Thursday, December 10, 2009

ဂွင်(ခွင်)

20
ဘယ်ကနေ၊ ဘယ်လိုစပြော ရမှန်းတောင် မသိတော့ဘူး။ ကိုယ့်ဘလော့တောင် ကိုယ်မလာနိုင်တဲ့ ၁လကျော်မှာ အတော်လေးတိုင်ပါတ် သွားတာကနေ စပြောမှပဲ လိမ့်ပါတ်လည်မယ်ထင်တယ်။
ဒီလိုပါ လွန်ခဲ့တဲ့ တလလောက်က ကျနော့်ရဲ့ စက်အကြီးက ဗီဒီယိုကဒ်(vag) ဂန့်သွားပါတယ်။ အဲဒါဖြစ်တာ မသိဘူး၊ ဗိုင်းရပ်ပဲ ထင်ပြီး စကန်ပဲ လှိမ့်ဖတ်တာပေါ့။ အဲလိုနဲ့ အပြစ်လိုက်ရှာတာ တပါတ်လောက်ကို ကြာသွားတယ်။ ကိုယ့်ရှိတဲ့ စက်အသေးနဲ့ ဘလော့တွေ လိုက်လည်၊ စာလေးဘာလေး ရေးရင်တော့ ရပါရဲ့ ဒါပေမဲ့ စက်ကြီးက ဝက်ဆိုဒ်တွေ လျှောက်လည်တာ၊ ရုပ်ရှင်တွေ ဒေါင်းတာ၊ ဂိမ်းဆော့တာ စသည်ဖြင့်ပေါ့ သွက်သွက်လက်လက် အလုပ် လုပ်တယ်လေ။ ဒီတော့ စက်ကြီးကိုပဲ ပိုကြိုက်တယ်။ ကျနော့်အကျင့်ကလဲ မရ၊ ရအောင်လုပ်တတ်တဲ့ အကျင့်ကလဲ ရှိတယ်။ ဒီဟာက အကြောင်းတချက် ပဲဆိုပါတော့။



နောက်တချုက်က စက်ကြီးကို ပြင်ပြီးတော့ အင်တာနက်နှေးတယ်ထင်ပြီး ADSL ကိုသွားကလိလိုက်တာ လုံးဝအင်တာနက်ပျောက်သွားတယ်။ ဘယ်လောက်ထိ ကလိလိုက်လဲဆိုတော့ သူ့ရဲ့ ယူဆာနိမ်းနဲ့ ပါတ်ဝေါ့ပါ ပျောက်သွားတဲ့ အထိကို ဖြစ်သွားတာ။ အဲဒါနဲ့ ၃ပါတ်ကျော်လောက်က အင်တာနက်မရဘူး။ ကိုယ့်ဟာကိုယ် စမ်းသပ် ကလိလို့ ရက်က အဲလောက်ကြာသွားတာပါ။ နောက်ဆုံး မရတော့ အင်တာနက်ကိုကိုင်ထားတဲ့ ရုံးချုပ်ကို ဖုန်းဆက်တော့မှပဲ အဆင်ပြေသွားပါတယ်။

အဲဒီမှာ ကိုမင်းမင်း၊ကိုမောင်မျိုး၊ ကိုသန်းထိုက်နဲ့ ကိုသိန်းနိုင် တို့ကလဲ သူတို့ သင်္ဘောက dry dock(သဘောင်္ကို ရေပေါ်ကနေ ကုန်းပေါ်တင်တာလို့ပဲ ပြောရမလား မသိဘူး) မှာဆိုတော့ သူတို့လဲ အားတယ်ပေါ့ဗျာ။ အဲဒါနဲ့ သူတို့ဆီ သွားလည်ရင်း ကိုမင်းမင်းက သူ့လက်တော့လေး ပျက်နေလို့ ခဏငှားပါ ဆိုတာနဲ့ ကျနော်လဲ သိပ်မသုံးဖြစ်တဲ့ ကျနော့် လက်တော့လေး ခဏငှားလိုက်ပါတယ်။

