Thursday, April 14, 2011

မိဘမေတ္တာ

1
မိဘမေတ္တာကို သီချင်းနဲ့တမျိုး၊ စာနဲ့တဖုံ၊ ရုပ်ရှင်အဖြစ် တနည်း၊ အနုပညာရှင်များက အမျိုးမျိုး ပုံဖော်တတ်ကြတာ နားထောင်ဖူး၊ ဖတ်ဖူး၊ ကြည့်ဖူးကြမှာပါ။ လက်တွေ့ ဘဝတွေမှာလဲ ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ မိဘရဲ့ သားသမီးတွေအပေါ်ထားတဲ့ ဂရုဏာနဲ့ မေတ္တာဟာ တခါတလေမှာ လွဲမှားနေတယ်လို့ ကျနော်ပြောရင် လွန်များသွားမလား .....။ ဒီလို ပြောတာ ကျနော့်မှာ ခိုင်လုံတဲ့ အကြောင်း ၂ချက်ရှိပါတယ်။ ကိုယ်တိုင်ကြုံတွေ့ ခဲ့လို့ ခုလို ရဲရဲကြီး ပြောရဲတာပါ။
တကယ်တော့ ဒါဟာလဲ သား၊သမီးအပေါ်ထားတဲ့ ကြီးမားလွန်းတဲ့ မေတ္တာပါ၊ စေတနာအမှားလို့ ဆိုရင်လဲ မမှားပါဘူး။ ပြီးတော့ မိဘအနေနဲ့ သူတို့ရဲ့ သား၊သမီးတွေဟာ ဘယ်လို ပါတ်ဝန်းကျင်မှာ ကျင်လည် လှုပ်ရှားပြီး ဘဝကို ရုန်းကန်နေတယ် ဆိုတာ မသိလို့ နေမှာ။ နောက်တခုက မိဘတွေအနေနဲ့ သူတို့ ပါတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ ဒုက္ခမျိုး သူတို့ သား၊သမီးတွေဆီမှာလဲ ဖြစ်နေမလား ဆိုတဲ့ စိုးရိမ်စိတ်မျိုးနဲ့ စိုးရိမ်တတ်ကြပါတယ် .. ... ဒီတော့ မိဘအနေနဲ့ ငါ့သား၊ ငါ့သမီးလေးတော့ ဒါမျိုးဖြစ်နေရင်တော့  ...... ဆိုတဲ့ အတွေးတခုနဲ့တင် မိဘတိုင်းရဲ့ ရင်ထဲမှာ နေ၁၀စင်းပူသလို ခံစားရပါတယ်။

ကျနော့်ရဲ့ ခိုင်လုံတဲ့ အကြောင်း၂ချက်ကတော့ ...........

