Wednesday, July 22, 2009

ဗိုလ်ချုပ်အောင်ဆန်း၏အားကျဖွယ်၊ထူးခြားချက်များ ၂

5
ကျနော် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးတာမှာ တချို့နေရာတွေမှာ လိုအပ်မယ်ထင်လို့ ထပ်ဖြည့်တဲ့သဘောနဲ့ ဆက်ရေးလိုက်တာပါ။ အချက်အလက်တွေကို အလျှင်မှီအောင် ဖတ်မှတ်ရတော့ တချို့ကို သတိမထားမိလိုက်ပါဘူး..။ အလုပ်များနေတာ တကြောင်း၊ ဇူလိုင်၁၉ အမှီ ပို့စ်တင်ချင်တာကတကြောင်း၊ စသည်များကြောင့် ကျန်ရစ်ခဲ့တာပါ။ ကျနော့်အနေနှင့် စာအုပ်တခုလုံးကို ပီဒီအက်ဖ် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စာအုပ်က အရမ်းထူတော့ အတော့်ကို ကြိုးစားရေးမှ ဖြစ်မှာက တချက်၊ တချို့စာတွေက ကီးဘုတ်နဲ့ ရေးလို့ မရ...ဒါကြောင့် အရေးကြီးပြီး သိသင့်တယ် ထင်တဲ့ စာလေးတွေပဲ ဖြတ်ညုပ် ရေးလိုက်တာပါ။
ဆက်လက် ဖတ်ရူ အားပေးကြပါဦး............။




....................................................................................................................................

စက္ကူဖြူပေါ်လစီကြောင့် အခြေအနေတင်းမာမှု ရှိနေရာ ယုတ်လျော့စေနိုင်ဖို့ အသေချာဆုံး နည်းမှာ ထိုပေါ်လစီကို ဖယ်ရှားစွန့်ပစ်ဘို့သာ ဖြစ်နေသည်။
........................................................................................................................

