Saturday, December 05, 2009

သေခြင်းရဲ့ အခြားတဖက်

27
ရေးမယ်..ရေးမယ်နဲ့ ဘယ်ကစရေးရမှန်း မသိဘူးဖြစ်နေတယ်။ ဘယ်လိုမှယုံကြည်နိုင်စရာ အကြောင်းမရှိတဲ့ ကိစ္စတစ်ခုက ကျတော့ကို ယနေ့အထိ ဟုတ်မှဟုတ်ရဲ့လားလို့ တွေးထင်နေဆဲပါပဲ။ တကယ်လည်း မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ မယုံကြည်ချင်သော်လည်း ပြောင်းလဲလို့မရတဲ့ အမှန်တရားတစ်ခု။ သူနဲ့ မတွေ့တာကြာလို့ SMS ပို့ကြည့်တော့ တဖက်က ပြန်ဖုန်းဆက်လာတာနဲ့ ဖုန်းဖြေလိုက်တော့မှ တဖက်က ဒီဖုန်းနံပါတ်ပိုင်ရှင် မဟုတ်တဲ့သူ တစ်ယောက်က ပြန်ဖြေတော့ ဖုန်းများ ပြောင်းသွားသလားလို့ ထင်မိပါသေးတယ်။



တစ်ဘက်လူက အကျိုးအကြောင်း အစုံကို ပြောပြတော့ ကျတော့ရင်ကို လှုပ်ခါသွားတယ်။ လက်ထဲကဖုန်းတောင် လွတ်ကျမတတ်ပါပဲ။ မဖြစ်နိုင်ဘူးဆိုတာ တဖက်လူကို ပြန်ပြောချင်ပေမယ့် စွန့်အနေတဲ့ သူတယောက်လို ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ စိတ်ထဲမှာလဲ ဒါ.. မဖြစ်နိုင်ဘူး၊ ဟုတ်မှဟုတ်ရဲ့လား၊ နောက်နေတာများလို့ ထင်မှတ်နေဆဲပါပဲ။ သူကိုယ်တိုင်ကလဲ အဲလိုမျိုး အတည်ပေါက်နဲ့ နောက်တတ်ပါတယ်။ လူတိုင်းလူတိုင်း မဖြစ်မနေ ကြုံဖူးကြရပေမယ့် ကျတော့ဘဝမှာ တစ်ခါမှ မကြုံခဲ့ဖူးသေးတဲ့ ကိစ္စတစ်ခုပေါ့။ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပြီလေ။ ခင်မင်ရင်းနှီးပြီး သံယောဇဉ် ရှိသူတစ်ယောက် ရုတ်တရက်ကြီး ကျနော့အနားက ထွက်ခွာသွားတာ။ ပြန်တွေ့ဖို့ အခွင့်အရေးလည်း လုံးဝ (လုံးဝ) မရှိတော့တဲ့ မရဏဆိုတဲ့ ခရီးကြီးကို သူထွက်သွားခဲ့ပြီ။ သူကတော့ အိမ် ဆိုတဲ့ နာမည်နဲ့ ပျော်စရာ Blog လေးတစ်ခု တည်ဆောက်ခဲ့ သူပါ။ သူ့ရဲ့ Laptop မှာ Gmail Password ကို Remember me လုပ်ထားလို့ နောက်ဆုံးစာတစ်ပုဒ်အဖြစ် ရေးခွင့်ရခဲ့တဲ့အတွက်ကြောင့် ဝမ်းနည်းမှုတွေကိုလည်း အနည်းငယ် ဖြစ်ဖြစ် ဖြေသိမ့်ခွင့် ရခဲ့ပါပြီ။ ပျော်စရာတွေရေးတဲ့ သူ့ရဲ့ အိမ်ဆိုတဲ့ blog လေးမှာ ဝမ်းနည်းစရာစာလေး တစ်ပုဒ်နဲ့ အဆုံးသတ်ရတာလည်း စိတ်မကောင်းဖြစ်မိပါတယ်။

အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့တစ်ယောက်၊ အခုလို ရုတ်တရက် စွန့်ခွာသွားတာ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျနော့ညီလိုဆိုလဲ ဟုတ်ရဲ့၊ ကျနော့သူငယ်ချင်းလိုဆိုလဲ မမှားပါဘူး။ အမြဲတမ်း အရွဲ့တိုက်တတ်ပြီး၊ ပြောင်ချော်ချော်၊ နောက်တောက်တောက် နေတတ်တဲ့သူပါ။ သူ့ကိုကြည့်လိုက်ရင် လူကြီး၊လူကောင်းပုံမျိုး ပေါက်ပေမဲ့ စိတ်ကကလေးစိတ်လဲ မဟုတ်၊ လူကြီးလဲမဟုတ်၊ နားလည်ရခက်တဲ့သူပါ။

အခုဖြစ်တဲ့ ရောဂါကလဲ အချိန်မှီကုမယ်ဆို ပျောက်နိုင်ပါတယ်၊ သူတယောက်ထဲလဲ ဖြစ်ပြန်၊ သူကိုယ်တိုင်ကလဲ ဂရုမစိုက်လို့ အသက်တချောင်း မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားခဲ့တာပါ။ ခက်တာက သူကလဲ အရွဲ့တိုက်တတ်တဲ့သူပါ။ ကျနော်မှတ်မိသလောက် သူ ပင်လယ်စာ စားလို့မရပါဘူး စားရင် အလဂျီဖြစ်ပါတယ်၊ အဲဒါကို ဖြစ်ဦးဟဲ့ဆိုပြီး နေ့စဉ်ရက်ဆက်စားတာ နောက်ပိုင်း ဘာမှမဖြစ်တော့ဘူး ခင်ဗျ။ နောက်တခုကတော့ တခါတလေ ဖျားနာလို့ နေမကောင်းနေတာတောင် အသိမိတ်ဆွေတွေ သူ့အိမ်လာလို့ အရက်၊ ဘီယာ သောက်ရင် သူကပါနေမကောင်းတဲ့ ကြားက ဝင်သောက်တတ်ပါတယ်။ သောက်လို့ သူ့ကိုဝိုင်းပြောရင် ဘာမှမဖြစ်ဘူး ဆိုပြီး အရက်နဲ့သောက်နေရင်း ဆေးတောင် ကောက်သောက်တတ်တဲ့သူပါ။

အခုတော့ အဲဒီအရွဲ့တိုက်တတ်တဲ့ အကျင့်ကပဲ သူ့အသက်ကိုချွေယူသွားတာပဲ ထင်ပါရဲ့ဗျာ။ ငါ့ညီအိမ်ရေ.... သေခြင်းရဲ့ အခြားတဖက်မှာ မင်းရောက်ရှိသွားပေမဲ့ ငါတို့ကတော့ ခုထိမယုံနိုင်သေးပါဘူး။ ငါတို့လဲ တနေ့ ချီတက်ရမဲ့ ခရီးပါပဲ ဒါပေမဲ့ ငါ့ညီ အတွက်စောလွန်းသေးတယ် ကွာ...။




wanhmattan - lay phyu

နှုတ်ဆက်ခဲ့ပါတယ် ... ညီလေးအိမ်ရေ.........။
မင်းထူး(တတိယအင်ဂျင်နီယာ) သန်းထိုက်(က၊ခ) သိန်းနိုင်(စက္ကန်းမိတ်) မောင်မျိုး(စက္ကန်းကွတ်ခ်)

27 Response to သေခြင်းရဲ့ အခြားတဖက်

5 December 2009 at 08:26

ဘာလဲ...တကယ်ပဲလား...နောက်နေတာလား... ကိုအိမ် ရဲ့ သူငယ်ချင်းတွေ နောက်ပြီး ရေးတာလား..ဒါမှ မဟုတ် ကိုအိမ် ကိုယ်တိုင် နောက်နေတာလား...။ ဒါနောက်စရာ မဟုတ်ဘူးနော်..။း((

