Monday, July 13, 2009

သံစဉ် တေးသွား သီဆိုနားဆင်ရာတွင်

15
သံစဉ်၊တေးသွားတွေဟာ လူတွေရဲ့ စိတ်ကိုနူးညံ့စေတယ်။ စိတ်ဓာတ်ကျနေရင်ပဲဖြစ်ဖြစ်၊ စိတ်ဓာတ် ခက်ထန်နေရင်ပဲ ဖြစ်ဖြစ်၊ စိတ်ညစ်ငြီးငြူနေရင်ပဲ ဖြစ်ဖြစ် သံစဉ်တေးသွားလေးတွေကို နားဆင်လိုက်ရင်ကိုပဲ လုံးဝ မဟုတ်တောင် ခဏတော့ စိတ်ကို ကြည်လင်စေတာတော့ အမှန်ပါပဲ။ ဒါမှမဟုတ် သံစဉ်တေးသွားလေးနဲ့ အတူ ကိုယ်ပါစီးမြောလိုက်လံ သီဆိုလိုက်ရင်ကိုပဲ ရင်ထဲက ရှိတာတွေ အတော်လေး ပေါ့ပါးသွားတတ်တာ လူတိုင်းကြုံဖူးမှာပါ။ သီဆိုလိုက်ခြင်းအားဖြင့် အတော့်ကို လန်းဆန်းသွားတယ်ဗျ၊ ရေချိုးနေရင်းပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်းပဲ ဖြစ်ဖြစ် သီဆိုလိုက်ရင် တကယ်ကို ထူးထူးခြားခြား လန်းဆန်းစေပါတယ်။


