Friday, July 01, 2011

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ

0
  ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ စာအုပ်ရှိလို့ မဖတ်ဖူး သေးသူများအတွက် ဗဟုသုတရစရာ၊ လေးစားအတုယူစရာ ကောင်းလွန်းတဲ့ ဗိုလ်ချုပ်အကြောင်း ဖတ်ဖူးတယ်ရှိအောင် ပြန်လည်တင်ပြလိုက်ပါတယ်။ ကျန်တဲ့ အပိုင်းတွေလဲ အချိန်ရရင် ရသလို ဆက်ပြီး တင်သွားပါမည်။



ဤဆောင်းပါးရှင် ဦးအုန်းမြင့်မှာ ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်း၏ အရင်းနှီးဆုံး မိတ်ဆွေတဦးဖြစ်သည်။ ဦးအုန်းမြင့်နှင့် သခင်တင်ဦးတို့မှာ သခင်ဘဝကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြောမနာ၊ဆိုမနာ မိတ်ဆွေရင်းများဖြစ်သည်။ ဦးအောင်ဆန်း မကွယ်လွန်မီ ကလေးက ကျင်းပသော သတင်းစားဆရာများ အစည်းအဝေးတွင် ဦးအောင်ဆန်းက "ကျုပ်အကြောင်း သူတို့ နှစ်ယောက်သာ ကောင်းကောင်းသိတယ် "ဟု ပြောခဲ့ဘူးသည်။ ဤဆောင်းပါးမှာ ဦးအုန်းမြင့်၏ ဆောင်းပါးပင်ဖြစ်သည်။

္လဗိုလ်ချုပ်ကွယ်လွန်ပြီဟု ပြောသံကြားလိုက်ရသည်နှင့် တပြိုင်နက် ကျွန်တော်၏ အနီးတွင် ကပ်၍ ဗုန်းကျပြီး ပြင်းထန်စွာ မြည်ဟီးပေါက်ကွဲကာ မီးခိုးလုံးတွေ ပိတ်ဖုံးမှောင်မဲသွားသကဲ့သို့ ထင်မှတ်မိလိုက်တော့သည်။ လျှပ်တပျက်ခန့် လုံးလုံးသတိလစ်ခါ လဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြေးဖြေး တရေးရေး ထင်မြင်ပေါ်ပေါက်လာသည်မှာကား ယခင်နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့်အတူ နေထိုင် လုပ်ကိုင် စားသောက် သွားလာ ပြောဆိုရပုံများပင် ဖြစ်သည်။ သို့စိတ်ထဲတွင် ထင်ယောင် မြင်ယောင် ပေါ်ပေါက်လာသော်လည်း သာယာသော နေ့လည် နေ့ခင်းတွင် မြင်တွေ့ရသော အခြင်းအရာမျိုး ကဲ့သို့မဟုတ်ဘဲ တိမ်ဖုံးသော လရောင်အောက်တွင် မြူတွေအုံ့ဆိုင်းနေသည့်ကြားမှ မြင်ရသော အရိပ်အရောင်ကဲ့သို့ပင် ဖြစ်သည်။

                                                   သခင်အောင်ဆန်း
တက္ကသိုလ်ကျောင်းတော်သားပင်ဖြစ်သော်လည်း၊ ကော့စမစ်တစ် ဟဲယားကရင်းတို့နှင့်ဝေးစွ၊ အုန်းဆီပင် ထိတွေ့ဘူးဟန်မတူသော စုတ်ဖွားဖွား ဆံပင်၊ ကြမ်းပေ့ဆိုသော ကော်လာမပါသည့် ပင်နီရောင်မွဲ ရှပ်လက်တို အရောင်မပြောင်သော ကြေးနီရောင် ဘန်ကောက်လုံချီကို တိုတိုဝတ်ဆင်လျက် အမြီးပိုင်းပါးလျက်ရှိသော လေယာဉ်ပျံဘိနပ်နှင့် သခင်ပေါက်စ ကိုအောင်ဆန်း ကိုပြန်၍ မြင်ယောင်မိသည်။ မျက်နှာထားမှာမူ ရှုသိုးသိုးပင်၊ တက္ကသိုလ်ကျောင်းသားဆို၍ ယုံနိုင်စရာ အလျဉ်းမရှိသည့် သခင်အောင်းဆန်းကို တက္ကသိုလ် ပဲခူးကျောင်းဆောင်တွင် စ၍ တွေ့ရပေသည်။