 ခိုင်လုံတဲ့ အကြောင်းအရာ ၁

မှတ်မှတ်ရရ ကျနော် သင်္ဘောဒုတိယအကြိမ် ပြန်တက်ဖို့ အဆင်သင့် ဖြစ်တဲ့ တရက်မှာ သင်္ဘောပေါ် ကျန်ခဲ့တဲ့ အပေါင်းအသင်း မိတ်ဆွေများရဲ့ မိဘဆွေမျိုးတွေဆီ လူကြုံပစ္စည်း ထည့်ပေးချင်ရင် ထည့်ပေးနိုင်အောင် ဖုန်းဆက်တန်ဆက်၊ လူကိုယ်တိုင် အကြောင်း ကြားတန်ကြားလိုက်ပါတယ်။ ဒီလိုနဲ့ တချို့လဲ အိမ်ကို လာပေးတဲ့သူပေး၊ ကိုယ်တိုင်သွားယူတာယူု လုပ်ပြီး ပစ္စည်းတွေစုဆောင်းပြီး ကျစ်ကျစ်လစ်လစ် ဖြစ်နိုင်သမျှ ဖြစ်အောင် လုပ်ပြီး အဆင်သင့်ဖြစ်အောင် လုပ်ထားလိုက်ပါတယ်။ ဒီမှာ သင်္ဘောသား တယောက်ရဲ့ မိဘ ပို့မဲ့ ပစ္စည်း တခု ကျန်နေပါတယ်။ ဒါနဲ့ ဖုန်းလှမ်းဆက်ပြီး မေးတော့ လေဆိပ် ဘယ်နေ့ဆင်းမှာလဲ ဘယ်အချိန်ဆင်းမှာလဲ မေးပြီး အဲဒီနေ့ကျမှ လာပို့မယ် ဆိုတော့ ကျနော်လဲ ပြောရတာပေါ့ "အန်တီ ....  ဖြစ်နိုင်ရင် လေဆိပ်မဆင်းခင် လာပေးပါလား၊ ဒါမှမဟုတ် ကျနော်လာယူမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ လူကြုံ ပစ္စည်းတွေ အကုန်လုံး တစုတစည်းထဲ ဖြစ်ချင်တာကြောင့်ရော လေဆိပ်မှာဆိုရင် အိတ်တွေ ပြန်ဖွင့်၊ ထပ်ထည့် လုပ်နေရဦးမယ်၊ ပြီးတော့ ကျနော့် စာရွက်၊ စာတမ်း ကိစ္စကလဲ လေဆိပ်မှာ ထပ်လုပ်ရဦးမှာဆိုတော့ မအားမှာသေချာတယ် အန်တီ ဒီတော့ ဖြစ်နိုင်ရင် လေဆိပ်မဆင်းခင် ပေးစေချင်ပါတယ်"
"အေးကွယ် .... အန်တီတို့ကလဲ မအားလို့ပါ၊ ပြီးတော့ ထည့်ပေးမဲ့ ပစ္စည်းကလဲ နဲနဲလေးပါ၊ ဘာမှမရှိပါဘူး၊ အလွန်ဆုံး လေးရင် ၅၀သားလောက်ပဲ ရှိမှာပါကွယ် ..."
" ဟုတ်ကဲ့ ...အန်တီ ဒီလောက်ဆိုရင်တော့ ဖြစ်ပါတယ်၊ ကျနော် ထင်နေတာက များတယ်ထင်လို့ပါ၊ နဲနဲလေးဆိုတော့ ကျနော့် ဟန်းကယ်ရီထဲ ထည့်ယူသွားလဲ ဖြစ်ပါတယ်။ ဒါဆိုရင် အန်တီ ကျနော် လေဆိပ်ဆင်းမဲ့ ရက်က ...... ..... ..... .... အချိန် .... .... .... ပါ။ "

ကျနော် လေယာဉ်စီးရမဲ့ နေ့ရောက်တော့ ပစ္စည်းတွေ စုံ၊ မစုံ စစ်ဆေး၊ စာရွက်၊စာတမ်းက အစ၊ လူကြုံ ပစ္စည်း၊ ကိုယ်ယူမဲ့ ပစ္စည်း စသည်ဖြင့်ပေါ့ သေချာ စစ်ဆေးပြီးလို့ လေဆိပ်ဆင်းတော့ ဟိုတနေ့က ဖုန်းပြောခဲ့တဲ့ အန်တီနဲ့ သူ့အမျိုးသား အန်ကယ်ပါ လေဆိပ်မှာ လာစောင့်နေတာ တွေ့လိုက်ရပါတယ်။ တွေ့တော့ သာကြောင်း မာကြောင်း၊ မေးမြန်းပြီး သူတို့ သားလေးကို ဆိုဆုံးမဖို့၊ ဂရုစိုက်ပေးဖို့၊ သူငယ်ချင်းတွေ တိုင်တိုင်ပင်ပင် နေပြီး ရန်မဖြစ်၊ အရက်မသောက်ကြဖို့ စသည်ဖြင့် မှာတမ်းရှည်ကြီး မှာကြားပါတယ်။ ကိုယ့်မှာကလဲ ဘုတ်တင်းပါတ်စ် ဖြတ်ဖို့၊ ကျန်တဲ့ စာရွက်၊ စာတမ်းကိစ္စတွေ လုပ်ဖို့ ကျန်နေသေးတာနဲ့ စကားမြန်မြန်ဖြတ်ပြီး အန်တီတို့ ပေးမဲ့ ပစ္စည်းလေး ပေးပါ၊ ဆိုတော့မှ ထုတ်ပေးပါတယ်။ ထုတ်ပေးတော့ ပစ္စည်းက ဘယ်လိုပုံစံ မျိုးလဲဆိုတော့ ကျနော်တို့ မင်္ဂလာဆောင်တွေမှာ လက်ဖွဲ့ ပေးသလိုမျိုး၊ ဘူးနဲ့ ပါကင်ထုတ်တဲ့ စက္ကူနဲ့ သေချာထုတ်ထားပြီး အပေါ်မှာ ဖဲကြိုးလေးတောင် ချည်ထားပါသေးတယ်။ ဒီတော့ ကျနော်လဲ ကြောင်သွားပြီး ...... " အန်တီ ဒါဘယ်သူ့ဖို့လဲ" လို့မေးတော့ သူတို့ သားအတွက်ပါလို့ ပြန်ပြောပါတယ်။ နောက်ထပ်ပြီးတော့ ကျနော် လေယာဉ်ပေါ်မှာ စားဖို့ စီပလပ်စ် အချိုရည်ဗူး တကဒ်နဲ့ ပေါင်မုန့် တထုတ်ပါ အတင်းယူပါ လုပ်နေပါတယ်။ ဒါနဲ့ ကျနော်လဲ စကားရှည်နေမှာ စိုးတာက တကြောင်း၊ ကိုယ့်ကိစ္စတွေက ရှိနေတာက တကြောင်းမို့ ဘာမှမပြောတော့ဘဲ၊ ပေးတဲ့ အတိုင်းယူလာခဲ့ပါတယ်။ သူတို့လဲပြန်အသွား၊ ကျနော့်အတွက် ပေးခဲ့တဲ့ စီပလပ်နဲ့ အချိုရည်ဗူး တကဒ်ကို အိမ်ကိုပြန်ပေးလိုက်ပါတယ်၊ ပေးရတာကလဲ သယ်စရာတွေက အရမ်းများနေတာက တကြောင်း၊ လေယာဉ်ပေါ်မှာ ကိုယ်စားချင်းတာ၊ သောက်ချင်တာ အကုန်ရတယ်ဆိုတာ သိနေတော့ အလေးခံပြီး သယ်မနေတော့ပဲ အိမ်ကိုပဲ ပြန်ထည့်ပေးလိုက်တာပါ။ ဒါနဲ့ သူတို့ သားအတွက် ထည့်ပေးလိုက်တဲ့ ပါကင်ဘူးကို ကြည့်ပြီး ချိန်ဆကြည့်လိုက်တော့ ဘာမှ သိပ်မလေးဘူး ဖြစ်နေတယ်။ လှုပ်ကြည့်တော့လဲ အထဲမှာ ချောင်ချောင်ချိချိ လှုပ်နေတယ်။

