင်တော့ ရှိသေးဘူးဗျ။ ဒီလိုနဲ့ တနေ့မြို့ထဲသွားပြီးပြန်လာကြတာပေါ့ဗျာ။
အိမ်ရှေ့ရောက်တော့ ဟွန်းတီးတယ်ဗျ ဘယ်သူမှ ထွက်မလာတာနဲ့ အမေကားပေါ်ကဆင်းပြီး အိမ်ထဲလှမ်း
အော်တာပေါ့၊ အဲဒီမှာ ကျနော့်ကိုကရှည်တာ အရင်က ခေါင်းနဲ့ခြံထဲဝင်နေကျကို အဲဒီနေ့ကျမှ ဖင်နဲ့ဝင်မယ်ဆိုပြီး
ကားကိုခြံရှေ့ကျော်အောင်ဆက်မောင်းလိုက်တာပေါ့ဗျာ။အဲဒီမှာသတိမထားမိလိုက်တာကအမေ ခြံဝမှာရှိနေ
တာကို လုံးဝသတိမထားမိလိုက်ဘူးဗျ၊ ဒီလိုနဲ့ ကားနောက်ဆုတ်ရင်း ဖုန်းကနဲ အသံကြားလိုက်ရောဗျို့၊အမေဆို
တာလေ အဖေ့လိုပဲ ကားဂိုဒေါင်ထဲအထိရောက်သွားတာပေါ့နော် :D အိုးပြီးတော့ ဘာပြောကောင်းမလဲ အမေ
ဆိုတာ သူ့ခါးလေးသူကိုင်ပြီး ဆဲလိုက်တာ မိုးမွှန်သွားတာပေါ့။ဖြစ်ချင်တော့ အိမ်မှာကအဖေမရှိချိန်၊ပြီးတော့
ကိုယ်ကြောက်ရမဲ့သူကလဲ မရှိချိန်ဆိုတော့ အဖေ့တုန်းကလို ကားထဲမထိုင်တော့ဘူးအပြင်ထွက်ပြီး အမေ့သွား
ထူပေးတာပေါ့ဗျာ။ အမဆိုတာ တစ်ပတ်လောက်ခါးနာသွားတာပေါ့။ ဆရာဝန်ဆိုတာအံ့တွေသြလို့ မအံ့သြပဲနေ
နိုင်မလား အဖေတုန်းကလဲ ကျနော်ပဲ ကားနဲ့တိုက်တာ၊ အမေကျပြန်တော့လဲ ကျနော်ပဲ ကားနဲ့တိုက်တာ
ဆရာဝန်ဆိုတာ ကျနော့်ကို နှစ်ကိုယ်ခြားခေါ်ပြီး မင်း မိဘအပေါ်ဘာများ မကျေနပ်တာရှိလဲ၊ ရှိရင်ပြောပါ
ငါကြားက ၀င်ပြောပေးမယ်နဲ့ အဲဒီလောက်တောင် ဖြစ်သွားတာဗျ။ကျနော်ကလဲ မတော်တဆပါလို့ပြောတာပဲ
ကိုယ့်ဆရာက ယုံဘူးဗျာ၊ မင်းမတော်တဆကလဲ ကြောက်ဖို့ကောင်းတယ် အဇာတသတ်တောင် အဖကိုပဲသတ်
တာ မင်းကျမှ အဖေရောအမေရော ကားနဲ့တိုက်ရတယ်လို့ကွာနဲ့ ပြောလို့ကို မဆုံးဘူး။
သူထင်လဲထင်ချင်စရာလေ တိုက်စရာရှားလို့ ကိုယ့်အဖေနဲ့အမေကို ပြန်တိုက်၇တယ်လို့ဗျာ။
ကျနော်ကလဲ အားကျမခံ ဆရာဝန်ပြန်ပြောလိုက်တော့ ဆရာဝန်ခမျာ မျက်လုံးလေး ကလယ်ကလယ်၊
ခေါင်းလေးတခါခါနဲ့ဖြစ်သွားတယ်ဗျ။ ပြောလိုက်တာက ဆရာရယ် ကျနော်သူများသွားတိုက်ရင် အမှုလဲဖြစ်မယ်
လျော်ကြေးလဲပေးရမယ်၊လိုင်စင်လဲမရှိဘူး။ ကိုယ့်လူကိုယ်ပြန်တိုက်တော့ ဘာမှပြဿာနာမရှိဘူးလေ ပြီးတော့
အတွေ့အကြုံလဲရှိသွားတာပေါ့ဗျာ။
နောက်ပိုင်းကျတော့ ကျနော် ခြံထဲကားသွင်းပြီဆိုတာနဲ့ အားလုံးအဝေးကိုပြေးကြရောဗျို့။အမေ့ကိုတိုက်တဲ့ကား
က ဟွန်ဒါ စီဗစ် ၁က/၇ထောင်ကျော်လေးဗျ မမှတ်မိတော့ဘူး အပြာရင့်ရောင်လေးပေါ့။
အဲဒီတုန်းက ယောက်ဖက အိမ်ကကားကိုဝယ်လိုက်ရောင်းလိုက်လုပ်ပေးနေတဲ့အချိန်ဆိုတော့ ကားက တလ
တခါလောက်ပြောင်းနေတာဗျ အဲဒါကြောင့် မမှတ်မိတော့တာ။
အဟီး ယုံပြီလား အိမ်ဆိုတဲ့ကောင်က မိဘတောင်အလွတ်မပေးခဲ့တာ။ :D