                                                    သူကားဒီလို
ထိုအချိန်မှစ၍ သခင်အောင်းဆန်းနှင့် မကြခဏ တွေ့ရသည်။ တို့ဗမာအစည်းအရုံးသို့ မကြာ မကြာပေါက်လာတတ်သည်။ သခင်သန်းထွန်း၊ သခင်စိုး၊နှင့် ကျွန်တော်တို့ ၃ဦးနေသော အိမ်သို့လည်း လှည့်၍လှည့်၍ လာတတ်လေသည်။ သူနှင့် တနေ့တခြား ပို၍ရင်းနှီးလာလေလေ သူ့အားကြည်ညို လာလေလေ ဖြစ်တော့သည်မှာ တခြားမဟုတ်။
ကျွန်တော်တို့နှင့်တွေ့ဆုံတိုင်း တခြားစကားမပြော လွတ်လပ်ရေး အကြောင်းကိုသာပြောသည်။ အချိန်နာရီရှိသမျှ လွတ်လပ်ရေး အတွက် အမြဲတမ်း အလုပ်လုပ်ဘို့ စိတ်စောနေသည်။ သူ့မှာ လွတ်လပ်ရေးအတွက် စိတ်စောလွန်းအားကြီး၍သာ အခြားသူများ ခေါ်လျှင် ကြားချင်မှကြားသည်။ သူများပြောလျှင် ဂရုတစိုက် နားထောင်ချင်မှ ထောင်သည်။ သူ့ဘာသာ စဉ်းစားနေသည်သာ ဖြစ်သည်။ ထို့ကြောင့်ပင် မိတ်ဆွေရင်းများကပင် သူ့အား ဟန်ကြီးပန်ကြီးလုပ်သည်။ သွေးကြီးသည်၊ ဂွကျသည် အူကြောင်ကြောင်နိုင်သည်၊ ဦးဏှောက်ကျဉ်းနေသည်ဟု အမျိုးမျိုး အထင်မှား အမြင်မှားဖြစ်ကြသည်။ သူ့အကြောင်းနှင့် စပ်လျဉ်း၍ အဖြစ်အပျက်ကလေးကို ပြန်၍ မြင်ယောင်လျက်ရှိရပေသည်။ တနေ့သော် သခင်ဗိုလ်(ဂျပန်တော်လှန် ရေးအတွက် အိန္ဒိယပြည်မှဗမာပြည်သို့ လေယာဉ်နှင့်အလာ လေယာဉ်ပျံ ပျက်ကျ၍ သေဆုံးသွားရရှာသူ)သည်။ ကျွန်နော်နှင်သခင်သန်းထွန်းတို့ ဆီသို့ဒေါကြီး မောကြီးနှင့် ရောက်လာသည်။ "ဟေ့ .. ကိုဗို ဘာဖြစ်လာတာလဲဗျ" ဟုဆီး၍ မေးကြရာ၊ သခင်အောင်ဆန်းပေါ့၊ ကျွန်တော်သူ့ကို ကွန်တီနင်တဲလ်ဒေါင့်မှာ ယောင်ချာချာနဲ့ တွေ့တယ်၊ တွေ့လို့ ဟေ့ "သခင်အောင်ဆန်း ဘယ်လဲ ဘိုင်စကုတ်ကြည့်မလို့လား၊ ကျွန်တော်နဲ့ အတူတူကြည့်မယ်လို့" နှုတ်ဆက်တယ်၊ သူက ခပ်တည်တည် လူကိုကြည့်ပြီး ချာကနဲလှည့်ထွက်သွားတယ်။ လူတွေအများကြီးထဲမှာ သိပ်ရှက်စရာကောင်းတာဘဲ ဟု ရှုးရှုးရှားရှား ဖြစ်နေသဖြင့် ကိုဗိုကလဲဗျာ သူ့အကြောင်းအသိသားနဲ့ဘဲ ဟုဝိုင်းဝန်းဖြောင့်ဖျလိုက်ရသည်။ နောက်တနေ့ မနက် သူကိုယ်တိုင် ပေါက်လာသည်နှင့် တပြိုင်နက် ဟေ့ သခင်အောင်ဆန်း ခင်ဗျား မနေ့က ကိုဗိုကို အူကြောင်ကြောင် လုပ်လွှတ်လိုက်လို့ ကိုဗိုဒေါပွနေတယ် ဟုပြောရာ သခင်အောင်ဆန်းမှာ ကျွန်တော်ပြောသည်ကို အရှင်းနားမလည်၊ ဘာလဲကွ ဟု ဆိုနေပြန်၍ အကျိုးအကြောင်းပြောပြမှ ငါသူနဲ့မတွေ့ဘူး ဟုပြန်၍ဖြေလေသည်။