ဒီတော့ စဉ်းစားရပြီ .... ဘူးကိုဖွင့်ပြီး ပစ္စည်းကို ကျစ်ကျစ်လစ်လစ် လုပ်မလား၊ ဒီအတိုင်း ယူသွားမလား။ ဒီအတိုင်း ယူသွားရင်တော့ ရပါရဲ့ ပစ္စည်းက သေးရဲ့သားနဲ့ ဘူးကကြီးနေတယ်။ ကျနော်တို့ နိုင်ငံခြား ထွက်တဲ့သူတွေ အတော်များများကလဲ ကိုယ်သယ်မဲ့ ပစ္စည်းတွေကို ကျစ်ကျစ်လစ်လစ် ဖြစ်နိုင်သမျှ ဖြစ်အောင် လုပ်ကြပါတယ်၊ ဒါမှလဲ ဝန်သေးပြီး ပစ္စည်း များများ ပါမှာမို့လို့ပါ။ ဒီတော့ မထူးဘူး ဆိုပြီး ဘူးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ ကြက်သား အစိမ်းတွေ ကျွတ်ကျွတ်အိတ်နဲ့ သေချာ ပါတ်ထားတာ တွေ့လိုက်ရတော့ တော်တော်လေး အံ့သြသွားပါတယ်။ အိမ်သားတွေကတောင် ရယ်နေကြပါတယ်။ အဲဒါတွေ စတွေ့တုန်းက ဘယ်လိုမှ စဉ်းစားလို့ မရဘူး၊ ဘယ်လို သဘောနဲ့ ဒီကြက်သားတွေ ထည့်ပေးလိုက်တယ် ဆိုတာ နားမလည်ပါဘူး။ ခဏနေမှ အမေက ချင့်ချင့်ချိန်ချိန် စဉ်းစားပြီး ......" ကြက်သားဆိုတာ သူဌေးစာ၊ ဒီမှာ တော်ရုံလူ မစားနိုင်ဘူး၊ ဒီတော့ သူတို့သားကို စားစေချင် လွန်းလို့ စေတနာနဲ့ ထည့်ပေးလိုက်တာ နေမှာ၊ အစိမ်းထည့်ပေးလိုက်တာကတော့ သူတို့သား ကြိုက်တာ လုပ်စားလို့ ရအောင် တမင် အစိမ်းထည့်ပေးတာ နေမှာပါ" လို့ ဖြေတွေးလေး တွေးလိုက်တော့မှ အမှတ်မထင် မိဘရဲ့ မေတ္တာလေးကို သွားမြင်မိတယ်။

