Wednesday, November 03, 2010

အနာဂတ်ရဲ့ ကြယ်စင်လေးများ

3
ဗျာ ...... ဦးကကျနော့်အကြောင်း သိချင်လို့ ...!!!!!!!!!!!! ထူးထူးဆန်းဆန်းပါလား ဦးရဲ့ ... ။ သြော် ..... ဒီလိုပါ ကျနော်တို့ အကြောင်းတွေကို လူတွေက စိတ်ဝင်စားဖို့ မပြောနဲ့ သူတို့အနား ကပ်သွားရင်တောင် ရွံသလို၊ မတူသလို၊ မတန်သလို လုပ်ပြီး မောင်းထုတ်ကြတာဗျ ... အဲဒါကိုမှ ဦးက ကျနော်တို့ ဘဝတွေ အကြောင်း လာမေးလို့ အံ့သြသွားလို့ပါ။

ဟုတ်ကဲ့ ဦးသိချင်တယ်ဆိုရင်တော့ အပိုအလိုမရှိ ကျနော်ပြောပြပါ့မယ်။ ကျနော့်မိဘတွေက ဆုံးပြီဗျ၊ ဖေကြီးမဆုံးခင်ကတော့ စည်ပင်မှာ အမှိုက်လိုက်သိမ်းတဲ့ အလုပ်လုပ်တယ်လေ.. ၊ မေကြီးလဲ ဒီအလုပ်ပဲ ဆိုပါတော့ ... သူတို့ ၂ဦးလုံး ရှေ့ဆင့်၊ နောက်ဆင့် ဆုံးသွားတာ.. ဘာရောဂါလဲ ဆိုတာတော့ ကျနော်လဲ မသိဘူးဗျ မသိတာကလဲ ကျနော်တို့မှာ ဆရာဝန်ဆီသွားပြီး ဆေးကုဖို့ ပိုက်ဆံမှ မရှိတာဗျာ ဒီတော့ အလွယ်ဆုံး၊ အသက်သာဆုံး ဖြစ်တဲ့ ကွမ်းရွက်ပြုတ်အရည်လေး ဘာလေးနဲ့ပဲ ကျေနပ်ရတာပေါ့ဗျာ။ သားသမီးကတော့ ၃ယောက်ပေါ့ အဲဒီအထဲမှာ ကျနော်က ဒုတိယ၊ ကျနော့်အသက်၉နှစ်၊ မကြီးက အခု၁၁နှစ်၊ အငယ်ဆုံးလေးက အခုမှ၃နှစ် ......။ နေတာကတော့ အခု အဖွားနဲ့ အတူတူနေတယ်လေ။ အဖွားက အသက်ကြီးပြီဆိုတော့ အိမ်မှာပဲ အငယ်ဆုံးလေးနဲ့ အတူနေတယ်။ ကျနော်တို့ကတော့ မိုးလင်းတာနဲ့ အိမ်ကထွက်၊ တလမ်းဝင်တလမ်းထွက်သွားလာ၊ တခါတလေလဲ ဈေးလိုနေရာမှာပဲ စတည်းချပေါ့ဗျာ။ တခါတလေ အဖွားနေမကောင်းတဲ့ အခါ အငယ်ဆုံးလေးပါ ကျနော်တို့ ခေါ်လာရတာပေါ့ဗျာ။ ထိန်းပေးမဲ့သူမှ မရှိတာပဲ ... ကလေးခေါ်တာတော့ အလုပ်မရှုပ်ဘူးလားဆိုတော့ မရှုပ်ဘဲ ဘယ်နေပါ့မလဲ ဦးရ ဒါပေမဲ့ ဘာတတ်နိုင်မှာတုန်း။