                                         တို့ဗမာအစည်းအရုံးတွင်
တက္ကသိုလ်ကျောင်းတွင် အေးအေးလူလူ စာသင်နေရာမှ လွတ်လပ်ရေး စိတ်စောမှုဖြင့် အငတ်တင် အပြတ်ပြတ် နေရသော သခင်ဘဝသို့ လုံးလုံးလျားလျား ရောက်လာလေပြီ။ တို့ဗမာအစည်းအရုံး အမြဲတမ်း အလုပ်သမား အတွင်းရေးမှုး အလုပ်ကို လက်ခံပြီး တို့ဗမာ အစည်းအရုံးသို့ ပြောင်းရွှေ့လာလေသည်။ ချွေးနံ့တသင်းသင်း ထွက်နေသော လွှာချင်းစောင်တထည် ချေးညှော်လှိုင်၍ မာသောနေရာမာ၍ မှို့များထွက်နေသည့်နေရာ ထွက်နေသောမွေ့ရာ ခေါင်းအုံးတို့ဖြင့် ဖုံအထပ်ထပ် တက်နေသော ကြမ်းပြင်တွင် စာအုပ်ပုံကြီးငယ် သတင်းစာ အဟောင်းအမြင်းများပတ်လည် ဝိုင်းနေပြီး၊ အမြဲမရှင်း သည့်အိပ်ရာထက်တွင် အိပ်ကာ လမ်းဘေးဆိုင်တွင် စားခါသောက်ခါနှင့်ပင် လွတ်လပ်ရေးတိုက်ပွဲကို သဲသဲမဲမဲလုပ်လေသည်။ သို့သော် တခါတခါတွင်ကား ဘိုင်အမြဲကျနေသည့် အပေါင်းအပါများတွင် ပိုက်ဆံရှိမရှိ နားမလည် ဟေ့ ငါဘာစားချင်သည်ဟု ပြောပြောဆိုဆို ထွက်လာပြီး သူဝင်ချင်သည့် ဆိုင်ဝင်ပြီး စားချင်တာတွေစား၍ အတူပါလာသူ အပေါင်းအပါများမှာ ပိုက်ဆံ မရှိ၍ ဂျောက်ကျခဲ့ပေါင်းမှာ မရေမတွက်နိုင်တော့ပေ။ တခါတခါလည်း ပိုက်ဆံမရအရချေးခိုင်းပြီး ရုပ်ရှင်ပြခိုင်းတတ်သည်။ ရုပ်ရှင်ကြည့်သည့်အခါလည်း အတန်းမရှောင် တမတ်တန်းကလည်း တိုးခွေ့၍ဝင်သည်။ ပြနေစဉ်လည်း တားမရသူဝင်ချင် ဝင်ကြည့်သည်။ ကြည့်နေရင်းလည်း စိတ်မထင်က တပိုင်းတစနှင့် ထွက်သွားတတ်လေသည်။ ရုပ်ရှင် ကြည့်ရင်လည်း သူသဘောကျပါက အားရပါးရ ဝါးကနဲရယ်ချ လိုက်လေသည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက် သူများရယ်လို့ ရယ်ချင်မှရယ်သည်။ သူရယ်လျှင်ကား သူတယောက်ထည်း ရယ်သံသာ ထူးထူးခြားခြား ထွက်လာတတ်လေသည်။

                                                      ရေနစ်စဉ်က
ပြန်၍မြင်ယောင်ပါသေးသည်။ အချိန်မှာ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ကွန်ဖရင့် ပုသိမ်မြို့တွင် ကျင်းပပြီး မော်တင်စွန်းသို့ နွေရာသီ စခန်းထွက်ခဲ့ကြသည်။ တခုသော နံနက် လင်းအားကြီးတွင် ကျွန်တော်တို့ လူပေါင်း၁၄ယောက် ဇီးချိုင့် ရရိုင်ရွာသို့ ထွက်ခွာသွားကြသည်။ လမ်းတွင် တောင်ကျချောင်းတခုသို့ ဖြတ်ကူးကြရင်း တောင်ရေကျလာရာ ၁၄ယောက်အနက် ၁၃ယောက်သာ ရေကူးတတ်၍ သခင်အောင်ဆန်း၊ သခင်သန်းထွန်းနှင့် ကျွန်တော်တို့ ရေနစ်ကြတော့သည်။ ထိုးအခါ အားလုံးမျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေရာမှ သခင်ဗဟိန်း(ကွယ်လွန်သူ) ဦးဇော်ဝိတ်(ကာယဗလ)နှင့် အခြားတဦးတို့က ကယ်၍သက်သာတော့သည်။ တဘက်ကမ်းသို့ ရောက်သောအခါ အားလုံးပင် ရေအောက်ကျောက်ဂျင်းများကို ထိခိုက်၍ ဒဏ်ရာအနည်းအများ ရကြရာ သခင်အောင်ဆန်းခြေထောက်မှ ရစရာမရှိအောင် အရှအနာများ အစင်းများ ထင်နေသော်လည်း နေပူကြဲကြဲ သဲသောင်ပြင်တွင် အငြီးမတွား လျောက်၍ သွားလေသည်။