အတိုင်ပင်ခံ ကောင်စီ၏ အကြံပေးချက်နှင့် ဗြိတိသျှအရာရှိကြီးများ၏ သဘောထားမှာ အောင်ဆန်းကို ဖမ်းဆီးလိုက်ပါက အခြေအနေသည် တော်လှန်ပုန်ကန်မှု တားဆီးနိုင်ပေမည်ဟု အကြံပေးကြသည်။ သူလူထု စည်းဝေးပွဲတွင် ဟောကြားခဲ့သည့် အချက်များကပင် အစိုးရကို ပုန်ကန်ရန်လှုံ့ဆော်မှုဖြင့် ဖမ်းဆီးနိုင်လောက်ပေပြီ။ အကယ်၍ တရားခုံရုံးတင်၍ ဖမ်းခြင်း မပြုလိုပါက နိုင်ငံရေး အကျဉ်းသား အဖြစ်နှင့် ဖမ်းချုပ်ထားသင့်လေသည်။၎င်း ထောင်ထဲရောက်သွား၍ တလကြာလျှင် လူထုက၎င်းကို မေ့သွားကြတော့မည် ဖြစ်သည်။
ထိုစဉ်တွင် အခြေအနေက မမျှော်လင့်ဘဲ တမျိုးပြောင်းလဲလာသည်။ အရာရှိမဟုတ်သော ဗမာအမျိုးသား ၃၅ ဦးကို ဘုရင်ခံတိုက်ရိုက် ခန့်အပ်သည့် ဥပဒေပြု ကောင်စီအဖွဲ့ကိုဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့သည် ဖေဖဝါရီလ ၂၈ရက်နေ့တွင် အစည်းအဝေး ကျင်းပ၍ ကောင်စီဝင်များက ဆွေးနွေးကြရာ ဖဆပလ ကိုဝေဖန်ပုတ်ခတ်ကြလေသည်။ သခင်ဟောင်းတယောက်ဖြစ်သည့် ထွန်းအုပ် ကလည်း အောင်းဆန်းအား လူသတ်မှု ကျုးလွန်ခဲ့သည်ဟု ထ၍စွပ်စွဲခဲ့လေသည်။ ဂျပန်များ ဝင်လာစဉ် အောင်ဆန်းနှင့် မိမိသည် ဘီအိုင်အေ တပ်များနှင့်အတူ ဂျပန်တပ်များနောက်မှ လိုက်ပါခဲ့ရာ သထုံမြို့အနီး ရွာတရွာသို့ ဆိုက်ရောက် လာခဲ့ကြသည်ဟုဆိုသည်။ ထိုရွာသူကြီးမှာ ကုလားတဦးဖြစ်သည်။ ထိုရွာသူကြီးသည် ဗြိတိသျှများနှင့် ဆက်သွယ်ကာ ဂျပန်များအား ခုခံဆန့်ကျင်ရန် ရွာသူ၊ရွာသားများအား လှုံ့ဆော်နေပါသည်ဟု စွပ်စွဲခဲ့ကြလေသည်။ ထိုအခါတွင် အောင်ဆန်းက သဘာပတိလုပ်သည့် စစ်ခုံရုံးဖြင့် ထိုရွာသူကြီးအား စစ်ဆေးကာ သေဒဏ်ပေးလိုက်လေသည်။ ထိုရွာသူကြီးအား အောင်ဆန်းကိုယ်တိုင်က ဓားဖြင့်ခုတ်သတ်သော်လည်း ပွဲချင်းပြီး မသေသဖြင့် တပ်သားတယောက်အား အသေသတ်ရန် အမိန့်ပေးခဲ့လေသည်။ ထိုကား လူသတ်မှုဖြစ်ရာ အောင်ဆန်းအား ဖမ်းသင့်ပါသည်ဟု ထွန်းအုပ်က ဆိုလေသည်။ ထိုစဉ်က အပြစ်များတွင် မိမိမှာ မျက်မြင် သက်သေဖြစ်ရာ အောင်ဆန်းအား တရားစီရင်သည့်အခါတွင် အစိုးရသက်သေ လိုက်ပါမည်ဟုလည်း ၎င်းက ကတိပေးလေသည်။ ထို ထိန့်လန့်ဖွယ်ရာ စွပ်စွဲချက်သတင်းမှာ ရန်ကုန်သတင်းစာများနှင့် လန်ဒန်သတင်းစာများသို့ပါ ရောက်ရှိလာကြလေသည်။ သို့ရာတွင်အစိုးရမှာ ထိုကိစ္စနှင့် ပတ်သက်၍ ပုလိပ်အဖွဲ့အား စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်ပြီး အောင်ဆန်းအား ဖမ်းသင့်၊ မဖမ်းသင့်ကိုလဲ ဗမာပြည်ဆိုင်ရာ အတွင်ဝန်ကြီးထံ သံကြိုးရိုက် ညွှန်ကြားချက်ကို ဒေါ်မန်စမစ်က တောင်းခံလိုက်လေသည်။ အတွင်းဝန်ကြီးကလဲ ထွန်းအုပ်ကိုယ်တိုင်မှာလည်း သိပ်ယုံကြည်ရသူမဟုတ်ဘဲ ဂျပန်ခေတ်က သူသည်လည်း ထိုသို့ အကြမ်းဖက် သတ်ဖြတ်မှု ကိစ္စများ ပါဝင်ခဲ့သည်ဟု ယူဆစရာ ရှိကြောင်း ပြောကြားပြီး ချက်ချင်းလက်ငင်း မဖမ်းသင့်ကြောင်း ထွန်းအုပ် ကိုယ်တိုင်က တရားဥပဒေကို လေးစားသည်ထက် နိုင်ငံရေး အမြတ်ထုတ်လိုသဖြင့်သာ ထိုသို့ စွပ်စွဲခြင်း ဖြစ်နိုင်ကြောင်း ဖြေကြားလိုက်လေသည်။