ဒီလိုနဲ့ တရက်မှာ ဘောစိက တူရကီကိုသွားမယ် မင်းလိုက်ခဲ့ ဆိုလို့ သူ့ကိုကားနဲ့ လိုက်ပို့ရပါတယ်။ သူ့ဟာသူ လေယာဉ်နဲ့သွားရင် ရရဲ့သားနဲ့ မသွားပဲ ကားနဲ့သွားပါတယ်။

ဒီကြားထဲမှာ ဖြစ်သွားတာကတော့ သိတဲ့အတိုင်းပဲ ဆိုပါတော့။ အမှန်တော့ ဒီပြဿနာက ကျောင်းတော်က ရန်စနဲ့ဗောင်းတော် လှံခတဲ့ အဖြစ်မျိုးပါပဲ။ အဲဒါကို အကြောင်းတော်အမှန် ပြရရင်တော့.. .. ဒီပို့စ်တင်တဲ့ကိစ္စမှာ ကျနော့်အထင်တော့ ကိုမောင်မျိုးနဲ့ ကိုသိန်းနိုင်ပဲ ဖြစ်ဖို့များမှာ သေချာသလောက်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ကိုမောင်မျိုး ဆိုတဲ့လူကို ကျနော်ရိုက်ဖူးပါတယ်။ ဖြစ်ပုံကတော့ တော်တော်တော့ ကြာပါပြီ တရက်မှာ ကျနော်တို့ အရက်သောက်ကြရင်း ကိုမင်းမင်းနဲ့ ကိုမောင်မျိုး စကားထများကြပါတယ်။ ရန်ဖြစ်ကြတာ မီးဖိုချောင်ထဲမှာပါ အဲဒါကို ကျနော်က ကြားကနေ အခြင်းခြင်းတွေမို့ မဖြစ်ကြဖို့ ဝင်တားရင်း ကျနော့်ကို မင်းနဲ့ဘာဆိုင်လဲဆိုပြီး ကိုမောင်မျိုးက စထိုးပါတယ်။ ကျနော်လဲ အရှောင် သူလဲအထိုးဆိုတော့ သိပ်တော့ မနာလိုက်ဘူးပေါ့ ဒါပေမဲ့ စိတ်ထဲ ထောင်းကနဲဒေါသဖြစ်ပြီး နီးရာ ကောက်ဆွဲလိုက်တာ လက်ထဲ ဒယ်အိုးအဖုံးပဲ ပါလာတာနဲ့ အိုးအဖုံးနဲ့ ခွမ်းခွမ်းဆိုပြီး နှစ်ခွမ်းပဲ ခွမ်းလိုက်တာ နဖူးဟက်တက်ကွဲပြီး သွေးတွေဆိုတာ ရဲခနဲဖြစ်သွားပါတယ်။ အဲဒီတော့မှ သူလဲလန့်ဖြန့်သွားပါတယ်။ သူ့စိတ်ထဲ ထင်နေတာက ကျနော်က အားလုံးထဲမှာ အငယ်ဆုံးလဲ ဖြစ်ပြန်၊ နေတာထိုင်တာကလဲ ကလေးလိုလို၊ ခွေးလိုလို နေတာဆိုတော့ သူ့စိတ်ထဲ ကျနော့်ကို အချဉ်လေးထင်ပြီး ထိုးတာနေမှာပါ။ တကယ်ပြန်ဆော်ထည့်လိုက်တော့ သူတော်တော်လေး လန့်သွားပါတယ်။ အဲဒီတုန်းက သူရော ကျနော်ပါ တော်တော်လေး ကံကောင်းကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တကယ်လို့များ ကျနော့်လက်ထဲအသားခုတ်တဲ့ ဓါး၊ ဒါမှမဟုတ် ကြက်သွန်လှီးတဲ့ ဓါးသာ ကျနော့်လက်ထဲပါလာရင်တော့ သူလဲသေရင်သေ၊ မသေရင်တော့ ဆေးရုံလောက်တော့ သေချာတယ်။ ကျနော်လဲ ထောင်နန်းစံရမှာ သေချာတယ်။ ဒီလူ မသိတာက ကျနော် ရန်ကုန်မှာတုန်းက ဘယ်လောက်ဆိုးတယ် ဆိုတာ မသိလို့ပါ။ အသက်က ၁၀နှစ်သားပဲ ရှိသေးတယ် ရပ်ကွက်ကောင်စီရုံးမှာ ခံဝန်လက်မှတ် ထိုးရတဲ့ အဆင့်၊ ၁၅နှစ်သားမှာ ရဲစခန်းမှာ အဖမ်းခံရတာ ၂၄နာရီ ကြာခဲ့တယ်ဆိုတာ၊ ကျောင်းမှာတုန်းက ကျောင်းအုပ်ကြီး ရုံးခန်း ခဏခဏ ရောက်ခဲ့တယ်ဆိုတာ မသိလို့ သိရင် ဒီလိုတောင် ဖြစ်မှာ မဟုတ်ဘူး။ (ဒီအကြောင်း နောက်အေးဆေးကြုံမှရေးဦးမယ်)။ နောက်ပိုင်းတော့ ကျနော်ပဲ ပြန်တောင်းပန်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီမှာက မြန်မာဆိုလို့ လက်ဆယ်ချောင်းတောင် ပြည့်တာမဟုတ်ပါဘူး ပေါင်းသင်းစရာဆိုလို့ ဒီလူတွေပဲ ရှိတာပါ။ ပြီးတော့ ကျနော့် အမယောကျာင်္းရဲ့ ညီဖြစ်နေလို့ပါပဲ။