5 December 2009 at 09:11

ဘာတွေ ဘယ်လိုဖြစ်သွားတာလဲဗျ။ သေချာပြောကြပါဦး။
တကယ်လား၊ နောက်နေတာလား။

5 December 2009 at 09:15

ဘယ်လိုဖြစ်တာလဲ။ မနောက်ကောင်းဘူးနော်။ စာဖတ်နေရင်းနဲ့ ငိုချင်လာပြီ။

5 December 2009 at 10:03

မဖြစ်နိုင်ပါဘူး.. နောက်နေတာမို့လား.. :(

5 December 2009 at 10:17

ิဘယ်လိုဖြစ်တာလည်းကိုအိမ်ရေ။ ဒါကမနောက်ကောင်းဘူးနော်။ မဖြစ်နိုင်ဘူးနော် နောက်နေတာမဟုတ်လား

5 December 2009 at 10:19

ကိုအိမ်

ပေါက်တတ်ကရ နောက်နေပြန်ပြီ။ မနေ့တနေ့ကပဲ ဂျီတော့မှာ ပုန်းလို့ စကားတွေ ပြောနေသေးတယ် ကျနော်ကတော့ ဘာပဲ ပြောပြော မယုံဘူးဗျာ

လေးစားလျက်
တောင်ပေါ်သား

5 December 2009 at 12:01

နောက်နေတာလား တကယ်လား မြန်၂ ဖြေပေးပါ :(

5 December 2009 at 13:42

ဦးအိမ်
သူတို့တွေအားလုံး ပြောတဲ့အတိုင်းပဲနော် .... မနောက်ပါနဲ့ဗျ :(

5 December 2009 at 13:44

ဦးအိမ်
သူတို့တွေအားလုံး ပြောတဲ့အတိုင်းပဲနော် .... မနောက်ပါနဲ့ဗျ :(

5 December 2009 at 17:14

ကိုအိမ် ...... ကျွန်တော်ပြောဖူးပါတယ် ... နောက်တာတွေကြောင့် ပျော်စရာတွေ ဖြစ်ခဲ့ပေမယ့် .. တစ်ချိန်တုန်းက သူငယ်ချင်းတစ်ယောက် သေပြီးဆိုပြီး ၀ိုင်းနောက်ကျတာ ... တစ်ကယ်ချစ်ခင်သံယောဇဉ်ဖြစ်တဲ့ သူတွေက နောက်ပိုင်း နောက်တာ သိသွားတော့ သူ့တို့ ၀မ်းနည်းခဲ့ရတဲ့ စိတ်ကို တော်တော်နဲ့ အစားထိုး လို့မရခဲ့ဘူး ..။ အစ်ကိုအိမ် နောက်တာတွေက စာရေးသူတွေအတွက် ပျော်စရာတွေ ဖြစ်ခဲ့ .. အံ့သြမှုတွေဖြစ်ခဲ့ပေမယ့် အခုလိုတော့ မနောက်သင့်ဘူးနော် အစ်ကိုအိမ် ..။ တစ်ကယ်ပဲ သေခဲ့တယ်ဆိုရင် .. အခုပို့စ်တင်လိုက်တဲ့ အစ်ကိုများခင်ဗျာ ... ကျွန်တော့်ဆီ ကိုအိမ်ရဲ့ ဈာပနမှာ ရိုက်ခဲ့တဲ့ မှတ်တမ်းပုံများကို ပို့ပေးစေချင်ပါတယ် ... မရိုက်ပဲတော့ မနေပါဘူး .. သူ့ဝန်းကျင်က အပေါင်းအသင်းအချို့တော့ ဓါတ်ပုံအဖြစ် မှတ်တမ်းတင်ထားမယ် ထင်ပါတယ် ... idulize အကောင့်ကို မေးလ်ပို့ပေးစေချင်ပါတယ်။

ခင်မင်စွာ
idulize(အရုပ်ကလေး)

5 December 2009 at 18:13

မယုံချင်ဘူး မယုံပရစေနဲ့။

:P
5 December 2009 at 20:35

အိမ်ရေ...