ဘုရင်ခံဒေါ်မန်စမ်သည် နောက်တနေ့တွင် အောင်ဆန်းအား လာတွေ့ပါရန် ဖိတ်ကြားလိုက်လေသည်။ အောင်ဆန်းကလည်း ထိုကိစ္စ အတွက် မိမိအလုံးစုံ တာဝန်ယူပါသည်ဟု ပြောပြပေသည်။ ဒေါ်မန်စမစ်မှာ အောင်ဆန်း၏ သတ္တိကို မချီးမွမ်းဘဲ မနေနိုင်ခဲ့ချေ။ သို့ရာတွင် တရားဥပဒေအရတော့ အောင်ဆန်း၏ ရှင်းလင်းချက်ဝင်မှာ တရားဝင်မနေချေ။ စစ်ခုံရုံးမှာ တရားမဝင်ရာ လူသတ်မှုသာ ဖြစ်နေသည်။ ထို့ကြောင့် တရားဥပဒေအရ စစ်ဆေး အစီရင်ခံမည့် အရေးမှာ ဘယ်လိုမှ အကာအကွယ်ရှိမနေရတော့ချေ။
ဘုရင်ခံသည် ဘယ်လိုမှ မတတ်နိုင်တော့ရာ ဗြိတိသျှ အစိုးရထံသို့ အကြောင်းအချက်များ ပြည့်စုံစွာ တင်ပြလျက် ဆုံးဖြတ်ချက်ကို တောင်းခံလိုက်လေသည်။ နောက်ရက်သတ္တပတ် ၂ပတ် အကြာ ဗြိတိသျှ အစိုးရမှ အောင်ဆန်းအား ဖမ်းဆီးရန် သံကြိုးစာသည် ဒေါ်မန်စမစ်ထံသို့ ရောက်လာလေသည်။ ထိုအခါ ပုလိပ်မင်းကြီးအား ညွှန်ကြားချက်အတိုင်းလိုက်နာရန် အမိန့်ပေးလိုက်လေသည်။ ဝရမ်းထုတ်ပြီး လူတယောက်ကို စေလွှတ်စဉ်မှာပင် ဗြိတိသျှ အစိုးရထံမှ ဒုတိယ ညွှန်ကြားချက် သံကြိုးစာ ရောက်ရှိလာပြန်သည်။ ထိုစာမှာ ပဠမ ညွှန်ကြားချက်ကို ပယ်ဖျက်၍ နောက်ထပ် ညွှန်ကြားချက် မရမခြင်း မဖမ်းရဟု ပါရှိလေသည်။ ဝရမ်းစာနှင့်သွားသူကို မီရုံကလေး ပြန်ခေါ်နိုင်ခဲ့လေသည်။
ထိုသို့ ဖြစ်ပျက်ခဲ့သည်ကို အောင်ဆန်းမှ သိရှိသွားခဲ့ပြီး သူ့အား မဖမ်းရဲဟု ကောက်ချက်ချကာ ကြီးကျယ်သော သပိတ်များကိုမှောက်လေသည်။ လူထုကြီးအား အခွန်မပေးရေး၊ လူထုနှင့်ချီ၍အာဏာဖီဆန်မှု၊ စည်းရုံး လှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့လေသည်။ ၎င်း၏သြဇာ အရှိန်မှာလည်း အစိုးရဠာနများနှင့် ပုလိပ်အမှုထမ်းများထဲသို့ပင် ထိုးဖောက်ပျံ့နှံ့လာလေသည်။ ထို့ပြင် ဗြိတိသျှ ပါလီမန် လွှတ်တော် အတွင်းဠ် ပင်ရှိလာကြလေသည်။
.................................................................................................
မေလ၂၇ရက်နေ့တွင်ကား ဒေါ်မန်စမစ်မှာ ရုတ်တရက် ဝမ်းကိုက်ရောဂါစွဲကပ်လာတော့သည်။ ထိုရောဂါကို သူမကြာ ခဏ ခံစားခဲ့ရသည်။ ယခုအကြိမ်တွင်တော့ အတော် ဆိုးဝါးလှသည်။ ဆရာဝန်များက ၎င်းအား လန်ဒန်သို့ လေယာဉ်နှင့် မပြန်ဘဲ သင်္ဘောနှင့် ပြန်ရန် နောက်တခါ အာရှ အရှေ့ဘက်သို့ ထပ်မလာတော့ရန် မှာကြားလိုက်ပေသည်။ ထိုအခါဒေါ်မန်စမစ်သည် ဗမာပြည်မှ မထွက်ခွာမီ ဇွန်လ ၁၁ရက်နေ့တွင် နိုက် အားတာဝန်များလွှဲပေးပြီး ဗမာပြည် အခြေအနေနှင့် အောင်ဆန်းအပေါ် ၎င်းသုံးသပ်ချက်များ ပေးခဲ့လေသည်။ အောင်ဆန်းသည် ဗမာပြည်၏အများလက်ခံ ကြည်ညိုသော အာဇာနည် ဖြစ်သည်။ ဗမာပြည်တွင် နောက်လိုက်နောက်ပါ အင်အား အများဆုံးလည်းဖြစ်သည်။ ၎င်းသည် အင်းမတန် ရိုးသား တည်ကြည်သူတဦးဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို လိုလားသူဟု ထင်မြင်ချက်ပေးခဲ့လေသည်။
ဒေါ်မန်စမစ် သင်္ဘောဖြင့် လန်ဒန်ပြန်နေစဉ် ပင်လယ်အတွင်းဝယ် မောင့်ဘက်တင်သည် အရှေ့တောင် အာရှ သေနာပတိရာထူး အမှုထမ်းခြင်း ပြီးဆုံး သဖြင့် လန်ဒန်သို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာသောအခါ အက်တလီ သည် မောင့်ဘက်တင်အား ခေါ်ယူတွေ့ဆုံ၍ မည်သူသည် ဗမာပြည် ဘုရင်ခံ လုပ်ရန် သင့်တော်မည်လဲဟု တိုင်ပင်ရာ မောင့်ဘက်တင်မှ ရန့်စ် အားပေးရန် နှင့် ၎င်းသည် အောင်ဆန်း အားလည်း ကောင်းကောင်းသိလေသည်။ ၎င်းတို့နှစ်ယောက်သည် တယောက်ကို တယောက် အပြန်အလှန်လဲ လေးစားကြသည်ဟု ဆိုသဖြင့် အက်တလီမှ ရန့်စ်အား ဗမာပြည်ဘုရင်ခံအဖြစ် စေလွှတ်လိုက်လေသည်။
....................................................................................................................
ဆြာဟူးဘတ်ရန့်စ် သည် အောင်ဆန်းနှင့် နားလည်မှု အရယူရမည်ဟု ညွှန်ကြားချက် ခံယူကာ သြဂုတ်လတွင် ဗမာပြည်သို့ ထွက်ခွာလာခဲ့လေသည်။
ဒေါ်မန်စမစ် လက်ထက်က အတိုင်ပင်ခံ ကောင်စီကို ဖျက်သိမ်းပစ်လိုက်ကာ အောင်ဆန်းသည် ကောင်စီသစ်တွင် ဒုတိယဥက္ကဠ နေရာနှင့် ကာကွယ်ရေးဠာနကို ကိုင်လျက် ပါဝင်ပြီး၊ ပေါ်ထွန်း၏နေရာဖြစ်သည့် ပြည်ထဲရေး ဠာနကို သခင်မြ၊ ဒေါ်မန်စမစ် မထွက်ခွာမီကလေးက နိုင်ငံ့ဝန်ထမ်းရာထူးမှ နှုတ်ထွက်ခဲ့ပြီး အောင်ဆန်းနှင့် ပူးပေါင်းခဲ့သည့် တင်ထွဋ်မှာ ထွန်းအောင်ကျော် နေရာဖြစ်သည့် ဘဏ္ဍာရေး ဠာနကို ယူခဲ့လေသည်။ ဦးစောကိုမူ တနေရာပေးခဲ့ရလေသည်။
၁၉၃၅ခု အက်ဥပဒေ ပုဒ်မ ၁၃၉ အရ ဗမာပြည်ကို ဗြိတိသျှတို့ ဆက်လက်အုပ်ချုပ်နေသော်လည်း လက်တွေ့အားဖြင့်မူ ၎င်းတို့၏ အာဏာကို ကောင်စီအဖွဲ့အား လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်လေသည်။ ထိုကာလအတွင်းမှာပင် ဖဆပလ၏ ဦးဏောက် ဟု အသိအမှတ်ပြုခံရသည့် သန်းထွန်း သည် ဖဆပလမှ ခွဲထွက်သွားလေသည်။ သန်းထွန်းမှာ ကွန်မြူနစ် တယောက် ဖြစ်ရကား အောင်ဆန်းနှင့် ဝါဒရေးအရ ကွဲလွဲခဲ့လေသည်။
နိုဝင်ဘာ ၈ရက်နေ့တွင် ကောင်စီအဖွဲ့သည် ဗမာပြည်အား အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော သမတနိုင်ငံအဖြစ် ထူထောင်မည့် အခြေခံစည်းမျဉ်းဥပဒေ ရေးဆွဲရန် မဆိုင်းမတွ ပြုလုပ်နေသည်ဟု ထုတ်ပြန်ကြေငြာလိုက်လေသည်။
ဒီဇင်ဘာလ ၂၀ရက်နေ့တွင် အက်တလီ သည်ဗြိတိသျှ ပါလီမန်အတွင်း၌ ဗြိတိသျှ အစိုးရသည် ဗမာကောင်စီမှ ကိုယ်စားလှယ်များနှင့် သမတနိုင်ငံထူထောင်ရေး ကိစ္စဆွေးနွေးရန် အသင့်ရှိနေပါပြီဟု ကြေငြာကာ ထိုနိုင်ငံသည် ဗြိတိသျှ အင်ပိုင်ယာ အတွင်းနေလိုလည်းနေ၊ ထွက်ခွာလိုက ထွက်ခွာနိုင်ပါသည်ဟုလည်း အသိပေးလိုက်လေသည်။ ဝက်စ်မင်စတာ ဥပဒေအရ ဒိုမီနီယံ အဆင့်အတန်းပင် မရှိသေးသော တိုင်းပြည်သည် သတမနိုင်ငံအဖြစ်ကို ကြိုတင် ရွေးချယ်ခွင့် ရှိနေလေပြီ။ အက်တလီ၏ မိန့်ခွန်းသည် စက္ကဖြူ ပေါ်လစီအား စွန့်လွှတ်လိုက်ကြောင်း ပဠမဦးဆုံးအကြိမ် လူသိရှင်ကြား ကြေငြာလိုက်ခြင်းပင် ဖြစ်လေသည်။
.............................................................................................................................
၁၉၄၇ခုနှစ် ဇန်နဝါရီလ၇ရက်နေ့တွင် အောင်ဆန်းနှင့်အတူ သခင်မြ၊တင်ထွဋ်နှင့် အခြားကောင်စီ လူကြီးနှစ်ယောက် တို့သည် လန်ဒန်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြလေသည်။ များမကြာမီ ဦးစောကလည်း လိုက်သွားလေသည်။ အောင်ဆန်းသည် မထွက်ခွာမီ ဗမာပြည်သူလူထုအား မှာသွားသည်ကား အကောင်းဆုံးကို မျှော်လင့်ကာ၊ အဆိုးဆုံးအတွက် ပြင်ဆင်ထားဘို့ ပင်ဖြစ်လေသည်။