                                               သူပုန်ထရမယ်
ဇီးချိုင့်ရွာသို့ ရောက်လာသောအခါ ဘုန်းကြီးကျောင်းတွင် နံနက်စာ စားပြီး ရွာသူရွားသားများအား တရားဟောတော့သည်။ ဤတွင်မှ လွတ်လပ်ရေးကို လက်နက်ကိုင် တော်လှန်မှသာ ရမယ်။ ကျုပ်တို့ သူပုန်ထရမယ် ဟုသခင်အောင်ဆန်း အတိအလင်း ဟောပြောခဲ့လေသည်။ (သူပုန်ထမှ လွတ်လပ်ရေးရမယ် သူပုန် ထရမယ် ) ဟုဒေါမာန်ပါပါ ဟောလိုက်သံကြားရသဖြင့် ထိုအခါက ကြက်သီး တဖြန်းဖြန်းထခဲ့ရာ ယခုတိုင် တွေးမိတိုင်း ကြက်သီးထလာပေတော့သည်။ ဇီးချိုင့်ရွာတွင် ဟင်းမျိုးပေါင်း ၂၀ကျော်နှင့် စားသောက်လာကြရာ၊ အပြန်တွင် သခင်အောင်ဆန်း ဓါတ်တွေလျှောသဖြင့် အတော်ကို အလူးအလဲ ခံခဲ့ရသေးသည်။ သူကား ဓါတ်လျှောသည်မှာ ခဏခဏပင်။

                                              သံယောဇဉ်မရှိအောင် နွားတွေလို
၁၉၃၈ ခုနှစ်လောက်က အိန္ဒိယသို့ သွားကြသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ခေါ်တောကုလားများ၊ ဂေါ်ရင်ဂျီကုလားများ၊ မိလ္လာသိမ်း ကုလားများနှင့် အရောရော အနှောနှော သွားကြရသည်။ တခြားသူ အားလုံးလိုလို အဘို့ မသတီစရာကြီးလို ဖြစ်နေသော်လည်း သခင်အောင်ဆန်းမှာ ဘာမျှဂရုမစိုက်။ သတိထားမိဟန်မတူ၊ စကားဝိုင်းဖွဲ့၍ ပြောကြတိုင်း လူငယ် လူရွယ်တိုင်း နိုင်ငံရေးကို အမြဲတန်း(Whole time)လုပ်ဘို့ လိုတယ်။ ဒီလိုလုပ်ဘို့ သံယောဇဉ် မရှိမှ ဖြစ်မည်၊ သံယောဇဉ်မရှိအောင် နွားတွေလို ဝှေးသင်းထားရင် ကောင်းမယ်ဟု ပြောခဲ့လေသည်။
သခင်အောင်ဆန်းကား သူ့စိတ်ထဲရှိသမျှ ပြောချလိုက်သည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို ဂရုမစိုက် လွတ်လပ်ရေးအတွက် ဘာမဆိုလုပ်ချင်သည်၊ လုပ်သည်။

                                                       ပျောက်သွားပုံ
အိန္ဒိယသို့အသွားအပြန်လည်း လမ်းတလျှောက်လုံး ခဏခဏ ဝမ်းလျှောသဖြင့် အလူးအလဲခံရရှာသည်။ သို့သော်လည်း တချက် မညီးတွားခဲ့၊ အိန္ဒိယမှပြန်လာကြပြီးနောက် ဗမာပြည်တွင် လွတ်လပ်ရေးတိုက်ပွဲ ပိုမိုပြင်းထန်လာရာ သခင်သန်းထွန်း၊ သခင်စိုး၊ ကိုဗဟိန်းစသည် လုပ်ဖေါ်ကိုင်ဘက်များ တယောက်ပြီးတယောက် အဖမ်းခံရသည့် ကြားထဲ သခင်အောင်ဆန်း ပျောက်ချင်းမလှ ပျောက်သွားတော့၏။

                                                   ခွေးမသားစစ်ထဲဝင်
ထို့နောက်မှာကား ဂျပန်တို့ ဗမာပြည်သို့ ဝင်လာသည့်အခါ သူ့အား ဗိုလ်တေဇအဖြစ်နှင့် ပြန်၍တွေ့ရ၏။ ကျွန်တော်လည်းတောမှ ရန်ကုန်သို့ တက်လာပြီး သူ့အား ဒီဗွန်းကုတ်တွင် စစ်ဝတ်စစ်စားနှင့် တွေ့လိုက်ရသောအခါ သူက ကျွန်တော့်အား သုံသုံမှုံမှုံကြီး ကြည့်နေသည်။ ကျွန်တော်က "ဗိုလ်တေဇ နေကောင်းရဲ့လား" ဟုစကားစလိုက်သည်နှင့် တပြိုင်နက် "ဘာဗိုလ်တေဇလဲ ခွေးမသား စစ်ထဲဝင်ရမယ်" ဟု ပြန်၍ နှုတ်ဆက်လိုက်သည်ကို ယခုတိုင် ကြားယောင်လျက် ရှိပါသေးသည်။
ထို့နောက် သခင်အောင်ဆန်း၊ သခင်တင်ဦး(ယခုအစိုးရ အသံလွှင့်ဌာန အစီအစဉ်လက်ထောက်) သူရဲဗအေး( ယခုအာလံ ကွန်မြူနစ်ပါတီ ခေါင်းဆောင်) တို့ဂိုလ်ဒင်းဘဲလ်လီတွင် အတူနေကြသည်။ တနေ့ နံနက် သူအိပ်ရာထတွင် ကျွန်တော်က မုံရွာထောင်ထဲတွင် ရှိသည့် သခင်သန်းထွန်း၊ သခင်စိုးနှင့် အခြား ရဲဘော်များကို သွားထုတ်ရန် လက်နက်နှင့် လူပေးဘို့ ပြောသည့်အခါ "ခွေးမသား မင်းသေချင်သလား။ သူတို့လဲ သူတို့ဘာသာ ထွက်လာကြမှာပေါ့ မင်းမသွားရဘူး" ဟုပြတ်ပြတ်တောက်တောက် ပြောလေသည်။ ကျွန်တော် အံ့အားသင့်သလို ကြည့်နေစဉ် "ဒီပြင်လူတွေ ကြည့်လွှတ်ပို့မယ်ကွယ်၊ မင်းမလိုက်သွားပါနဲ့" ဟျုလချိုကလေးနှင့် ပြောသံကို ယခုတိုင် နားမှမထွက်နိုင် မမေ့နိုင် ကြားယောင်လျက်ပင် ရှိပါသေးသည်။
သို့ ကျွန်တော့်အပေါ် ကြင်နာစိတ်ရှိသော်လည်း သခင်တင်ဦး သခင်ဗအေး ကျွန်တော်နှင့် မျက်နှာချင်း ဆိုင်မိတိုင်း "ခွေးမသားတွေ မင်းတို့ စစ်တိုက်ရမည်" ဟုအမြဲ ပြောလေ့ရှိသည်။