မနောက်ကောင်းပါဘူးနော်..။
တို့ မယုံပါဘူး... နောက်နေကျအတိုင်း နောက်နေပြန်ပြီဆိုတာ သိပါတယ် ။ ဒီလိုနည်းနဲ့ နောက်တာတော့မကောင်းပါဘူး၊
ပျော်စရာလေးဖြစ်သွားတဲ့ အဖြစ်အပျက်မှ စလို့ နောက်လို့ကောင်းတာပါ။

5 December 2009 at 20:54

ကျနော်နဲ့ အိမ်နဲ့ အပြင်မှာ မဆုံဖူးပေမယ့် တော်တော် ခင်ကြပါတယ်။ အိမ်ရဲ့ သူငယ်ချင်းများခင်မျာ
ကျနော်တို့ အားလုံးရဲ့စိတ်ပူပန်မှုကို ပိုပြီးတိကျတဲ့ သက်သေ တခုခုရှိခဲ့ရင် ဖော်ပြပေးပါဗျာ။
အရုပ်ကလေးပြောသလို ဓါတ်ပုံပဲ ဖြစ်ဖြစ်ပေါ့
(မင်းကိုယ်တိုင် နောက်တာဆိုရင်တော့ မကျေနပ်ဘူး..အိမ်)
ရင်ထဲမှာ လှိုက်တက်လာတဲ့ ခံစားချက်ဖြစ်နေရတယ်။
သူ့ကိုခင်တဲ့ မောင်နှမတွေ အားလုံးလည်း ဖြစ်မှာပါပဲ။

5 December 2009 at 22:36

မပြောကောင်း ၊ မနောက်ကောင်းတာတွေ မနောက်ကြေး နော် ...ကိုအိမ် သို့ မဟုတ် ကိုအိမ့် သူငယ်ချင်းများ ...

မယုံချင်စရာတွေ မို့  မယုံ ချင်ဘူး ။
အပေါ်မှ သူများပြောသွားကြသလို
သက်သေပြပါ ။
ခုတော့ အမျှမဝေသေးဘူး ..

5 December 2009 at 23:38

ကိုအိမ်

ညအိပ်မရဘူးဗျာ ထပ်ရောက်လာတယ် လျှောက်မနောက်နဲ့ဗျာ ကျနော့်ဆီ မေးလ်လေးပို့ပါဦး


လေးစားလျက်
တောင်ပေါ်သား

6 December 2009 at 22:06

ကိုဂျီးး
ဒါမဖြစ်သင့်တဲ့ကိစ္စပဲ ..
ကျန်တာတွေ လုပ်လို့ရပါတယ်ဟာ .. ဒီလိုမျိုး
ချစ်ခင်ရတဲ့သူတွေရဲ့ စိတ်ကိုတော့ မနှိပ်စက်ချင်ပါနဲ့ဟာ ..
လုံးဝ စိတ်မကောင်းဘူး .. ဖတ်ပြီး ရင်ထဲမှာ စို့နစ်လာတယ် ..
ကျနော်နဲ့ ကိုဂျီးနဲ့ အပုန်းချင်းတူနေလို့ စကားမပြောဖြစ်ကြတော့ပေမယ့် ကိုဂျီးစာတွေကို ကျနော်ရော ကျနော့်သူငယ်ချင်းမရော ဘယ်လောက်ကြိုက်တယ်ဆိုတာ ကိုဂျီးအသိပါ ..
ကျနော်တကယ်စိတ်မကောင်းဘူး .. ငိုချင်လာပြီ .. =(

6 December 2009 at 22:15

မနောက်ပါနဲ့။ မနောက်ကောင်းပါဘူး..

တကယ်လားးးး..တကယ်ပဲ..အိမ်...
ဖတ်ရင်း စိတ်မကောင်းဖြစ်မိတယ်။

6 December 2009 at 23:41

အကြောင်းတခုခုရှိနေမယ်လို့ပဲ ထင်မိတယ်
စိတ်ထဲမှာတော့ မယုံကြည်နိင်တာ အမှန်ပဲ
နောက်ထပ်ပို့စ် တပုဒ်တင်မှာကို ငါစောင့်နေတယ် သူငယ်ချင်း

7 December 2009 at 12:40

း(
း(

ဒါနောက်စရာ မဟုတ်ဘူးနော်....
ခြေရာဖျောက်ချင်ရင် တခြားနည်းနဲ့ ဖျောက်...ဒါပဲ
အခုလိုတော့ မလုပ်ပါနဲ့။

နောင်တချိန်ပြန်သိရင် မလွယ်ဘူးနော်..ဟွန်းးးး

လူတိုင်းတော့ ဒီလမ်းကို သွားရမှာပါပဲ..ကိုအိမ်..ရေ...
သေရွာမှာ ပြန်ဆုံကြမယ်ဟေ့...
ကိုအိမ်ရေ..စောင့်နေပေါ့....... ကိုအိမ်အလှည့်ပြီးတော့ မက်မက်တို့အလှည့်ပေါ့နော့်....