နောက်တယောက်က ကိုသိန်းနိုင်ပါ။ သူနဲ့ဖြစ်တာကျတော့ ဒီလို......။ တရက်မှာ သူ အွန်လိုင်းပေါ်မှာ သူ့မိန်းမနဲ့ စကားပြောဖို့ စောင့်နေပါတယ်။ စောင့်နေတုန်းမှာ ဒီမှာ ရှိတဲ့ သင်္ဘောကုပဏ္ဏီက ရုရှားမ သူ့ဆီဖုန်းဆက်ပါတယ်၊ အဲဒီဆက်နေချိန်မှာပဲ သူ့မိန်းမက အွန်လိုင်းပေါ်ရောက်လာပါတယ်။ ဒီတော့ သူက ကျနော့်ကို မင်းပဲ ခဏ ထိန်းပြီးပြောထားလိုက်ပါဆိုပြီး သူက ရုရှားမနဲ့ဆက် စကားပြောတော့ ကျနော်လဲ ပိုပိုသာသာလေး ချွန်တွန်းလုပ်ပေးလိုက်တာပေါ့။ အဲ... သူလဲ ဖုန်းပြောလို့လဲ ပြီးရော ကျနော်လဲ လစ်တော့တာပေါ့။ နောက်ပိုင်း ကြားရတာကတော့ အွန်လိုင်းပေါ်မှာ လင်မယား နှစ်ယောက် အကြီးအကျယ် စကားများကြတယ်တဲ့၊ ကွဲမယ် ကွာမယ်အထိတောင် ဖြစ်ကုန်တယ်ဆိုပဲ။ ဟီး...။ အဲဒီနောက်ပိုင်းတော့ ကျနော်လဲ သူနဲ့ မတွေ့အောင် ကြည့်ရှောင်နေရတာပေါ့နော်..။

ကျနော့်စိတ်ထင်ပေါ့လေ ... ဒီဘလော့မှာ ဝင်ရေးသွားတာ သူတို့၂ယောက်ပဲ ဖြစ်ဖို့များပါတယ်။ ကျန်တဲ့ ၂ယောက်ကတော့ တကယ့်ကိုအေးဆေး သမားတွေပါ။ ကျနော်နဲ့လဲ ဘာပြဿာနာမှ မရှိပါဘူး။ သူတို့ဆီ ဖုန်းလှမ်းဆက်ပြီး မေးတော့လဲ သူတို့တောင် မသိလိုက်ဘူးတဲ့ ပြီးတော့ ကိုမင်းမင်းက ကိုသိန်းနိုင် ကျနော့်လက်တော့လေးကို သူ့ဆီက ၂ရက် ယူသွားတယ်ဆိုတော့ သေချာနေပြီ ဟိုလူ၂ယောက်ဆိုတာ။ သူတို့လဲ ဂွင်ကြုံလို့ ထည့်သွားတာ ဆိုတော့ ထားလိုက်ပါတော့။ ကိုယ်ကလဲ အရင်က သူတို့ကို ဆော်ထားဖူးတော့ သွားပြောလို့လဲ မရဘူးလေ။