                                              သူနှင့်အရက်
တနေ့သော် ကျွန်တော်တို့ ဗိုလ်စကြာအိမ် ရောက်သွားကြသည်။ ဗိုလ်စကြာတို့ အိမ်တွင် သခင်တင်(ယခု လယ်ယာစိုက်ပျိုးရေး ဝန်ကြီး) နောင်ကြီးလင်း(ကွယ်လွန်သူ သထုံခရိုင်ဝန်သခင်လင်းကြီး) တို့လည်း ရှိရာ၊ အားလုံးကပင် "စစ်ဗိုလ်ဆိုရင် အရက်သောက်ရတယ်" ဟုပြောပြောဆိုဆို သခင်အောင်ဆန်းအား ဝိုင်း၍ အရက်တိုက်ကြတော့သည်။ ပဠမသော်မသောက် ဇွတ်ငြင်းသေးသည်။ နောက်မနေနိုင်တော့ "စစ်တိုက်မှာဘဲ သောက်မယ်၊ ငါသောက်မယ် အဟမ်း ဟဲဟဲ" ဟုဆိုကာ တခွက်မော့လိုက်လေသည်။ မော့ပြီးသည်နှင့် တပြိုင်နက် "မင်းတို့ဥစ္စာ မကောင်းဘူး နံလဲနံတယ်၊ ပူလဲပူတယ်" မှတ်ချက်ချလေသည်။ ဗိုလ်စကြာ၊ သခင်တင်နှင် နောင်ကြီးလင်းတို့ ကောင်းမှုကြောင့် ၃၊၄ခွက်လောက် သောက်ပြီးနောက် "သူ့ကိုအတင်းတိုက်ရမလား" ဟုဆဲသည်။ နောက် "ငါအိမ်ပြန်မယ်" ဟုပြောပြောဆိုဆို ထပြန်လေသည်။ အိမ်ရောက်သောအခါ "ငါမူးတယ် အိပ်မယ်"ဟု ပြောကာ အိပ်ရာဝင်လေသည်။ ခဏမျှငြိမ်နေပြီး အိပ်ပျော်သွားပြီဟု ထင်နေစဉ် "ဟေ့ ခွေးမသားအုန်းမြင့်၊ တင်ဦး၊ ငါမူးတယ် အိပ်လို့ မရဘူး ငါ့အမူးပြေအောင် လုပ်ပေးကြ" ဟုအော်တော့သည်။ ကျွန်တော်တို့ ဝင်သွားသောအခါ ဒရီးဒယိုင်ထပြီး " ငါအမူးပြေအောင် လုပ်ပေးကြ ခွေးမသားတွေ" ဟုတကြိမ်းတည်းကြိမ်း၍ "ရေချိုးဗျာ ပျောက်သွားမှာဘဲ" ဟုပြောလိုက်သည်နှင့် တပြိုင်နက် ဆင့်ကာ ဆင့်ကာ ကြိမ်းတော့သည်။ သခင်အောင်ဆန်းမှာ ရေကို ၇ရက်၊ ၈ရက်ကြာမှ ချိုးချင်မှချိုးသည်။ အမြင်မတော်၍ တခြားလူများက အတင်းချိုးခိုင်းမှ ချိုးတတ်သည့်အလေ့အထမှာ မပျောက်။ ထို့နောက်မှ သူ့အား သခင်တင်ဦးနှင့် ကျွန်တော် ၂ယောက်တွဲ၍ လမ်းရှောက်နေရတော့သည်။ နောက်တနေ့ မနက်တွင် အိပ်ရာထ ခါတိုင်းထက်နောက်ကျပြီး အိပ်ရာမှနိုးလျှင်နိုးချင်း "ခွေးမသားတွေ ငါမူးနေသေးတယ်" ဟုမနက်ခင်း နှုတ်ဆက်လိုက်လေသည်။
နောက် ဗမာ့တပ်မတော်ဖွဲ့လေပြီ သခင်တင်ဦး၊ သခင်ဗအေးနှင့် ကျွန်တော်တို့ စစ်ထဲ မဝင်၍ "ခွေးမသားတွေ စစ်ထဲဝင်ရမယ်" ဟုတကြိမ်းတည်းကြိမ်းနေသည်။ သခင်အောင်ဆန်းကား စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေးရမည်. စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေး အစစ် ခိုင်လုံမည်ဟု တထစ်ချယုံကြည်သည်။ စစ်တပ်ကြီးကျယ်မှုကို ကြိုးစားလုပ်ခဲ့သည်။