ဇန်နဝါရီလ ၂၇ရက်နေ့တွင် အောင်ဆန်း၊အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်လေသည်။ ဦးစော တယောက်ကတော့ သဘော မတူခဲ့ချေ။ ဦးစောကန့်ကွက်ခြင်းသည် ဗမာပြည်၌ အထင်အမြင် မှားစေရန်နှင့် အောင်ဆန်းမှတဆင့် ပြဿာနာ အဖြေရမှုကိုဖျက်ဆီးရန်နည်း ပိရိယာယ် လုပ်ခြင်းဖြစ်ဟန် ရှိပေသည်။ ၎င်းသည် နိုင်ငံ အကြိုးထက် မိမိအကြိုး ကြည့်သူဟု ပြစ်တင်ရှုံ့ချခြင်း ခံခဲ့ရလေသည်။ ထို့ပြင် လွန်ခဲ့သည့် ၄လ လောက်က အောင်ဆန်း၏ နောက်လိုက်များဟု ၎င်းက စွပ်စွဲခဲ့သော လက်နက်ကိုင်တစုက ၎င်းအား သေနတ်နှင့် ပစ်ခဲ့သဖြင့် မျက်လုံးတဖက်ပျက်ခဲ့ရခြင်း အတွက် လက်စားခြေခြင်းလည်း ဖြစ်ဟန်ရှိပေသည်။