17 Response to ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း၉(သို့)ခေတ်သစ်အဇာတသတ်

Anonymous
6 December 2008 at 02:57

ကိုအိမ်ကားမောင်းပြီးဆိုရင် ဝေးဝေးကကြိုရှောင်ထားမယ်
ဗျို့...ဟားဟား...ကြောက်သွားပြီဗျာ ...
တယ်လည်းဆိုးတဲ့သူ...ဒါပေမယ့် အတွေးအခေါ်
လေးတော့မဆိုးဘူးဗျ...ကောင်းတော့မကောင်းဘူး...
ဟားဟား...စတာနော် ဆရာသမား...

6 December 2008 at 03:42

တော်သေးတာပေါ့ အကိုရယ် .. အဲဒီအချိန်က မတွေ့မိလို့ .. :P

6 December 2008 at 06:02

ကိုအိမ်ရေ...
တော်တော်စိတ်ဝင်စားစရာကောင်းတယ်။
ငိုအားထက်ရယ်အားသန်ဆိုတာမျိုးပေါ့။
ဟဟဟ

6 December 2008 at 07:11

ကြောက်စရာဗျာ .... အထိတ်တလန့်ပဲ ........

Anonymous
6 December 2008 at 09:01

လူဆိုးလေးပါလားမောင်လေးရာ မိဘတွေကို ချစ်ရှာတာကြည့်ပါဦး “သူများသွားတိုက်ရင် အမှုလဲဖြစ်မယ်၊လျော်ကြေးလဲပေးရမယ်“
တစ်ခုခုများဖြစ်ခဲ့ရင်တော့ တစ်သက်လုံး ယူကြုံးမရဖြစ်ရမှာ..
အခုတော့လည်းလူတွေအားလုံးတွက် ရီစရာလေးဖြစ် အောင်ကိုရေးလိုက်တော့တာပေါ့နော်။

6 December 2008 at 13:14

အကိုအိမ်က ဟုတ်နေပါပြီ
အဖေနဲ့အမေ့ကို နေ့တိုင်းပြန်ကန်တော့နော်
မတော်တဆဆိုသော်လည်း မကောင်းဘူးလေ
ရေးထားတဲ့ပုံစံလေးကတော့ ရင်တထိတ်ထိတ်နဲ့ အပြုံးသားလေးဖတ်အောင် ရေးထားတာ
ကောင်းတယ်
ခုရော ကားမောင်းသက်တမ်းဘယ်လောက်ရှိပြီလဲ...
ဝေါင်ဝေါင်ရှေးမလို့ :P
နောက်များဆို ကားလမ်းပေါ်မှာ ကိုးရို့ကားယားမောင်းတဲ့သူတွေ့ရင် အကိုအိမ်ကိုသတိရမိမှာသေချာတယ် :P

Anonymous
6 December 2008 at 14:08

ဦးအိမ် ကားမောင်းမယ်ဆိုရင်
ကြိုပြောနော် သဉ္ဇာ taxi နဲ့ပဲသွားတော့မယ်
ဟဲဟဲ.....
စိတ်ချတယ်ဆိုတဲ့သဘော..
နောက်တာနော် ချိတ်ချိုးနဲ့.....

