Saturday, March 05, 2011

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် (တက္ကသိုလ်နေ၀င်း)

0
“ပျောက်သောသူ ရှာလျှင်တွေ့
သေသောသူ ကြာလျှင်မေ့”

ဤကား မြန်မာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင် ဖြစ်သည်။

ယေဘုယျအားဖြင့် မှန်ကန်သော စကားလည်း ဖြစ်ပါ၏။

အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံးသတိမရသော အခြေအနေမျိုး ဖြစ်လာတတ်သည်။

ဤသို့လျှင် ယေဘုယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့် ပတ်သက်၍ ချွင်းချက်တော့ ရှိနေပါသည်။

ယင်းချွင်းချက်ကား လွန်ခဲ့သော (၄၈) နှစ် (၁၉၄၇) ခုနှစ်၊ ဇူလိုင် (၁၉) ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန် အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်၍ မရနိုင်သည့် အစွန်းအထင်း အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်၍ မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။



အထူးသဖြင့် (၁၉-၇-၁၉၄၇) နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့သူ ကျွန်တော့်မှာ မမေ့နိုင်ရုံသာမက ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေမဆည်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။

ဘာကြောင့် ဤသို့ဆိုရကြောင်းကို ယခုဆက်လက်ဖော်ပြလတ္တံသော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။

(၁၉၄၇) ခုနှစ် ဇူလိုင်လဆန်းတွင် “ဘီအိုဒီ ဗြိတိသျှစစ်တပ် ပင်မလက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်း စသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်း ကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ် ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ သတင်းတပ်ဖွဲ့က သတင်းပို့ အစီရင်ခံခဲ့ပါသည်။

ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြား ခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။

ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးလိုက်ပါသည်။

ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စု စစ်ရဲတပ် UMP ဖြစ်လာသည့်) သောင်းကျန်းမှုနှိမ်နင်းရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များ အပါအ၀င်) နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအပြင်ဘက်တွင် လုံခြုံရေးတာဝန် ချထားလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ၀န်ကြီး ဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေး အစောင့်ချထားခြင်းကို ဗိုလ်ချုပ်အား လုံးဝအသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ဦးချင်းတွေ့၍ ရုံးခန်းပြင်ဘက်၌ လုံခြုံရေးတပ်စိပ်ချထားကြောင်းကို ဗိုလ်ချုပ်အား မပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲ နေလိုက်ပါသည်။

သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှ ရုံးခန်းသို့ အ၀င်တွင် မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့သည့်ထောင့်နား၌ မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။
ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည် ရုံးခန်းတွင်းသို့ရောက်တော့မှ ကျွန်တော့်အား နှစ်ဦးချင်း ခေါ်မေးပါသည်။

“ဟေ့ကောင် ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေက ဘာလုပ်တာလဲ”

“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေး အစောင့်ချထားတာပါ”

ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။

“မလိုပါဘူးကွာ၊ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး၊ ငါကလည်း မစိုးရိမ်ဘူး၊ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင် ရဲဘော်တွေ ချထားတာကို ငါမမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီသွားပြီး ငါက ညွှန်ကြားတယ်လို့ပြော၊ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်းပြန်ရုပ်ခိုင်းလိုက်၊ ကဲ မင်းအခုပဲ သွားပြောပေတော့”

ဗိုလ်ချုပ်က တိကျပြတ်သားစွာ ပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ၀န်ကြီး ပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။

ဝန်ကြီး ဦးမြသည် အလွန် စိတ်မကောင်းဖြစ်သွားပုံ ရပါသည်။

“ခက်တော့တာပဲကွာ၊ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင် တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာ ဆိုးတာပဲ၊ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ၊ သူ့အမိန့်ကိုလည်း တို့က မနာခံလို့ မဖြစ်ဘူး၊ ငါတော့ စိတ်မကောင်းဘူးကွာ”

ဤသို့ ညည်းညူရင်းနှင့်ပင် ၀န်ကြီး ဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်း ရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။

ထိုနေ့ ညနေဘက် ရုံးမှ အိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောဘဲ တစ်စုံတစ်ရာကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့်အား မေးခွန်းထုတ်ပါသည်။

“ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား”

“မရှိပါဘူး ဗိုလ်ချုပ်။ သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင်အဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး”

ကျွန်တော်က အမှန်အတိုင်း ပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏ စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။

“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး၊ ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ် မထင်ဘူး။ ဒါပေမဲ့ကွာ အိမ်မှာရှိတဲ့ ကလေးတွေ အတွက်တော့ ငါ စိုးရိမ်သလို ဖြစ်မိတယ်၊ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ၊ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါက ခိုင်းတယ်လို့ပြော၊ သင့်တော်မယ့် လက်နက်နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်က ရဲဘော်တွေကို ပေးထားလိုက်၊ ဒါပဲ”

ဤသို့ အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်လာသောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ် အစီအစဉ်လုပ်ပြီး တော်မီဂန်းတစ်လက်၊ စတင်းဂန်းတစ်လက်၊ ခြောက်လုံးပြူးနှစ်လက်တို့ကို ကျည်ဆန်များနှင့်တကွ ထုတ်ယူကာ တာဝါလိမ်းလမ်းရှိ ဗိုလ်ချုပ်အိမ်တွင်နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။

နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ (၁၉၄၇) ခုနှစ်၊ ဇူလိုင်လ (၁၉) ရက် စနေနေ့ ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးများ (ကက်ဘိနက်) အစည်းအဝေး ကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ၀င်ရောက်လုပ်ကြံ ပစ်ခတ်ခြင်း ဖြစ်သည်။