နောက်တနေ့တွင် တင်ထွဋ်မှ စာရေးသူအား(မောရစ်ကောလစ်) သူတို့ တည်းခိုရာ ဒေါ်ချက်စတာ ဟော်တယ်သို့ လာလည်ရန် ဖိတ်ကြားလိုက်လေသည်။ ၎င်းတို့နှင့် စကားအနည်းငယ်ပြောပြီး အောင်ဆန်းနှင့် မိတ်ဆက်ပေးလိုက်ပါသည်။ အောင်ဆန်းသည် ၁၈၈၅ ခုနှစ်၌ ဆုံးရှုံးခဲ့သော အချုပ်အခြာ အာဏာကို ပြန်လည်အရယူ ပေးနိုင်ခဲ့သည့် ခေါင်းဆောင် တယောက်နှင့်မတူပါချေ။ ၎င်း၏ အမူအရာမှာ တုံးတိတိနှင့် ရှက်ကြောက်မှုလည်း ဖော်ပြနေပါသည်။စိတ်တွင်းဝယ် တစုံတခုသော လှုပ်ရှားမှုကြီး တရပ်ကိုခံစားနေရဟန် ရှိနေပါသည်။ ၎င်းသည် မိမိ၏ ကြိုးစားချက် အောင်မြင်မှုကို အံ့အား သင့်နေမိကြောင်းပြောပြပါသည်။ သို့ရာတွင် မိမိတိုင်းပြည် ပြန်သောအခါ မိမိ လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်သည် မိမိတို့ အအမျိုးသားများ လိုချင်တောင့်တနေသော လွတ်လပ်ရေး အစစ်ဖြစ်သည်ဟု ယုံကြည်လက်ခံစေရန် မိမိကြိုးစားရဦးမည်ဟုလည်း ပြောပြပေသည်။
ကျွန်ုပ်သည်(မောရစ်ကောလစ်) အောင်ဆန်းအား ၊ဗြိတိသျှ ဓနသဟာ အတွင်းဆက်လက်နေထိုင် ပါမည်လားဟု မေးပြန်းရာ အောင်ဆန်းက သူ့အနေနှင့် ဓနသဟာယ အထဲ၌ ဆက်နေရခြင်း အကျိုးကို တွေ့မြင်နိုင်သော်လည်း မိမိ၏ပြည်သူပြည်သားများကတော့ ဓနသဟာယမှ ခွဲထွက်သွားကြဘို့ လိုလားချင်၊ လိုလားလိမ့်မည်ဟု ပြန်ဖြေပါသည်။