ကျနော်တို့လား ... ကျောင်းတက်ဖူးဖို့ မပြောနဲ့ ကျောင်းစိမ်း အဝတ်အစားတောင် မရှိဖူးပါဘူး။ ဘယ်လိုပြောလိုက်တာလဲ ဦးရယ် .... သူများတွေ ကျောင်းတက်တာမြင်တော့ ကျနော်တို့လဲ တက်ချင်တာပေါ့။ ဖေကြီးနဲ့ မေကြီးရှိတုန်းက ကျနော်ပြောဖူးသေးတယ်ဗျ။ အရိုက်ခံရတာပဲ အဖတ်တင်ပါတယ် ဦးရယ် ....။

ကျနော်လား ... အရင်ကတော့ မေကြီးနဲ့ အတူလိုက်ပြီး အမှိုက်ပုံမှာ ပလစ်စတစ်၊ စက္ကူ လိုက်ကောက်တယ်လေ၊ ရသမျှအကုန် ခြင်းကြားကြီးထဲထည့် ... ညနေစောင်းဆို ခြင်း ၄၊ ၅ခြင်းလောက် ရတယ်လေ အဲဒီတွေကို ဖေကြီးနဲ့ မေကြီးသယ်ပြီး အချိန်နဲ့သွားရောင်း အဲဒီကရတဲ့ ပိုက်ဆံနဲ့ ညစာစားပေါ့။ ဟုတ် .... စည်ပင်မှာ ဖေကြီးလုပ်တာမှန်တယ်လေ ရတာနဲလို့လားတော့ မသိဘူးဗျ ကျနော်သိသလောက်တော့ ဖေကြီးနဲ့မေကြီး ဆုံးသာဆုံးသွားတယ်၊ ကျနော်တို့ မိသားစု ထမင်းနပ်မမှန်ခဲ့တာတော့ အမှန်ပဲ။

အခုအလုပ်လား ..... ဦးရယ် .... ဘယ်သူက ဒီလိုအလုပ်လုပ်ချင်မှာလဲ ... အရင်ပလတ်စတစ်တို့ စက္ကူတို့ လိုက်ကောက်ချင်တာပေါ့ဗျာ ... ဒါပေမဲ့ ဦးရယ် ကျနော်တို့မှာက လူကြီးမရှိဘူးလေ ဒီတော့ အမှိုက်ကောက်သူ အခြင်းခြင်း အနိုင်ကျင့်တာရှိသလို၊ ရောင်းတဲ့ အခါမှာလဲ ဈေးအနှိမ်ခံရတယ်လေ၊ ကလေးဆိုပြီး ညုပ်ချတာပေါ့ဗျာ .. အဲဒါကြောင့် အခု ဒီအလုပ်ကို လုပ်ဖြစ်တာပေါ့။

ဒီဝါးဆစ် ၂လုံးလား .... ဘယ်ကရ ရမှာလဲဦးရ ... ဝယ်ရတာပေါ့။ ဈေးကမသေးဘူးဦးရ ...။ သီချင်းတွေလား .... ဒါကတော့ လက်ဖက်ရည်ဆိုင်၊ ထီဆိုင် ၊ တချို့အိမ်တွေက ဖွင့်ရင် နားထောင်ပြီး အလွတ်ရအောင် မှတ်ရတာပေါ့။ လွယ်တော့ မလွယ်ဘူးဦးရ ဘာလို့လဲဆိုတော့ လူတွေက ဆိုင်နား၊ အိမ်နားမှာ မယောင်မလည်လုပ်ပြီး သီချင်းနားထောင်ရင် သူတို့ပစ္စည်းခိုးမလို့ အလစ်ချောင်းနေတာ ထင်ပြီး မောင်းထုတ်တာလဲ ရှိရဲ့၊ ခွေးနဲ့ရူးတိုက်တာလဲ ရှိတာပေါ့ ....... အဲဒီတော့လား ... ဟားဟားဟား .. ဦးရယ် .. ပြေးရတာပေါ့ သူတို့ကို ကျနော်တို့ သီချင်းလာနားထောင်တာပါပြောလို့ရော သူတို့ကယုံမယ်ထင်နေလို့လား။
ကျနော်လား ... အဲဒီလိုမောင်းထုတ်ခံရတဲ့အခါ၊ ခွေးနဲ့ရူးတိုက်ခံရတဲ့ အခါတွေမှာ သူတို့ကို စိတ်မဆိုးပါဘူး ဦးရယ် ... ကျနော်တို့ပုံစံကလဲ ထင်လဲထင်ချင်စရာပဲလေဗျာ။