6 December 2008 at 20:38

ဟဟဟား

အိမ်တို့ကတော့လုပ်ပြန်ပြီ တမျိုး..
အိမ် ကားမောင်းတာမြင်ရင် ဝေးဝေးရှောင်နေမှပဲ.
ဟတ်ဟတ်. ခက်တာက လူလဲမမြင်ဘူးတော့..
ဘီလိုလုပ်ရပါ့..ဟဟ

6 December 2008 at 21:48

ဆိုးပါ့ .. ဆိုးပါ့ ..အဖြစ်တွေက မနှစ်ကနဲ့မတူ...
သင်္ဘောသီးတို့ကတော့.. ဖြစ်လိုက်ရင် အရာရာ နဲ့အကြောင်းကြောင်း..

6 December 2008 at 23:07

ဒရင်းဘလော့ဂ်မှာ ကွန့်မန့်ချန်ထားတာတွေ့လို့ ဒီအကြောင်း ကိုအိမ်ရေးမယ်ဆိုတာ ကြိုသိနှင့်ပြီးသားဗျ။
ဆရာဝန်ကြီးတော့ လက်လန်သွားတယ်ပေါ့။
ရီစရာတွေပြန်လုပ်လိုက်တာကောင်းပါတယ်ဗျာ။

7 December 2008 at 04:03

ဘလော်ဂါ အချင်းချင်းတော့ အလွတ်ပေးပါဗျာ ။ ဝေါင်ဝေါင်
ရှေးမှပဲ ။ :P

7 December 2008 at 10:27

ဘုရားဘုရား
သိတဲ့လူဆို ပိုတိုက်မယ်ဆိုပဲ။
ပြေးမှ။
ကိုလူနောက်တို့ကတော့ လုပ်လိုက်၇င်
ဒီလိုချည်းပဲ။
:D

7 December 2008 at 14:40

ဟင်း...ဆိုးလိုက်တဲ့ ကောင်လေး..ဟဲဟဲ..
အိမ်ဆိုတဲ့ အသံကြားတာနဲ့ ရှောင်ရမယ်ထင်တယ်..ဟိဟိ :P :P

7 December 2008 at 18:18

ဟားဟား.. လုပ်ချလိုက်ပြန်ပြီး.. ဦးအိန်တို့ကတော့..
နောက်ဆို သတိနဲ့နေမှပဲ.. ဟားဟား...

ဒါနဲ့ ကားသိမ်းမယ်ဆို ကြိုပြောနော်..
ရှောင်နေမလို့...ဟိဟိ။.ရေးလဲရေးတတ်ပါ့..
အဇာသတတ်အိမ်လေးရယ်.. ဟိဟိ..ရယ်၇တယ်
ဒါပေမယ့် အဖေနဲ့အမေကိုတော့ အဲလိုလုပ်မိတာကို
စိတ်မကောင်းဘူး..ပြန်ကန်တော့နော်.. နေ့တိုင်းတောင်းပန်..မဟုတ်ရင် တော့.. ဟူး...
:P :P

9 December 2008 at 09:46

အမလေး ရယ်လိုက်ရတာ မျက်ရည်တောင် ထွက်တယ်

4 February 2012 at 14:45

ကိုအိမ်ကို ကျွန်တော်အခုမှဖတ်ဖြစ်တာ။အရမ်းလမ်းတယ်ဗျာ။

4 February 2012 at 14:52

ကိုအိမ် ဒီ့ထက်မက လန်းဆန်းမှုအပြည့်ပါတဲ့ စကားလုံးတွေရေးနိုင်ပါစေ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း