ဇန်နဝါရီလ ၂၉ရက်နေ့တွင် ဒေါ်ချက်စတာ ဟော်တယ်၌ လန်ဒန်မှ သံအမတ်ကြီးများနှင့် ပါလီမန် အမတ်များ တက်ရောက်လာသော ဧည့်ခံပွဲကြီး တခုကို ကျင်းပလေသည်။ အင်္ဂလန် ကိုတခါမှမရောက်ဘူးဘဲ၊ ဗမာပြည်တွင်း ဆက်ဆံပေါင်းသင်းမှု ဓလေ့ ထုံးစံထက်ပို၍ အတွေ့အကြုံ မရှိသော ထိုလူရွယ်ကလေးသည် တည်တည်ကြည်ကြည် ဖေါ်ရွေသော မျက်နှာဖြင့် ဧည့်သည်တော်ကြီးများအား ကြိုဆို လက်ခံခဲ့ပုံမှာ စိတ်ဝင်စားစရာ ကောင်းခဲ့လေသည်။ မေဂျာဂျင်နရယ် ယူနီဖောင်းကို သပ်သပ်ရပ်ရပ် ဝတ်ထားသည့် အောင်ဆန်းအား နိုင်ငံခြား သံအမတ်များသည် စိတ်ဝင်တစားပင် အကဲခတ်ကြည့်ရူခဲ့ကြလေသည်။ ထိုလူငယ်ကား ဗြိတိသျှ အင်ပိုင်ယာ အတွင်းမှ မိမိ၏တိုင်းပြည်ကို အောင်မြင်စွာ ဆွဲထုတ်ပြန်ယူနိုင်ခဲ့သော အာရှတိုက်သားပင် မဟုတ်ပါချေလော။ ၎င်းတို့ အားလုံးကပင် အောင်ဆန်းအား YOUR EXECELLENCY ဟု ဂုဏ်ပြုခေါ်ဝေါ်ကြလေသည်။ အောင်ဆန်းသည် ဧည့်ခံပွဲရှိ အခြား ဗမာများအကြားတွင် အပြောင်မြောက်ဆုံး လူတယောက်ဖြစ်နေတော့သည်။ ယခင်က ခပ်တည်တည် နေခဲ့သော သူ၏ ပုံစံသည် အရည်ပျော်ကျကာ ရွှင်ရွှင်ပျပျ၊ ဖေါ်ဖေါ်ရွေရွေ ဖြစ်နေပေသည်။ ၎င်း အနေနှင့် မိမိသည် အမျိုးသားအာဇာနည် ခေါင်းဆောင်သာ မကတော့ ကမ်ဘာတွင် ထင်ပေါ်သော သူတဦး ဖြစ်နေပြီဟူသော အချက်ကို ပဠမဦးဆုံး အကြိမ် သိမြင်လာမိပုံရလေသည်။ သူ့အား ဘေးကနေ၍ အမြဲတမ်းထိန်းနေတတ်သော တင်ထွဍ္ဍ်သည်ပင် ယခုမူသူ့အစား ဂုဏ်ယူလေးစားစွာနှင့် ပွဲထုတ်ပြနေတော့သည်။
..............................................................................