သူတို့ကတော့ သူတို့သားလေး ကြက်သား မစားရမှာ စိုးရိမ်စိတ်၊ သူတို့သားလေး ကြိုက်သလို ချက်စားပါစေ ဆိုတဲ့ စေတနာနဲ့ အစိမ်းထည့်ပေးလိုက်တာပါ။  မြန်မာပြည်တွင်းကလွဲလို့ ဘယ်မှ မရောက်ဖူးတော့ အတွေ့ အကြုံ ဗဟုသုတ ကလဲမရှိတော့ အပြစ်ပြောဖို့ နေနေသာသာ ဒီကြက်သား အစိမ်းကို ကျနော်ယူသွားပြီး သူတို့သား လက်ထဲ ထည့်ပေးခဲ့ပါတယ်။ သင်္ဘောပေါ် ရောက်တော့ အသားတွေက ပုပ်ချင်နေပါပြီ။


ခိုင်လုံတဲ့ အကြောင်း အရာ၂
လွန်ခဲ့တဲ့ ၄ရက်ကပဲ ... တိတိကျကျ ဆိုရင် ၃၀.၃.၂၀၁၁ မှာ ရန်ကုန်ကနေ ဒီကိုလာပြီး သင်္ဘောတက်မဲ့ သင်္ဘောသား လူကြုံတွေ ရှိတယ်ဆိုတာ ကြိုသိထားတာတော့ အိမ်ကို ကျနော်လိုချင်တာ၊ ဒီမှာ ရှာမရနိုင်တဲ့ ပစ္စည်းတွေ လှမ်းမှာထားတာတွေ လူကြုံနဲ့ အတူ ရောက်လာပါတယ်။ ရောက်ရောက်ခြင်းပဲ သွားယူ လိုက်ပါတယ်။
လူကြုံပစ္စည်းသယ်လာပေးတဲ့ သင်္ဘောသားတွေရဲ့ သင်္ဘောဆီရောက်တော့ နေကောင်းလား၊ ကျန်းမာလား မေးမြန်းပြီး၊ ရွာအခြေအနေ စသည်ဖြင့် အလာပ၊ သလာပ ပြောဆိုကြပါတယ်။ ရွာမှာ ဆားဈေး တွေအရမ်းတက်နေတယ် ဆိုတဲ့ အကြောင်း တပိဿာကို ၁ထောင်တောင် ဖြစ်နေပြီ ဆိုတဲ့ အကြောင်း၊ ဘာကြောင့်လဲဆိုတော့ တရုတ်က ရသမျှ အကုန်သိမ်းကျုံး ဝယ်တာကြောင့်ရော၊ ဆားကွင်း တွေမှာ အချိန် အခါမဟုတ် မိုးကြောင့် ဆားကွင်းတွေ အကုန် ပျက်ကုန်လို့ ဖြစ်ကြောင်း စသည်ဖြင့်ပေါ့ ပြောဆို ကြပါတယ်။  ပြီးတော့ ကိုယ့်အတွက် အိမ်က ပေးတဲ့ ပစ္စည်းကို ယူငင်ပြီး သကာလ၊ ကိုယ့်ဘက်ကလဲ အလိုက်တသိနဲ့ လူကြုံသယ်လာပေးတဲ့ သင်္ဘောသား အုပ်စုကို ဘားတခုကို ခေါ်သွားပြီး ဘီယာတိုက်လိုက်ပါတယ်။ အခုမှ သင်္ဘောပေါ်ရောက်တာ သုံးစရာ မရှိဘူးဆိုတာ သိလို့ ခြေစောင့်၊ လက်စောင့်သဘောမျိုးရော ကိုယ့်အတွက် ပစ္စည်းသယ်လာပေးတာ ကျေးဇူးတင်တဲ့ အနေနဲ့ရော ပိုက်ဆံ၅၀ထုတ်ပေးတာ၊ မယူဘူး ဆိုလို့ စိတ်တောင် တော်တော်လေး ...... ပျော်သွားပါတယ် (အကုန်သက်သာလို့ ..ဟိ)
 ဆိုင်မှာ သောက်စား နေကြရင်းနဲ့ သင်္ဘောသားလေး တယောက်က ကျနော့်ကို လက်တို့ခေါ်ပြီး ပြောစရာရှိတယ် ဆိုလို့ သူနဲ့ စကားသွားပြောတော့
" အကို .... အကို့အမေထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို ကျနော် ဒီကို မလာခင်တရာက်မှာ ပစ္စည်းတွေ ကျစ်ကျစ် လစ်လစ်နဲ့ ဖြစ်သွားအောင် ဖွင့်လိုက်တယ် အကို၊ ဒါကလဲ အကိုသိပါတယ် ဝန်ပွနေရင် သယ်ရ ခက်သလို လေဆိပ်မှာ စကားပြောနေရမှာ စိုးလို့ပါ"
"ကျနော်နားလည်ပါတယ်ဗျာ .... ဒီလောက် ထိရှင်းပြနေစရာ မလိုပါဘူး၊ ခများနဲ့ ကျနော်က ပြောစရာ လူတွေမှ မဟုတ်တာပဲဗျာ"
"“ဟုတ် ..အကို .... ပြီးတော့ ကျနော် အိတ်ကိုဖွင့်တော့ အကို့ အမေထည့်ပေးလိုက်တဲ့ အထဲမှာ ဆားထုပ်ပါ ပါလာတယ်ဗျာ ... အဲဒါ ကျနော် အိမ်မှာပဲ ထားခဲ့လိုက်တယ်ဗျာ၊ အဲဒါ စိတ်မဆိုးပါနဲ့ အကို "
"ဟမ် ... ဆားထုပ် .... ဘာအတွက်လဲ ... " ကျနော် တော်တော်လေး စဉ်းစားလိုက်ရတယ်။ ဘာအတွက်ကြောင့်မှန်း မသိဘူး ဆိုတော့ ... အဲဒီမှာပဲ သင်္ဘောသားကောင်လေးက
" ဒီလို .အကိုရ ... အခုလောလောဆယ် မြန်မာပြည်မှာ ဆားက တော်တော်လေးကို ရှားနေတာ၊ အဲဒါ အကို့ အမေက အကို့အတွက် စိတ်ပူပြီး ထည့်ပေးလိုက်တာ နေမှာပါ" ဆိုတော့မှ ..ရုတ်တရက် ရယ်ချင်သွားတယ်၊ သင်္ဘောသား ကောင်လေးကလဲ ပြုံးစိစိနဲ့ဖြစ်လို့ .... ဒါပေမဲ့ မျက်နှာကတော့ အခြေအနေ အချိန် အခါကို နားလည်သဘောပေါက် ထားလို့ ဒီလို ဖြစ်သွားတာကို ခွင့်လွှတ်တဲ့ အပြုံးမျိုးပါ။