                                                     ဒေါ်ခင်ကြည်နှင့်
ကျွန်တော် နယ်သို့ ထွက်သွားပြီး ပြန်လာသောအခါ သူဆေးရုံတွင် ရောက်နေလေပြီ။ သခင်တင်ဦးနှင့် ကျွန်တော် သူ့အခန်းထဲ ဝင်သွားကြရာ၊ " ဟိုခွေးသား တင်ဦးကို ငါ့မိန်းမဘို့ လက်စွပ်ဝယ်ခိုင်းတာမရဘူး မင်းဝယ်ပေးရမယ်" ဟုစကားစလေသည်။ ကျွန်တော်လည်း သူကျေနပ်အောင် "ဝယ်ပေးပါမယ်" ဟုပြော၍ "ဟေ့တင်ဦး အုန်းမြင့်ကို ပိုက်ဆံပေးလိုက်၊ ဟေ့ကောင် လက်စွပ်ဝယ်ဘို့နော် ခွေးမသား မင်းသုံးမပစ်လိုက်နဲ့အုံး" ဟုတဆက်တည်းပြောလေသည်။ ထိုအခိုက် ဆရာမလေးတယောက် ဆေးခွက်ကိုင်၍ ဝင်လာရာ "မသောက်ဘူး မသောက်ဘူး ဆရာမ မခင်ကြည်တိုက်မှ သောက်မယ်" ဟုခေါင်းတခါခါ ပြောသဖြင့် ဆရာမကလေး ပြုံးပြီး လှည့်ထွက်သွားလေသည်။ တဘက်ခန်းမှ ဦးကျော်ငြိမ်း (ယခု ပြည်ထဲရေး ဝန်ကြီး)က "မြန်မြန်ရအောင် လုပ်ပေးလိုက်စမ်းပါဗျာ ဟဲဟဲ" ဟုထုံးစုံအတိုင်း လေးအေးလေပြော့ ကလေးနှင့် လှမ်း၍ နော့လိုက်လေသည်။
ထို့နောက် ကျွန်တော် တောသို့ပြန်သွားရာ သခင်အောင်ဆန်း ဒေါ်ခင်ကြည်နှင့် လက်ထပ်သည့် သတင်းကို ကြားရလေသည်။ ထိုစဉ်က သခင်အောင်ဆန်းမှာ လွတ်လပ်ရေး အတွက် ဆင်းရဲ ပင်ပမ်းကြီးစွာ ကြိုးပမ်း၍ အတော်မကျန်းမမာဖြစ်နေရာ၊ ဒေါ်ခင်ကြည်၏ ဂရုတစိုက် ကြည့်ရှုပြုစုမှုကြောင့်သာ နလံထူလားခြင်းဖြစ်သည်။ သို့မဟုတ်က တရှောင်ရှောင်နှင့် ထိုစဉ်ကပင် လုံးလုံးလဲဘွယ် ရှိပေသည်။ ဒေါ်ခင်ကြည်၏ကျေးဇူးကြောင့်သာ ယခုကဲ့သို့ လွတ်လပ်ရေးကို ဆက်လက် ကြိမ်းပမ်းနိုင်ခြင်းဖြစ်လေသည်။ သို့သော် လွတ်လပ်ရေး အတွက် တိုက်နေရင်းပင် လွတ်လပ်ရေး မရခင် ခုလပ်တွင်ပင် ရန်သူ့လက်ချက်ဖြင့် အသက်ရှုံးရရှာလေပြီ။

                                                           တော်လှန်ရေး အပြီး
နောက်ဂျပန်ကိုတော်လှန်ကြလေပြီ။ အင်္ဂလိပ်ပြန်၍ဝင်လာပြီး မကြာမတင်ပင်၊ သခင်အောင်ဆန်း ဗိုလ်လကျာင်္(ယခု ကာကွယ်ရေးဝန်ကြီး) မျက်နှာဖြူ စစ်ဗိုလ်ကလေးတချို့ ဟင်းသာတသို့ ရောက်လာသည်တွင်မှ သူနှင့်ကျွန်တော် ပြန်တွေ့ရသည်။ ကျွန်တော်နှင့် တွေ့သောအခါ "ဟေ့ကောင် ခွေးမသား မင်းဒီမှာ ဘာလုပ်နေသလဲ၊ စစ်ထဲဝင်ရမယ် ငါနဲ့လိုက်ခဲ့" ဟုခေါ်ပြန်သည်။