ဒါပေမယ့်.... သံစဉ်တေးသွားတွေ နားဆင်၊သီဆိုရာမှာ နားဆင်၊ သီဆိုတတ်ဖို့တော့ လိုပါတယ်။ သီချင်းတွေနားထောင်၊သီဆိုတာပဲ ဘာခက်တာမှတ်လို့လဲ နားနဲ့ကြားနေရပြီး၊ ပါးစပ်နဲ့ဆိုတာပဲ ဘာကိစ္စကြောင့် နားဆင်၊သီဆိုတတ်ဖို့လိုမယ် ပြောတာလဲလို့ ရွဲ့စောင်းစောင်း မပြောလိုက်ပါနဲ့။ ဥပမာ ကျနော်ပြောမယ် အရပ်ထဲမှာ ကလေးတွေ အော်အော်ဆိုနေတဲ့ " ဒူးမထောက်၊ လက်မမြှောက်၊ လေးဘက်ထောက်သွားမည်" တို့ "ရဲဘော်သေ၊ သေသော်၊ ငရဲလား" တို့ "ဒါ..တို့တိုင်း၊ တို့ပြည်၊ လုပ်ချင်ရာလုပ်မည်" တို့ စသည်ဖြင့်ပေါ့နော... (ဒါ... အရပ်ထဲမှာ ကလေးတွေ ကစားရင်း သီဆိုတဲ့ အသံနော သားနဲ့ ဘာမှမဆိုင်ဘူး။) စစ်တပ်ထဲမှာ ဒီလိုသီချင်းတွေ ဘာကြောင့် သီဆိုနေကြသလဲ ဒီလိုသီချင်းတွေ ဆိုမှ စစ်စိတ်၊ စစ်မာန်တွေ တက်ကြွလာမယ်၊တိုင်းပြည်ကို ကာကွယ်ချင်တဲ့စိတ်၊ မျိုးချစ်စိတ်တွေ တက်ကြွလာမှာပေါ့ မဟုတ်ဘူးလားဗျာ။ အဲဒီ တပ်ထဲ အလွမ်းသီချင်းတွေဖြစ်တဲ့ "တွံတေးသိန်းတန်ရဲ့ နှမလက်လျှော့သေလေတော့ သီချင်း" တို့ "ထွေးညိုရေ သေးဆိုတာ မာတ်တပ်ပေါက်ရတယ်"တို့ "ပန်းနွယ်ကစိမ်း" တို့ သွားဆို ခိုင်းကြည့်ပါလား တပ်ထဲ ရှိသမျှလူအကုန် ထွက်ပြေးကုန်မှာပေါ့ မဟုတ်ဘူးလား။
အဲဒီလိုပဲ မိဘအိမ်ပေါ်မှာနေ နေပြီး ခိုင်ထူး သီဆိုထားတဲ့ မင်းလောက်ကိုယ့်အပေါ်မကောင်းဘူး၊ မင်းတယောက်ထဲပါ ကိုယ့်အတွက် အကောင်းနိုင်ဆုံး အပေါ်... မင်းလောက်ကိုယ့်အပေါ် ဘယ်သူမှ မကောင်းဘူး၊ ကိုယ့်ရဲ့အကြောင်းကို မင်းပဲ သိတယ်၊ ကိုယ့်ရဲ့အပြစ်ကို မင်းပဲ ခွင့်လွှတ်တတ်သူရှိတယ် လို့သွားဆို ကြည့်ပါလား အိမ်ပေါ်က ခေါင်းနဲ့ မဆင်းရရင်ကိုပဲ ကံကောင်းတယ်မှတ်ပါ။ ကျနော့်တုန်းကဆို အဘိုး သူ့တုတ်ကောက်နဲ့ လိုက်ရိုက်ပြီး အိမ်ပေါ်က မောင်းချလို့ ၁ညလောက်က ကိုယ့်အိမ် ကိုယ်ပြန်တာတောင် ခိုးကြောင်း၊ ခိုးဝှက် ပြန်ခဲ့ရဖူးပါတယ်။
နောက်တခါကျတော့ ကြာကူလီသီချင်းတွေပဲ လူကြားထဲ ဘယ်တော့မှ မဆိုမိစေနဲ့ ကိုယ့်ကို ကြာကူလီကောင်လို့ အထင်ရောက်သွားနိုင်ပါတယ်။ အထူးသဖြင့် ရွာပြန်ရောက်ခါစသင်္ဘောသားတွေ ရှေ့မှာပေါ့ဗျာ ဥပမာပေါ့ ရင်ဂို ဆိုထားတဲ့ သီချင်းလိုပေါ့ ပိုင်ရှင်ပြန်လာရင် တို့က ပြန်ပြီးပေးရမယ်၊ အပိုင်မလိုချင်ပါနဲ့ကွာ ကိုယ့်ကိုယ်ကို ပြန်သတိပေးတာ...... ကဲ... စဉ်းစားကြည့် ..... သင်္ဘောသားတွေက