ဘာဖြစ်ဖြစ်ပါ အခုလိုမျိုး ပို့စ်တင်တော့ ကျနော့်အပေါ်မှာ တကယ့်စိတ်ရင်းနဲ့ စိတ်ပူကြတဲ့ ဘလော့ဂါ ညီအကိုမောင်နှများရဲ့ စိတ်ရင်းကို မထင်မှတ်ပဲ တွေ့လိုက်ရတော့ အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တယောက်နဲ့ တယောက် မမြင်ဘူး မတွေ့ဘူး ကြပေမဲ့ သံယောဇဉ်ဆိုတဲ့ ကြိုးဟာ ဘယ်လောက်ခိုင်မြဲတယ်ဆိုတာ တွေ့လိုက်ရလို့ပါပဲ။ တကယ်ပါ... အရမ်းကို ဝမ်းသာပီတိ ဖြစ်မိတာပါ။ မထင်မှတ်တဲ့သူတွေဆီက မထင်မှတ်တဲ့ သံယောဇဉ်လေးတွေ ကိုမြင်တွေ့လိုက်ရလို့ပါပဲ။ သူတို့မှတ်တမ်းတင်ရမယ်ဆိုရင်တော့ ...... မမေဇင်၊ ကိုဖိုးသင်္ကြန်၊ မကျောပိုးအိတ်၊ ကိုဖက်တီးလေး၊ ကိုတိုး၊ ကိုတောင်ပေါ်သား၊ poemflower၊ မကဗျာမလေး၊ ကိုအရုပ်ကလေး၊ မခင်ဦးမေ၊ sdl၊ ကိုမြစ်ကျိုးအင်း၊ မကိကီ၊ မဇော်၊ momiji ၊နေ့အိမ်မက်၊ dream၊ မဝက်ဝံလေး၊ ကိုရဲရင်နီ၊ မဝိုင်း၊ aqdelphi၊ ကိုလူထွေး၊ ကိုဗီလိမ်နဲ့၊ အဖြူရောင် ညီမလေး တို့ပါပဲ။
နောက်ဆုံး အနေနဲ့ပြောရရင်တော့ ကျနော် ဘာမှမဖြစ်ပါဘူး။ မသေသေးပါဘူး၊ မိန်းမ မရသေးသရွေ့ ရိုက်သတ်တောင် မသေသေးပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အတွက် အန္တာရာယ်ဖြစ်မဲ့ဟာဆို ဝေးဝေးရှောင်တတ်လို့ပါ။ ကုန်ကုန်ပြောရရင် ရေသောက်တာတောင် ကြိုချက်ပြီးမှ သောက်တာပါ။ မတော်လို့ ရောဂါပိုးဝင်ပြီး သေမှာစိုးလို့ပါ... ဟီး...။
အဆိုးထဲက အကောင်းလို့ ပြောရမလားတော့ မသိဘူး... ဟိ..ဟိ.... တားရှက်လို့ မပြောတော့ဘူး.. ဟိ..ဟိ... ။

20 Response to ဂွင်(ခွင်)

10 December 2009 at 02:10

ဂွင်တင်တင်လုပ်မနေနဲ့  ။။
နောက်တခါ တကယ်ဂွင်မှ ဂွကျနေမယ် ။
သြတိသာထားနေ .. ဟွင်းးး
တိန် ..တိန်...တိန်...

10 December 2009 at 02:31

မပူပါနဲ့... စိတ်ပူတဲ့သူတွေ တယောက်တချက် နှဖူးတောက်တာနဲ့တင် သေလောက်ပါတယ်...

သေချာသွားတာတခု နောက်နောင်ဆို အိမ် ပြောသမျှ ဘယ်သူမှ ယုံတော့မှာမဟုတ်တာကိုပါပဲ...

