နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ ရုပ်ရှင်မင်းသား ကိုကျော်သူဦးဆောင်ပြီး နာရေးကိစ္စ အခမဲ့ လုပ်ဆောင်ပေးနေတယ် ဆိုတာ ကျနော်ကြားဖူးနေတာတော့ ကြာပါပြီ။ ဒါပေမဲ့ တခါမှ မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့ရတာကြောင့် နားရေးကူညီမှု အသင်းဆီမှာ လှုဖို့ အခွင့် မသာခဲ့ပါဘူး။ မှတ်မှတ်ရရ facebook စသုံးတဲ့ လွန်ခဲ့တဲ့ ၁နှစ်လောက်မှာ ကိုကျော်သူနာမည်နဲ့ account တခုကိုတွေ့လို့ add လိုက်တော့မှ နာရေးကူညီမှု အသင်းရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ သေသေချာချာ မြင်တွေ့လိုက်ရတော့မှ နာရေးကူညီမှု အသင်းသူ ၊ အသင်းသား အားလုံးရဲ့ ကိုယ်ကျိုးမငဲ့ပဲ အတားအဆီးတွေ ကြားက လုပ်ရဲ၊ ကိုင်ရဲတဲ့ စိတ်ဓာတ်ကို လေးစား အားကျမိပါတယ်။ ဒီအလုပ်မျိုးဆိုတာ တော်ရုံစိတ်ဓာတ်နဲ့ လုပ်ဖို့ မလွယ်တာ အမှန်ပါ။ ခပ်ရိုင်းရိုင်း ပြောကြေးဆိုရင် ဒီအလုပ်ဟာ သုဘရာဇာ အလုပ်မို့လို့ တော်ရုံ ဇွဲ၊ သတ္တိနဲ့တော့ ဒီအလုပ်လုပ် ဖြစ်မယ် မထင်ပါဘူး။
အမှန်အတိုင်း ပြောရရင် ကျနော် facebook မှာမတွေ့ခင် အထိ ကိုကျော်သူနဲ့ နာရေး ကူညီမှု အသင်း (ရန်ကုန်)ကို အထင်မကြီးတာ အမှန်ပဲ။ ဘာကြောင့်လဲ ဆိုတော့ လူတယောက်ဟာ နာမည်ကြီးလာတာနဲ့ သူဘာလုပ်လုပ် လူတိုင်းက အထင်ကြီးကြတာ ထုံးစံလို ဖြစ်နေတော့ ကျနော်ဟာ ကိုကျော်သူကိုလဲ ပေါ်ပင် လုပ်တာ တနည်းအားဖြင့် နာမည်ကောင်း ယူနေတာလို့ပဲ ထင်မိခဲ့ပါတယ်။
facebook မှာ သတင်း၊ ဓာတ်ပုံတွေ သေချာချာတွေ့ပြီး နောက်ပိုင်း စိတ်ထဲကနေ ကိုကျော်သူနဲ့ အသင်းသူ၊ အသင်းသားများကို စိတ်ထဲကနေ ခွင့်လွှတ်ဖို့ တောင်းပန်နေခဲ့ မိပါတယ်။
မနှစ်က ကျနော့်မွေးနေ့မှာ ၅သောင်း (ထင်တာပဲ သေချာ မမှတ်မိတော့ဘူး၊ အဲဒီထက် မများတာတော့ သေချာတယ်) လှုဖြစ်ခဲ့ပါတယ်။ အိမ်က လူကြီးတွေ ကျနော့်ကိုယ်စား သွားလှုပေးခဲ့တာပါ။ အဲဒီမှာ နာရေး အသင်းက အလှုလက်ခံ လက်မှတ်ဖြတ်ပိုင်း၊ နာရေး အသင်းရဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြထားတဲ့ စာရွက်၊ စာတမ်းတွေနဲ့ ဒီဗီဒီ တခွေ ပြန်လှုလိုက်လို့ အိမ်ကလူကြီးတွေ သေချာ သိမ်းဆည်းထားရင်း ... ရန်ကုန်ကနေ လူကြုံရှိတယ် လိုချင်တာ မှာနိုင်တယ်ဆိုလို့ ကျနော် စိတ်ဝင်စားနေပြီ ဖြစ်တဲ့ နာရေးအသင်းက ပြန်လှုလိုက်တဲ့ ဒီဗီဒီ အခွေကို ထည့်ပေးလိုက်ဖို့ သေချာ မှာလိုက်ပါတယ်။ အဲဒီအခွေကို ကျနော်အခု youtube မှာ file ၆ခုခွဲပြီး တင်လိုက်ပါတယ်။ မကြည့်ဖူးသေးသူများ ကြည့်ဖူးအောင်၊ ကြည့်ဖူးပြီးသား လူများလဲ ထပ်ကြည့်နိုင်အောင် တင်ပေးလိုက်တာပါ။ ဒီနှစ်လဲ ဒီထက်မက လှုဖို့၊ မွေးနေ့မှ မဟုတ်ဘူး အခွင့်သာတိုင်း၊ ကိုယ်တတ်နိုင်သလောက်လေး လှုဒါန်းသွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။

2 Response to နာရေးကူညီမှုအသင်း (ရန်ကုန်)
ခုလို အမြင်မှန်ရတာ ဝမ်းသာပါတယ်.
အချိန်မနှောင်းသေးပါဘူးးး
ကောင်းမှု ကုသိုလ်ဆိုတာ အချိန် မရွေး နေရာမရွေး လုပ်လို့ ရပါတယ် မောင်အိမ် ရေ..
သာဓု သာဓု သာဓု ..ပါ.
( အခွေကတော့ အမ ဆီမှာလည်း ရှိပါတယ်..ပြီးခဲ့တဲ့ တခေါက် ပြန်တုံးက ကိုယ်တိုင်ကိုယ်ကျ သွားလှူဖြစ်ခဲ့ပါတယ်.. ဦးကျော်သူ နဲ့ အဆင်သင့် တွေ့ ဖြစ်လို့  အတိုင်းထက်လွန်ပဲ ပီတိဖြစ်မိပါသေးတယ်..သူတို့ လက်ရှိလုပ်ကိုင်နေကြတာတွေ အားလုံး ဟာ ကိုယ်ကျိုးမဖက်ပဲ တကယ့် အားတက်သရော ၊ စိတ်ရော ကိုယ်ပါ တညီတညွတ် လုပ်နေကြတာပါ ။အဲ့တာတွေ မြင်လိုက်ရတဲ့ အချိန်မှာ တနေ့ကျ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ဖို့  ဆုံးဖြတ်ချက် ချဖြစ်သွားပါတယ်..)
သာဓုပါ ကိုအိမ် ဒီ့ထက်မကလှူနိုင်ပါစေရှင်....
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း