သူတို့နဲ့ လမ်းခွဲလာပြီး အပြန်လမ်းကျမှ သေချာစဉ်းစားတော့ ....

သြော် .... မိဘရဲ့မေတ္တာဆိုတာ ဒါပါလား ... သူ့မှာ ဒီလောက်ရှားပါးနေတဲ့ အရာကို မစားရက် မသောက်ရက်နဲ့ သူ့သားငယ်လေး အတွက် ကျခုတ်ကျရက် ထည့်ပေးလိုက်တာ။ သူ့သား ဘယ်လိုနေရာမှာ နေပြီး ဘာတွေ လုပ်နေလဲ သူလက်ရှိနေတဲ့ နိုင်ငံထက် အဆပေါင်း မြောက်များစွာ ပြည်စုံကြွယ်ဝနေတဲ့ နေရာ၊ လိုချင်တာ ဘာမဆို၊ လက်တကမ်းမှာပဲ ရှိတယ် ဆိုတာသိရဲ့သားနဲ့ အစိုးရိမ်ကြီးလွန်းတဲ့ မိဘရဲ့မေတ္တာ ....
ဘယ်သူ့ဆီကမှ မရနိုင်တဲ့ မိဘရဲ့ စေတနာ ....
ဘာနဲ့မှမတူတဲ့ သားသမီး အပေါ်ထားတဲ့ ဂရုဏာ .... ကြီးလွန်းလှပါဘိ .... ။
ဒီလို မေတ္တာတွေ၊ စေတနာတွေ ၊ ဂရုဏာတွေ အစား ...  အခုလို အဝေးရောက်နေတဲ့ အချိန်မှာ ကျနော့် မိဘကို ကျနော် ပြန်ပေးနိုင်တာက ငွေ တခုထဲ ....... ။ ခုလို တွေးမိတော့ ............................................. ။

အဲဒီညက မူးမူးနဲ့ အတွေးတွေထဲ တဝဲဝဲလည်ပြီး ငိုလိုက်တာ .... အနွေးထည်တောင် ရွှဲသွားတယ် ... ဟီး ...။ (တောက် .... သောက်လက်က အငိုဇာတ်ရေးတာပဲ ... အကျင့်ကပါနေတော့ ... ဖောက်ဖြစ်အောင် ဖောက်လိုက်သေးတယ်)


1 Response to မိဘမေတ္တာ

29 April 2011 at 12:04

အဝေးရောက်လေ မိဘမေတ္တာကို ပိုသိရလေပေါ့ ကိုအိမ်. ..

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း