း)

10 December 2009 at 04:48

မသေရင်ပြီးတာပါဘဲ

10 December 2009 at 05:26

ဟွန့် လူဂျီး ပဲကိုများတယ် ဘာာာာာာာာာာာ မဝက်ဝံလေး ဟုတ်လား နာတော့မယ် သူမွေးရင် သူ့သမီးအရွယ် ရှိတာကို မ တပ်ခေါ်ရလားလို့ နာမယ် လူဂျီး ဟွန့် ပြောချင်ဘူး ပြီးရော ပြီးရော ဘာမှမဖြစ်ဘူးဆိုလဲ
လူဂျီးကလဲတော်တော်နောက်တာကိုးးးးး လင်မယားတောင် ကွဲမယ် ကွာမယ် ဖြစ်သလား အဲ တော်တော် ဆိုး ဒီလူဂျီးတော့ ရှောင်မှဖြစ်မယ် ဟက်

10 December 2009 at 07:52

ဟိုနေ့ကတောင် ကိုအိမ့်ရက်လည်ဆိုပြီး ဖဲရိုက်တာ ဗီလိန်နဲ့ကျွန်တော် တပတ်စာ ခိုင်သွားတယ်။
နောက်တခါလောက် Plz....

:P
10 December 2009 at 09:15

ကတောက်......

ထင်သားပဲ.. စပ်ဖြဲဖြဲနဲ့ ပြန်ပေါ်လာဦးမယ်လို့..
ဟင်း................

10 December 2009 at 09:34

အနော်လဲ စိတ်ပူမိတယ်။ သေသွားရင် ငှက်ပျောတုံး ထည့်ပေးနေရအုန်းမယ်ဆိုပြီး ဟီဟိ။

ပျော်ရွှင်စွာနဲ့ ဆက်ပြီး blogging နိုင်ပါစေဗျာ

10 December 2009 at 09:38

အော် ခင်ဗျားက မသေဘူးလား ရတယ် မသေလည်း အကြောင်းမဟုတ်ဘူး ဒီမှာ အနုမြူဗုံးထွင်နေပြီ (physics ကျောင်းသူနော်) ခင်ဗျားတည်နေရာသာပြော တစ်ခါတည်းကို လှမ်းချိန်လိုက်မယ် မသေရင်ပြော အမှုန့်ဖြစ်အောင် ချမယ် ဟွင်း

(အဖြူရောင်ညီမလေး)

10 December 2009 at 09:55

ဖြစ်ရမယ်လေ ဘာမှ မပြောချင်တော့ဘူး
ကြံဖန် လုပ်ရပြန်တယ် နန်းညီကိုပါ အဆစ်ထည့်မယ်


လေးစားလျက်
တောင်ပေါ်သား

10 December 2009 at 10:43

တော်သေးတာပေါ့ တကယ်မှတ်လို့ နောက် မှ နောက်တာလည်းဖြစ်နိုင်တယ်ဆိုပြီး Commnet & Cbox မှာ သူများတွေရဲ့ ထင်ကြေးတွေလာဖတ်တော့မှ မဖြစ်နိုင်တာ ပိုများတယ်လို့ထင်ပါတယ် ဒါပေမယ့် ဒီလိုကြီးတော့ မနောက်သင့်ပါ နောက်တစ်ခါဆို လွယ်ဘူး ဟွန်း

10 December 2009 at 11:49

ဝမ်းနည်းလိုက်တာ ဘာမှမစားရတော့ဘူးပေါ့ မုန့်ဟင်းခါးတို့ ကွာစိတို့

10 December 2009 at 13:42

:( တခြားသူတွေရေးမှ နောက်မှန်းသိတယ်။ အစက တယ်ဆိုးသကိုးဆိုပြီး သတိထားနေလို့ ပြောမလို့.

:))

10 December 2009 at 14:31

အော ... အိမ် ပျောက်သွားပါတယ်မှတ်တာ ...
ကိုယ်တိုင်လဲ ဘယ်မှ မရောက်နဲ့ ခုမှ ပို့စ်နှစ်ခု ပေါင်းပြီး ဖတ်ရတယ် ... တော်သေးတာပေါ့ ...
မဟုတ်ရင် အိမ် နောက်ခံရတဲ့ထဲ ပါအုံးမှာ...
ယုံဘူးဟေ့ ...
ခု ဖြေရှင်းမှ ဖတ်ရပေမဲ့ ...
ဒါကြံဖန်ပြီး နောက်ခဲ့တာပဲ ဖြစ်မယ် ...
ဒီလိုနောက်စရာလားးးးးးးးးးးးးးး?