အတောင်ပံပါရင် မင်းဆီကို... အိုး... ဝေးနေချိန်ရဲ့ ခရီးလေးကို လို့ဆိုပြီး ရက်ရှည်၊လများ လွမ်းခဲ့၊ သတိရခဲ့ပြီး မိန်းမကို မျက်နှာလုပ်ဖို့ မစားရက် မသောက်ရက် စုဆောင်းထားတဲ့ ဒေါ်လာလေးတွေ ပြပြပြီး အလွမ်းသယ်မယ်လို့ မောင်းတင် လာတာ အဲဒီသီချင်း သူ့ရှေ့ သွားဆိုရင်တော့.....သေချာတယ်... သတ်ပွဲပဲ။ ရှိသေးတယ် နောက်တပုဒ် ရင်ဂိုဆိုထားတာပဲ ဘာတဲ့ အရန်လူ ဆိုလားသီချင်းစားသားတော့ သိပ်မရတော့ဘူးဗျ။ ဂျပန်သီချင်းကို ကော်ပီလုပ်ထားတဲ့ သီချင်းလေးပါ။
နောက်တခု စိုင်းထီးဆိုင် ဆိုထားတာ မောင့်တပါတ်နွမ်း တဲ့စားသားက... ဟောင်းပေမဲ့လဲ ကောင်းနေဆဲ ပါပဲ၊ မသစ်ပေမဲ့လဲ ကိုယ်အချစ်မလျော့ပါတယ်၊ ကိုယ်ဟာမင်းရဲ့ ပထမဆုံး မဖြစ်တောင်မှ၊ ကိုယ်ဟာမင်းရဲ့ နောက်ဆုံးလူ ဖြစ်ကောင်း၊ဖြစ်မယ် မောင့်တပါတ်နွမ်းရယ်လို့ မုဆိုးမရှေ့တို့၊ တခုလပ်ရှေ့တို့၊ မုဆိုးဖိုရှေ့တို့ သွားမဆိုမိစေနဲ့ နေရင်းထိုင်း သူတို့ကို စောင်းချိတ်နေတာထင်ပြီး အဖြေတန်းပေးနေလို့ ကိုယ့်လူနေရင်းထိုင်းရင် အရပ်ထဲမှာ ကြွက်ပျင်း ဆိုပြီးနာမည်တွင်နေဦးမယ်၊ ကြွက်ပျင်းဆိုလို့ မသိသေးသူများ သိအောင် ပြောပြရရင် ကြွက်ပျင်းလို့ ဘာကြောင့်ခေါ်သလဲဆိုတော့ ဒီကောင်တွေက ကိုယ်တိုင် တွင်းတူးပြီးမနေဘူး၊ သူများတူးထားပြီးသားတွင်း၊သူများမနေတော့တဲ့တွင်းနေမှာပဲလိုက်နေတတ်လို့ ကြွက်ပျင်းလို့ ခေါ်တာပါ။ဒီလိုမှမဟုတ်ပဲ ကိုယ်တိုင်က တကယ်ချစ်နေတာဆိုရင်တော့ စာသားထဲကလိုပေါ့ဗျာ ဟောင်းပေမဲ့လဲ ကောင်းနေဆဲပေါ့ဗျာ....နော....။
ဒီတခါကျတော့ စကားမပီတဲ့သူတွေ၊ ဒေသသံပါတဲ့သူတွေ မဆိုသင့်တဲ့ သီချင်းပေါ့ဗျာ။ တချို့ကျတော့ လျှာခင်တိုလို့လား မသိဘူး သိပ်မပီကြဘူး ထားပါတော့..။ ဒီလိုပါ ရင်ဂိုရဲ့ စထမဆုံး စီးရီးခွေထဲက အချစ်ဟာမီးလား ဆိုတဲ့ သီချင်းပါ။ အဲဒီသီချင်းသာ ဆိုမိလိုက်ရင်တော့ အရပ်ကို အော်ဆဲနေသလို ဖြစ်နေမှာပါ။ ဒီလိုပဲ ဖိုးချို သီဆိုခဲ့တဲ့ သီချင်းလေးပါ ချစ်သူကို ဆိုတဲ့ခေါင်းစဉ်းလေးနဲ့ပါ။ ချစ်သူကိုရွှေနန်းထက်မှာ ထားချင်တယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ဘဝဟာ ချို့တဲ့တာ မင်းအသိပါ၊ ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ် အလှလေး ပွန်းပဲ့သွားရင်ကို ရင်ကျိုးရချည်ရဲ့..