ရုံးထိုင်သည့်နေ့
ကျွန်တော် ရန်ကုန်သို့ပြန်၍ ရောက်လာသော အခါ၌ကား၊ သူ့မှာ နေ့မအား၊ ညမအား အလုပ်လုပ်နေရသဖြင့် အေးအေးလူလူ ရယ်ရွှန်း ပတ်ရွှန်း နေခွင့်မရခဲ့ပေ။ သို့သော် ဖဆပလ အစိုးရအဖွဲ့ စ၍ ရုံးထိုင်သည့် ညနေတွင် အတွင်းဝန်များ ရုံးလှေခါးအဆင်တွင် သူနှင့် ဗိုလ်ထွန်းလှကို တွေ့ရာ"အစိုးရလုပ်ရတာ မနိပ်ပါဘူးကွာ အုန်းမြင့်ရာ" ဟုညီးညီးညူညူရှုံ့မဲ့ကာ ပြောပြီး ကားပေါ်တက်သွားသည်ကို ယခုတိုင် ကြားယောင်လျက် ရှိတော့သည်။

ဘိလပ်ပြန်ကွန်ဖရင့်တွင်
ဘိလပ်မှ ပြန်လာကြပြီး တညသူ့အိမ်တွင် သတင်းစာဆရာများကို ဖိတ်ခေါ်ကာ ရှင်းလင်းပြောပြလေသည်။ ရှင်းပြပြီးနောက် အသီးသီး ထ၍ပြန်ကြစဉ် ကျွန်တော့အနီးသို့ ကပ်လာပြီး "ဟေ့ကောင် မင်းက ဘာနားလည်လို့ သတင်းစာထဲမှာ တောရေး၊ တောင်ရေးနှင့် ထည့်ရတာလဲ"ဟု မျက်နှာထားနှင့် ပြောပြောဆိုဆို သူ့လက်ထဲရှိ လန်ဒန်တိုင်း သတင်းစာခေါက်နှင့် ရိုက်လေတော့ရာ၊ အနီးရှိလူများ အားလုံး အံ့အားသင့်နေကြ၏။ နောက်"ခွေးမသား မင်းတနေ့ လာအုံး ..ဟဲဟဲ"ဟု ရယ်တော့မှ အားလုံး ကြက်သေသေနေရာမှ ဝိုင်း၍ ရယ်နိုင်ကြတော့သည်။ သခင်အောင်ဆန်း ဝန်ကြီးဖြစ်လို့လည်း ဟန်မကြီး စတိုင်မလုပ် သူ့သဘောရိုးအတိုင်း ပြောနေဆိုနေ ဆက်ဆံနေကြအတိုင်းပင်။

                                                                 သူ၏ဇာတ်သိမ်း
  ထို့နောက်တဖန် အစိုးရသစ် ပြန်လည်ပြင်ဆင်၍ ဖွဲ့မည့် နံနက်က သူ့အိမ်တွင် သတင်းစာဆရာများနှင့် ဝန်ကြီးများ ဆုံကြပြန်သည်။ ထိုနေ့ နံနက်၇နာရီခွဲသာသာလောက်တွင် သူ့ခလေးအထွေးဆုံး အနိစ္စ ရောက်သွားသဖြင့် ဧည့်သည်တွေ ရှေ့မှောက်တွင်ပင် အိမ်ပေါ်မှ ချသွားရလေသည်။ သို့သော် ဧည့်သည် များအနက် ဧည့်သည် ၁ဦး ၂ဦးသာသိသည်။ ဆရာချို(ကွယ်လွန်သူ ဒီဒုတ်ဦးဘချို)ကား စုတ်တသတ်သတ်နှင့် ရှိတော့သည်။ နိမိတ်သိပ်မကောင်းကြောင်းနှင့် ပြောရှာသေးသည်။ သို့သော် သူကား ခလေးသေ၍ ဘာမျှမထိခိုက် မတုန်လှုပ် သူ၏လုပ်ငန်းများကို ခါတိုင်းလိုပင် ရှင်းလင်းပြောပြခဲ့ရှာသည်။