အမှန်တော့ ယင်း ၀န်ကြီးအစည်းအဝေးသည် ဇူလိုင် (၁၉) ရက် စနေနေ့တွင် ကျင်းပရန် မဟုတ်ဘဲ “ဇူလိုင် (၁၆) ရက် ဗုဒ္ဓဟူးနေ့” တွင် လုပ်ရမည် ဖြစ်သည်။

ဤနေရာတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးအကြောင်း အနည်းငယ် ရှင်းပြရန် လိုပေလိမ့်မည်။

(၁၉၄၆) ခု၊ စက်တင်ဘာလ (၂၆) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ၀န်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် (၁၀) နာရီတွင် ကျင်းပနေကျ ဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခံအပ်ထားသော ၀န်ကြီးတစ်ဦး ဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပသော ၀န်ကြီးအစည်းအဝေးသို့ တက်ရသည်။ သို့ရာတွင် (၁၉၄၇) ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော “အောင်ဆန်း-အက်တလီ စာချုပ်” ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ သဘောမတူဘဲ ကန့်ကွက်ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ်ဦးဆောင်သော အစိုးရအဖွဲ့ အစည်းအဝေးများသို့ မတက်ကြရတော့ချေ။

ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ၀န်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို စနေနေ့ မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ ကျင်းပရန် ပြောင်းရွေ့သတ်မှတ်လိုက်သည်။

ယင်းအကြောင်းကို ဂဠုန်ဦးစောက မသိ။ ၀န်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ (၁၀) နာရီ ကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။

(၁၉၄၇) ခုနှစ်၊ ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် (၁၆) ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီး ဖြစ်ရုံမက အစည်းအဝေး ဖိတ်စာများကို ၀န်ကြီး အသီးသီးထံသို့ ဖြန့်ဝေထားပြီး ဖြစ်သည်။

သို့သော် ဇူလိုင် (၁၆) ရက်၊ ဗုဒ္ဓဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အစည်းအဝေး ကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်နေသည်။ အစည်းအဝေးနှစ်ခု တိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့ တင်ပြသောအခါ ဗိုလ်ချုပ်က

“လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်၊ လူကြီးတွေလည်း ပါနေတယ်။ ဒါကြောင့် အဲဒီ အစည်းအဝေးကို ဒီတိုင်းပဲထား၊ ကက်ဘိနက် အစည်းအဝေးကိုတော့ စနေနေ့ ပြောင်းလုပ်လိုက်၊ ၀န်ကြီးတွေဆီလည်း ဖိတ်စာအသစ်ရိုက်ပြီး ပေးလိုက်” ဟု အမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် (၁၉) ရက်နေ့” တွင် အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပဖြစ်သွားကာ နိုင်ငံတော် လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။

ဤသည်တို့ကား (၁၉၄၇) ခုနှစ်၊ ဇူလိုင်လဆန်းက အမှန်တကယ် ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ ယနေ့ ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်း ယူကြုံးမရ ဖြစ်စရာကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို တွေ့ရပါသည်။

ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်

ဇူလိုင် (၁၉) ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာ ရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။

တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား၊ လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ်ယောက်မကျန် သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။

အကယ်၍သာ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီက ဇူလိုင် (၁၆) ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်မထားခဲ့လျှင် ၀န်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို ခါတိုင်း အပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) တွင် ကျင်းပ ဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပသော ၀န်ကြီးအဖွဲ့ အစည်းအဝေး အကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ်သမားအဖွဲ့အား ဇူလိုင်လ (၁၉) ရက် စနေနေ့တွင် လွှတ်မည် ဖြစ်သည်။ သို့ဖြစ်လျှင် ၀န်ကြီးအစည်းအဝေး မရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည် မဟုတ်ချေ။

အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံဘဲ ဗိုလ်ချုပ်၏ နေအိမ် (ဗဟန်း တာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်ပြတိုက် တည်ရှိရာ) တွင် လာရောက် လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ပင် တက်နိုင်မည် မဟုတ်။ ဗိုလ်ချုပ်၏ အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိ ရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေး တပ်သား ရဲဘော်များ ဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်ပြင် တိုက်ပွဲအတွေ့အကြုံလည်း ရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည် ဖြစ်သည်။

သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင်အစောင့် မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။

ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။

ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ ကြီးမားသော မေတ္တာအဟုန်ကြောင့် လူမမယ် ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ်ပေါ့ကွာ” ဟုဆိုပြီး ကျွန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူအတွက်တော့ လုံးဝမစိုးရိမ်ဘဲ “ငါက သေရမှာလည်း မကြောက်ဘူး၊ ဘယ်သူမှလည်း ငါ့ကို လုပ်ကြံမှာ မဟုတ်ဘူး” ဟု ပြောခဲ့ရှာသည်။ သို့သော် တကယ်ကျတော့ သူထင်သလို မဖြစ်ခဲ့။ သူ ချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ဘဲ သူကိုယ်တိုင်ကသာ (၁၉-၇-၁၉၄၇) နေ့က မရှုမလှ “ရေတိမ်နစ်” ကျဆုံးခဲ့ရရှာသည်။

ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပြက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလော။

ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏ အကျိုးကို ယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် (၁၉) ရက်၊ စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း

“သတ္တ၀ါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ၊ နာခံနေကြရသည်ပါတကား” ဟူသော အဂုင်္တ္တရနိကာယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင်နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။

ဒီဘလော့မှ ကူးယူဖော်ပြပါသည်။

No Response to "ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် (တက္ကသိုလ်နေ၀င်း)"

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း