၊ ကဲ.. စဉ်းစား ဒီစာသားထဲ ဘယ်စာကလုံးက မပီပသ သီဆိုနိုင်သလဲဆိုတာ...။ အဲဒီ စကားမပီတဲ့ သူသာ သူ့ချစ်သူကောင်မလေးရှေ့မှာ ရင်ဂိုရဲ့ အချစ်ဟာ မီးလား သီချင်းနဲ့ လက်ဖျားနဲ့တောင် မထိရက်နိုင်တယ်များ သွားသီဆိုပြမိရင်တော့ ကော်မလေးတော့ ရင်တုန်၊ ပန်းတုန် တွေဖြစ်ပြီး၊ နှစ်လုံးရောဂါတွေ အဲ... မှားလို့ နှလုံးရောဂါတွေ ဘာတွေဖြစ်သွားမလား ဒါမှမဟုတ် ပါးပဲ အရိုက်ခံရမလားပါပဲ။
နောက်တခုက ချစ်သူအိမ်နားမှာ သွားဆိုရင်ပဲ ဖြစ်ဖြစ်၊ ယောက္ခမရှေ့မှာ ဆိုမိရင်ပဲ ဖြစ်ဖြစ်ပေါ့ ဒီသီချင်းဟာ ကိုယ့်ကို အားမကိုးရတဲ့ကောင်လို့ ထင်ပြီး သူတို့ သမီးနဲ့ မပေးစားပဲနေမှာ မို့လို့ပါ။ သီချင်းကို ဂီတနက်သံကိုစောညိန်း ကရေးသားခဲ့တဲ့ မိုးသက်လေနှင် သီချင်းလေးပါ။ သီချင်းစာသားလေးက ဒီလိုပါ.......... ဘယ်ရှေးဝဋ်ကြွေးတုံ့တင်.. ချေပြီထင်ရဲ့.... ခိုမှီရာမဲ့... ရှုလှည့်မြင်လှည့်စေချင်.... ချစ်တဲ့သူရဲ့ ရင်ခွင် .. ဒီမိုးမှောင်တုန်း မောင်ပုံးပါရစေခင်....။ ကဲ.. စဉ်းစားကြည့် မိုးမှောင်တာနဲ့ မောင်းပုံးပါရစေဆိုတော့ သူတို့ သမီးက ဘယ်နားသွားနေရမှာတုန်းဗျ.. ဒီလောက် အားကိုးရတဲ့ သားမက် ဘယ်ယောက္ခက သူတို့ သမီးနဲ့ သဘောတူပါ့မလဲ.... မဟုတ်ဘူးလားဗျာ။ နောက်ပြီး ခိုင်ထူးဆိုထားတာလား၊ ကိုင်ဇာဆိုထားတာလား မမှတ်မိတော့ဘူးဗျ..၊ စာသားက ဘာတဲ့..... လက်သီးကြိုက်လား၊ လက်ဝါးကြိုက်လား ကြိုက်ရာကို ရွေးစမ်းကိုယ့်လူ လို့သွားမဆိုမိစေနဲ့ ယောက္ခမလောင်းကြီးက လိုက်ရိုက်ရင်ရိုက်၊ မရိုက်ရင် သေချာပြီ ဗဒင်သီချင်းထဲကလို ငါ့သမီးစာကျက်နေတယ် ဖုန်းဆက်လိုက်ရမလား လို့ပြန်အော်လို့ ကိုယ့်လူပြေးပေါက်မှားသွားပါမယ်။
တကယ်တော့... သီချင်းမှရယ်မဟုတ်ပါဘူး ဘယ်ဟာပဲလုပ်လုပ် ကာလ၊ဒေသကိုကြည့်ပြီး လုပ်တတ်ရပါတယ်။ ဒါတွေ မကြည့်ပဲ ရမ်းလုပ်နေရင်တော့ အရှေ့အလယ်ပိုင်းဒေသကို ရေနံသွားရောင်းမိသလို၊ ရေခဲတောင်ပေါ်တက်ပြီး ရေခဲရေ ရောင်းမိသလိုဖြစ်ပြီး လုပ်သမျှ ဘာမှ အရာမထင်တဲ့အပြင် ပါတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ခြင်းကို ခံရနိုင်ပါကြောင်း ပြောကြားရင်း လောလောဆယ် မှတ်မိသလောက်လေးရေးလိုက်ပါတာပါ။
ကဲ... ကျနော်ပြောတာ လက်ခံပြီမဟုတ်လား သီချင်းကိုသီဆို၊နားဆင်တတ်ဖို့လိုတယ်ဆိုတာ............။