ဝါးဆစ်အတီးလား ... ကျင့်ရတာပေါ့ဦးရ။ စအတီးကျင့်တုန်းကဆို သီချင်းတပုဒ် တပုဒ်ကို ၃ရက်လောက် ကြာတယ်ဗျ။ ကိုယ်ကတီးနေကျမဟုတ်တော့ ဘယ်သိပါ့မလဲ သူများတီးတာ လိုက်ကြည့်၊ ကိုယ့်ဟာကိုယ်လဲ စမ်းပေါ့ဗျာ။ နောက်ပိုင်းတော့လဲ အဆင်ပြေသွားတာပါပဲ။ အခုလား သီချင်းတပုဒ်နားထောင်လိုက်တာနဲ့ ဘယ်လိုတီးရမယ်ဆိုတာ သိနေပြီ ဆိုပါတော့။

ပိုက်ဆံလား .... ရတဲ့အခါလဲရတယ်၊ မရတဲ့ အခါလဲ မရဘူး။ ဦးတို့လို သနားတတ်တဲ့ လူမျိုးနဲ့ တွေ့ရင်တာ့ ဝမ်းစိုစိုလေး စားရတယ်ပေါ့ဗျာ။ ထမင်းစားတာလား .... သြော် .. ဦးကလဲ ... ကျနော်တို့က ဘယ်လိုလုပ်ပြီး ဆိုင်မှာသွားစားနိုင်မှာတုန်းဗျ ... ဦးကမေးမှမေးတတ်တယ်။ ဒီလိုဗျ ...... ဆိုင်က ထမင်းကျန်၊ ဟင်းကျန်တွေကို ရောင်းတဲ့သူရှိတယ်ဗျ။ ထမင်းကျန်၊ ဟင်းကျန်ဆိုတာ ဆိုင်မှာ လာစားတဲ့သူတွေ မကုန်လို့ ကျန်တဲ့ဟာနော် ..... ဆိုင်မှာ ရောင်းမကုန်လို့ ကျန်တဲ့ ထမင်း၊ ဟင်း မဟုတ်ဘူး။ နေ့လည်၁၂နာရီလောက်ဆို သူတို့လာကြတယ်လေ .... အဲဒီမှာ ကျနော်တို့ အခေါ် ဟင်းပေါင်းပေါ့ဗျာ အဲဒါနဲ့ ထမင်းကို ... ၅၀၀ဖိုးဆို ကျနော်တို့ မောင်နှမအေးဆေး စားလောက်ပါတယ်။ သြော် ... ဦးကလဲ ဘယ်လိုလုပ် ပန်းကန်နဲ့ ဖြစ်ရမှာလဲဗျ .. ကျွတ်ကျွတ်အိတ်နဲ့ပေါ့။ ညနေစာလဲ အဲဒီနေရာပဲ သွားရတာပဲ။ ညနေစာကျတော့ အဖွားနဲ့ အငယ်ဆုံးလေးအတွက်ပါ ပိုဝယ်ရတာပေါ့ဗျာ။ ဒီလိုဗျ ရောင်းတဲ့သူကလဲ လာဝယ်သူတိုင်း မရောင်းဘူးဗျ .... ဖောက်သည်ပဲရောင်းတာလေဗျာ .... ဒီတော့ ကျနော်တို့ နောက်ကျလဲ မပူရဘူး၊ ဒါပေမဲ့ အဲဒီရောင်းတဲ့သူ ရောက်တဲ့အချိန်ဆိုရင် ကျနော်တို့ ဘယ်ပဲ ရောက်နေ ရောက်နေ သူ့ဆီအမှီ သွားရတာပေါ့ဗျာ။ သိပ်နောက်ကျလို့လဲ မဖြစ်ဘူးလေ ... တော်ကြာ ဖောက်သည် ပျက်သွားမှာပေါ့ဦးရ။