ဖေဖဝရီလ ၁၉ရက်နေ့တွင် ပေါ်ထွန်း၊ ဘမော်နှင့်ဦးစောတို့ပါသော နိုင်ငံရေးသမားဟောင်းကြီးတစုက ကွန်ဖရင့် တခုကျင်းပကာ အောင်ဆန်းသည် သစ္စာဖောက်လိုက်ပြီဟု စွပ်စွဲကြလေသည်။ ထိုအရာကား အောင်ဆန်း၏ အတိုက်အခံ နိုင်ငံရေးသမားဟောင်းကြီးများက အသိပညာ နည်းကြသော လူများအား အထင်အမြင်လွဲမှားစေကြပြီး အောင်ဆန်းအား ဖြုတ်ချရန် နောက်ဆုံး ကြိုးစားချက်ပင် ဖြစ်လေတော့သည်။ လူပြိန်း၊လူအ များကပင် အောင်ဆန်းသည် လန်ဒန်သို့ ၃ပါတ်သွားရောက်သည့် အတွင်း အောင်ဆန်းသည် မည်သည့်နည်းနှင့်မျှ ဗြိတိသျှ အလိုတော်ရိ တယောက် ဖြစ်လာမှန်း ဘယ်လိုမှ မယုံကြည့်ခဲ့ကြပေ။ ဦးစောသည် ကောင်စီအဖွဲ့မှ နှုတ်ထွက်လိုက်လေသည်။ ထိုစဉ် ကထည်းကပင် ၎င်း၏ အဓိကပြိုင်ဘက်ကြီးအား တခါထည်း အသေအချာ ဖယ်ရှားရန် စတင် ကြံစည်နေချင်ခဲ့ပေတော့မည်တည်း........................။


5 Response to ဗိုလ်ချုပ်အောင်ဆန်း၏အားကျဖွယ်၊ထူးခြားချက်များ ၂

22 July 2009 at 17:20

ကိုအိမ်ဘယ်ကနေ တကူးတကရှာထားတာလည်း တော်၂ကို စုံတယ်နော်

22 July 2009 at 18:50

တော်တော်လည်း ရှာရှာဖွေဖွေ ရေးတတ်ပါ့...

23 July 2009 at 13:28

အဲဒီခေတ် အင်္ဂလိပ်အစိုးရကမှ လူလို နားလည်သေးသလားပဲနော်။ ဗမာတွေအပေါ် ချတာတော့ ချတာပေါ့လေ။ ဒါပေမယ့် နည်းနည်း ငြင်သာသလားပေါ့။

23 July 2009 at 18:14

အကိုအိမ် တော်တော်လေးကို ဖတ်လိုက်ရတယ် မသိတာတွေများနေတယ်လေ
ကျေးဇူးလည်း တင်ပါတယ် အကို
ဗဟုသုတ ရလို့ပါ ခင်ဗျာ
အကို စာကို ဖတ်လည်းပီးရော ကျွန်တော် မောလို့ ဘီယာသွားသောက်လိုက်တယ် ဟိ

27 September 2009 at 16:12

ဖတ်ရတာ ကိုယ့်ကိုယ်ကို ဗြိတိသျှခောတ်လူဖြစ်ခဲ့တဲ့သူလို့တောင် ထင်မှတ်မှာရပါတယ်ဗျာ

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း