7 December 2009 at 16:31

ပို့စ်အသစ်တွေ့လို့ ၀မ်းသာအားရလာကြည့်တာ အဲလိုမနောက်ပါနဲ့ ကိုအိမ်ရယ် မြန်မြန်အဖြည်ပြန်ထည့်ပါဦး... ဘောလုံးပွဲမှာ မြန်မာရှုံးလို့ ညစ်နေရတဲ့အထဲ စိတ်မကောင်းမဖြစ်ရပါစေနဲ့ ကိုအိမ်ရယ် ကိုအရုပ်ကလေးပြောသလိုပေါ့ ဒါမနောက်ကောင်းတဲ့ကိစ္စပါ..

8 December 2009 at 02:03

ဟုတ်တယ် အပေါ်က လူတွေပြောသလိုပဲ တကယ်သေတယ် ဆိုရင် ဈာပန အခမ်းအနားက ဓာတ်ပုံတွေ တင်ပေးပါ တောင်းဆိုပါတယ်


အိမ် ဟေ့ လူဂျီး ဒါ နောက်စရာမဟုတ်ဘူးနော် မနောက်နဲ့ကွာ သူများတွေ ပြောသလိုပဲ ခြေရာဖျောက်ချင်လဲ တခြားနည်းနဲ့ ဖျောက်ကွာ အဲလိုဂျီးတော့ မနောက်နဲ့ကွာ တကယ် ငိုချင်လာပြီ လူဂျီးရေ မနောက်ကြေးကွာာာာာာာာာာာာာာာာာာာာ

ကိုမြစ် ပြောသလို နောက်ပို့စ် တပုဒ်တင်မှာကို စောင့်နေမယ်နော် လူဂျီးးးးးးးးးးးးးးးးးးး ရေ....................................

8 December 2009 at 06:48

ဘီယာ အတူတူ မသောက်ရသေးဘူးလေ....
သွားတော့သွားရမှာဘဲ.....
ဒါပေမယ့်ဖြေးဖြေးပေါ့....

8 December 2009 at 17:47

အင်း ..တကယ်ကြွသွားရင်တောင်မှ နောက်တယ်လို့ပဲ အောင့်မေ့လိုက်ပါတယ် ပြောင်ဖော်နောက်ဖက်ကြီးရေ...။ ရှိစုမဲ့စုထဲက ကောင်းမှု ကုသိုလ်လေးတွေ အမျှဝေလိုက်တယ်..။ ယူဗျာ။ အမျှ ..အမျှ..အမျှ ဗျာ။

9 December 2009 at 11:06

ပင်လယ်စာစားရုံနဲ့ ဘာမှမဖြစ်လောက်ဘူးထင်တယ်
မယုံချင်ပါဘူး
နောက်စရာကိစ္စမဟုတ်ဘူးလို့လည်း ထင်ပါတယ်

:P
9 December 2009 at 12:06

နောက်တာပါလို့ ကောမန့်ပြန်ထားတာတွေ့မလားလို့ လာကြည့်တယ်.. အိမ်

9 December 2009 at 21:09

နောက်နေတယ်လို့ ထင်တာပဲ ...
ကိုအိမ်က ..... ။ ..... ။ ဆိုတဲ့ sign လေးတွေကိုသုံးတတ်တယ်လေ ..
အရင် post တွေမှာကြည့်ကြည့်
တကယ်ဆိုရင်တော့ ..... T_T

17 December 2009 at 21:27

ကိုအိမ်ရေ အများပြောသလိုပါပဲ...
တခြားကိစ္စနောက်တာ ပြဿနာမရှိပေမဲ့ သေတာနဲ့တော့ မနောက်ပါနဲ့... တကယ်သေရင် နောက်တယ် အထင်ခံရမှာနော်... ဟဲ ဟဲ ဟဲ

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း