 ဦးကလုပ်ပြန်ပြီ ... မင်းဒီလိုပဲနေတော့မှာလားတဲ့ ... ကျနော်တို့က ဘာတတ်လို့ ဘာလုပ်ရမှာလဲ ဦးရ ပြီးတော့ အိမ်မှာက ဖွားကြီးနဲ့ ညီမလေးက ရှိသေးတယ်လေဗျာ .... သူတို့ကိုဘယ်သူ ရှာကျွေးမှာလဲဗျ။ ဒါပေမဲ့ ကျနော်ကြီးလာရင် ကားပြင်ဆိုင်မှာ ဖြစ်ဖြစ်၊ ဘတ္ထရီပြင်တဲ့ ဆိုင်မှာဖြစ်ဖြစ် တွင်ခုံမှာပဲဖြစ်ဖြစ် တခုခုပေါ့ဗျာ သွားလုပ်မယ် စိတ်ကူးတာပဲ ဦးရ၊ ဒါပေမဲ့ ဒါကလဲ စိတ်ကူးသက်သက်ပါ ဦးရာ ကိုယ်က အလုပ်လေးလုပ်ချင်တာတောင် ပေးမဲ့သူမှ မရှိတာဆိုတော့ .......။

ဒီနေ့ အတွက်လား ... ဟဲဟဲ .. ဦးပေးတဲ့ ၁၀၀၀နဲ့ဆို အားလုံး၂၀၀၀နီးနီးပေါ့ဗျာ။ ဒီပိုက်ဆံတွေ ဘာလုပ်မလဲ .... ဟုတ်လား ... ဒီလိုလေ ဦးရဲ့ ဒီနေ့ ဒီလောက် ရပေမဲ့၊ နောက်နေ့တွေမှာ ဒီလောက် ရချင်မှ ရမှာလေဗျာ ... ဒီတော့ နောက်နေ့တွေ စားဖို့ အဖွားကို လက်ထဲထည့်ရတာပေါ့ဗျာ ...။
ဟုတ်ကဲ့ ... ဦးကိုလဲကျနော်တို့က ကျေးဇူးတင်ပါတယ်။ အခုလို ထမင်းကျွေးတာရော မုန့်ဖိုး၁၀၀၀ ပေးတဲ့အတွက် ဦးတယောက် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုအင်ဆန္ဒတွေ တလုံးတဝ ပြည့်စုံပါစေလို့ ကျနော်တို့ မောင်နှမ ၂ယောက်က ဆုတောင်းပေးပါတယ်ဗျာ...။
ကျနော်တို့ အတွက် ဆုတောင်းလား .......... ဟဲဟဲ ... နောက်နေ့ နောက်နေ့တွေမှာလဲ ဦးလိုလူမျိုးတွေပဲ တွေ့ပါရစေပေါ့ဗျာ ..... အကြီးဆုံးဆုတောင်းကတော့ ... နောင်ဘဝရှိရင် ဒီလိုဘဝမျိုး ထပ်ရောက်ရင်တောင်မှ ကျောင်းလေးတော့ တက်လိုက်ချင်သေးတယ် ဦးရယ် .... ။

အောက်ပါဗီဒီယိုလေးကို ကြည့်မိပြီး အင်တာဗျူးပုံစံ သူတို့လေးတွေ ဘဝကို ခံစားရေးဖွဲ့ထား ခြင်းပါ။








3 Response to အနာဂတ်ရဲ့ ကြယ်စင်လေးများ

3 November 2010 at 08:29

ပျောက်နေတာကြာပေါ့။ ဖတ်ရတာ သနားဖို့ကောင်းတယ်။ စိတ်မချမ်းသာဘူးရယ်

3 November 2010 at 17:25

ဟင်းးးးးးးးး လို့ပဲ သက်ပြင်းချလိုက်ပါတယ် ..........

20 November 2010 at 21:24

ဘ၀တွေကလဲ.. ဟင်းးးးးးးး

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း