                                                               သူ့ဇာတာ
  ထို့နောက် ကျွန်တော်နှင် ကိုသိန်း(ဇဝန)တို့သည်၊ ဆရာချို၏ စကားကိုသာစိတ်တွင် တအုံနွေးနွေး ဖြစ်ခါ မကြာခဏ သူ့အကြောင်းကိုပြောရသည်။ တနေ့ညနေခင်းတွင် သခေင်အောင်ဆန်း ဒေါ်ခင်ကြည်နှင့် ခလေးတွေပါ ဗဟန်း ပလာတာဆိုင်တွင် တွေ့ကြသည်။ ဟန်ကြီး ပန်ကြီး မလုပ်တတ်သော သခင်အောင်ဆန်း သည် ပလာတာဆိုင်၌ ကုလားထိုင်ပေါ်တွင် ဒူးတဖက်ထောင်ထိုင်ခါ ပလာတာစားသည်။ သူ့ဇာတာ စမ်းလဂ်အကြောင်း ကိုသိန်းစကားစ၍ ကျွန်တော်ကပင် ဇာတာမေးရန် ပြောပြီး သူ့အိမ်သို့ လိုက်သွားကြသည်။ အိမ်ရောက်သော အခါ ဇာတာကို ဒေါ်ခင်ကြည်က ထုတ်ယူလာသဖြင့် ကျွန်တော်လည်း ဇာတာကိုင်ပြီး "ဟင် ခင်ဗျားဇာတာက ရေနံလဲ မရှိဘူး ပဲ့ရွဲ့တောင်နေပြီ" ဟုပြောရာ "အောင်မာ မင်းက ဒီဇာတာဟာ နာမည်ကျော် ဆရာဦးထွန်းမြတ် ဖွဲ့ပေးတာကွ" ဟုရယ်ရယ်မောမော ပြောလိုက်သေးသည်။
  သူ့ဇာတာမှာ ဖွဲ့ရိုးဖွဲ့စဉ် ရေးရိုးရေးစဉ်အတိုင်း ဖြစ်သော်လည်း အလွန့်အလွန် ထူးခြားချက်တခု ပါရှိသည်ကား။ (ဘုံပညာနှင့်ပြည့်စုံသော သတို့သားကို မာတာမိခင် ဖွားသန့်စင်သည်၊ နာမသညာ ခေါ်တွင်ရာကား မောင်ထိန်လင်း အသက်ရာကျော် ရှည်စေသော်)ဟု ပါရှိလေသည်။ အမှန်မှာ (ဘုန်းပညာ) ဟုဖြစ်ရမည့်အစား (ဘုံပညာ)ဟု သူ့ဇာတာတွင် ထူးထူးခြားခြား ပါရှိခြင်းကို ကိုသန်းရော ကျွန်တော်ပါ ပြော၍မဆုံးနိုင်အောင် ရှိလေသည်။

                                               သူနှင့်နောက်ဆုံးတွေ့ရသည်နေ့
  သူနှင့်နောက်ဆုံးတွေ့လိုက်ရသည်မှာကား၊ ဆရာချို အခန်းထဲ သတင်းစာဆရာများ ကွန်ဖရင့်တွင်ပင် ဖြစ်လေသည်။ ထိုနေ့ကမူ သခင်အောင်ဆန်းမှာ တချိန်လုံးလုံး ရယ်ပြုံးကာ ဒေါမာန်ပါပါ ပြောသွားလေသည်။ တသက်နှင့်တကိုယ် ဤမျှအာဝဇ္ဖာန်းရွှင်ရွှင် ရယ်ရယ် မောမော ကြေကြေနပ်နပ် စကားပြော သွားသည်ကို တွေ့ရလေသည်။ ပြောဆိုပြီးနောက် အသီးသီး ပြန်ကြသောအခါ ကျွန်တော်လည်း သူ့အနားသို့ကပ်သွားပြီး "မြို့ရွာလှုပ်လှုပ်ရွရွနဲ့ အကာအကွယ်များ လုပ်ထားရဲ့လား" ဟုမေးရာ " ဟေ့အုန်းမြင့်ရ သူတို့က ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မင်းထင်သလား" ဟုနှုတ်ခမ်းနှစ်ခုစေ့ကာ ပြန်၍ပြော သွားလေသည်။
   ဤစကားများ ပြောသွားခဲ့ပြီး၍မှ မကြာမှီပင် မြန်မာတပြည်လုံးကို အုပ်ချုပ်ရသော အစိုးရဗဟိုဌာန မြန်မာပြည်၏ မြို့တော် ရန်ကုန်မြို့လည်ခေါင် အတွင်းဝန်ရုံးပေါ်သို့ ရန်သူတို့ အတင့်ရဲရဲ ချင်းနင်းဝင်ရောက်ကာ ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခြင်းကြောင့် သူ့မှာ လွတ်လပ်ရေး ရခါနီး လမ်းခုလတ်တွင် ကျဆုံးသွားရရှာလေပြီ။
  သူအလိုရှိသော တကဲ့လွတ်လပ်ရေး၊ သူအလိုရှိသော ခေတ်မှီလက်နက်များဖြင့် လုံးဝပြည့်စုံသော စစ်သားတသန်းရှိ စစ်တပ်ကြီးကို ဖြစ်မြောက်အောင် လုပ်နိုင်ရန်ကား သူအလိုရှိသော တမျိုးလုံး ညီညွတ်ရေးဖြင့် သဲသဲမဲမဲ ဇွဲကောင်းကောင်းဖြင့် သူ့အလိုကို ဖြည့်စွမ်းကာ သူ့ကျေးဇူးကို ဆပ်ကြဘို့်သာ ရှိပေတော့သည်။  

No Response to "ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ"

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း