10 December 2009 at 22:13

ဝမ်းသာမှတ်တမ်း လေး ကို ၀မ်းသာစွာ လာဖတ်သွားပါတယ် ကိုအိမ်...။ :))

မြစ်ကျိုးအင်း
11 December 2009 at 02:03

ခင်များက ဂွင်လုပ်နေ ဒီကလူတွေက နင် နေကြတာဗျ တော်တော်ဆိုးတဲ့သူ
သေခြင်းရဲ့ အခြားတဖက်က ဂွင်ကို စိတ် ၂ မျိုး နဲ့ ဖတ်သွားပါတယ်။
စိတ်လည်းတိုနေရသလို တကယ်မဟုတ်လို့ လည်း ကျေနပ်မိတာ အမှန်ပါပဲ

11 December 2009 at 08:22

ဟာဗျာ။ တကယ်နောက်တဲ့သူ။ သေမယ့်သေ တကယ်သေပါလား။ ပြန်ပေါ်လာရတယ်လို့

ကိုတိုးလေး
11 December 2009 at 13:07

ကိုအိမ်ရေ တကယ်ပဲဗျာ ရေးရက်တယ်နော်။ တကယ်ဆိုလည်းတကယ်ပေါ့နော်
မိန်းမ မရသေးသရွှေ့ရိုက်သတ်လို့တောင် မသေသေးဘူးဆိုရင်တော့ မိန်းမမြန်မြန်ပေးစားမှဖြစ်မယ်ထင်တယ်။ အဆင်ပြေပါစေဗျာ။

11 December 2009 at 21:07

တော်ပါသေးရဲ့ ကိုဂျီးရာ ..
တကယ်မဟုတ်လို့ ..
ကျနော်က တကယ်ထင်ပြီး စိတ်ထဲမှာ ဘယ်လိုကြီးမှန်းမသိဘူး .. အရမ်းနှမြောသလိုဖြစ်သွားတာ ..
ခုမှ တော်ပါသေးရဲ့ဆိုပြီး စိတ်ကဖြစ်သွားတယ် ..
တကယ်မဟုတ်ဘူးဆိုလို့ ကျေနပ်မိတယ် .. =)

12 December 2009 at 17:44

ကယ်ကြပါ အရပ်ကတို့.. ကြားချောင် မတရားစွပ်စွဲခံရပါတယ်.. သေတယ်ဆိုတဲ့အကြောင်း စပြောမိတာတော့ နန်းညီပဲ.. ဒါမယ့် အဲ့ပို့စ်ကတော့ ညီ ရေးတာဟုတ်ဝူးနော်.. အစ်ကို အစ်မတို့.. အဟင့်.. အဲ့ညနေက သူ့သူငယ်ချင်းဆိုတဲ့လူနဲ့ စကားပြောခဲ့ရတာ.. အဲ့လူက သေတယ်ပြောတာ.. သူပို့စ်တင်နေတယ်တဲ့.. စာသိပ်မရေးတတ်လို့ ဝင်ရေးပေးပါတဲ့.. မယုံတယုံနဲ့ပဲ ကိုအိမ့်ဘလော့ဝင်သေးတယ်.. ဒါမယ့် ကျော်ရခွရ အဆင်မပြေလို့ ဝင်မရဘူး.. အဲ့ဒါနဲ့ ဖဘမှာပဲအော်လိုက်တာ.. ဒါမယ့် သိပ်မယုံပါဘူး.. မသေချာဘူးလို့ပဲပြောတဲ့ဟာကို.. ခုကျမှ.. တကယ်လည်းမသေရော.. နန်းညီ ဖွတယ် ဖြစ်ရပြီ.. အီး.. အဟင့်.. ရွှတ်.. ဗြဲ ... ..

14 December 2009 at 09:42

ဦးအိမ်.....
ကဗျာမလေးက စကတည်းက ယုံပါဘူးနော် ..... ဘာလို့လဲဆိုတော့ ...ဦးအိမ်ကသေမယ်ဆို ကြိုပြောမှာပေါ့နော့(ငရဲမင်းကြီးက)..ဟီး :P
ဒါနဲ့ တားက ဘာကိုရှက်တာလဲဟင် .... မတိလို့မေးတာနော် ဦးဦး ;)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း