15 Response to သံစဉ် တေးသွား သီဆိုနားဆင်ရာတွင်

14 July 2009 at 07:54

အဟဟဟ..လက်ခံပါတယ်ရှင်...နောင့် လဲ သီချင်းလေး ငြီးနေရတာကို ကြိုက်တယ်...ဒါပေမယ့် မကြိုက်တဲ့ မြူးဇစ်တွေ တော့ အများကြီးပဲရှင့်...တောသူပဲ ပြောပြော ခုခေတ် ဟစ်ဟော့ သီချင်းတွေ တော့ ကြားရတာနဲ့တင် စိတ်တွေ ညစ်လွန်းလို့...။

14 July 2009 at 10:48

ကိုအိမ်ရယ် ရေးလည်းရေးတတ်တယ် တကယ်... :)

Anonymous
14 July 2009 at 19:47

ဟာ ဒီလူကြီး တယ်လဲ ပေါက်တီးပေါက်ရှာရေးတတ်တာပဲ :p
ရယ်မော သွားပါကြောင်း

14 July 2009 at 20:41

လက်ခံပါတယ် ကိုအိမ်ရေ။ :P စဉ်းစားလည်း စဉ်းစားတတ်ပ။ ပို့စ်လေးကို သဘောကျသွားပါတယ်။

14 July 2009 at 20:50

ကိုအိမ်တို့များတကယ်ရေးလည်းရေးတတ်ပါပေတယ်ဗျာ။ အဆင်ပြေပါစေဗျာကိုအိမ်ရေ။

15 July 2009 at 03:16

မငုံလဲ သီချင်းကို ငြိမ်ငြိမ်လေး နေချင်တဲ့အခါ အေးအေးလေးတွေ ကြိုက်သလောက် စိတ်ဆိုးနေချိန်ဆိုရင် ၀ုန်းဒိုင်းကြဲနေတဲ့ သီချင်းမျိုးနဲ့ လိုက်အော်တတ်တယ်။ ငြီးတော့မငြီးတတ်ဘူး။ ရေးထားတာလေ ကောင်းတယ်ဗျို့။

15 July 2009 at 03:39

ကိုအိမ်က ပေါက်ပေါက်ရှာရှာဗျာ...


တကယ်ရှာကြံပြီးရေးတတ်တယ်


တော်ပြီး။... ဒီသီချင်းတွေ ယောင်လို့တောင် မဆိုမိအောင် နေတော့မယ်..

အဟဲ.. ငြိမ်နေတယ် ဘာများလုပ်နေလဲလို့..

သီချင်းတွေကို စာတန်းပြုစုနေတာကိုးး



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

15 July 2009 at 14:04

ဒါဆို အငဲရဲ့ သန်းခေါင်ယံနောက် ကောင်းကင်အောက် ဆိုရင်ကောဟင်။ တရဲလာခြောက်မှာနော်။ ဟိဟိ

15 July 2009 at 16:20

မှတ်ထားမယ်ကိုဖြိုးရေ.....သတိလေးထားဦးမှပဲ...

15 July 2009 at 20:50

ဒူးမထောက်၊ လက်မမြှောက်ကို ကျွန်တော်ငယ်ငယ်တုန်းက တပ်ထဲမှာနေတဲ့ သူငယ်ချင်းတွေ ဖျက်ဆိုပြတာလေးရှိတယ် .. ဒီလိုဗျ

ခြေထောက်တစ်ဖက်၊လက်တစ်ဖက်
မိုင်းထဲပါသွားသည်
ချိုင်းထောက်နဲ့အမိမြေကို ပြန်လာခဲ့သည်

သားများ သမီးများ
ထမင်းငတ်နေကြသည်
ခြင်ထောင်တွေစောင်တွေ ပေါင်လို့ကုန်ပါပြီ..

ရယ်ရတယ်ကိုအိမ်ရေ...ဖတ်ရင်းနဲ့အမောပြေရရော

16 July 2009 at 17:04

အတည် ရေးမယ်မှတ်တာ ဘယ်ဟုတ်မလဲ။ ကိုအိမ်ရေ တစ်ယောက်ထဲ အော်ရယ်သွားတယ်ဗျ

17 July 2009 at 09:39

ဟာဟ...တယ်ဟုတ်ပါလား.... မှတ်သားစရာပါပဲ...ဟိ

17 July 2009 at 12:58

ကျွန်တော်ကစိတ်ညစ်ရင်သီချင်းအော်ဆိုလိုက်တာပဲ။ ရေချိုးရင်လည်းသီချင်း
လေးညည်းနေရာသဘောကျတယ်။ သီချင်းနားထောင်ရတာလည်းဝါသနာပါ
တယ်လေ။.....

19 July 2009 at 12:39

တဟားဟားနဲ့ကို အပီအော်ရယ်တာ။ ထမင်းပါသီးတယ်။ ဟွန်း။ =D

20 July 2009 at 05:53

သူ ပြောမှပဲ... သီချင်းတောင် လွတ်လွတ်ကျွတ်ကျွတ်နားမထောင်ရဲ.. မဆိုရဲ ဖြစ်တော့တယ်..။ လူဇိုး

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း