Saturday, February 12, 2011

ကူညီပါရစေ (၂)

2
တချို့လူတွေက ခွေးလောက်တောင် သစ္စာမရှိဘူးလို့ ပြောရင် ရိုင်းတယ်များ ထင်မလား ... တကယ်ပါ ခွေးကမှ တလုပ်စားဖူး သူ့ကျေးဇူးကို အလွန်သိတတ်တဲ့ သတ္တဝါပါ။ သိပ်ရှည်ရှည်ဝေးဝေးမကြည့်နဲ့ ကျနော်တို့ ရပ်ကွက်တော်တော်များများမှာ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ ခွေးလေ၊ ခွေးလွင့်တွေတပုံကြီးပါ။ အဲဒီခွေးတွေကို တချို့အိမ်တွေက သနားလို့ ထမင်းကျန်၊ ဟင်းကျန်လေး ချကျွေးရင်းနဲ့ အဲဒီခွေးက ဘယ်မှမသွားတော့ဘဲ ဒီအိမ်နားမှာပဲ တဝဲဝဲလည်နေတာ ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ အဲဒီလိုတဝဲဝဲလည်နေရင်းနဲ့ ဘယ်သူကမှ တာဝန်မပေးပဲနဲ့ လူစိမ်းလာရင် ဟောင်တာ၊ ညရေး၊ညတာမှာ သူခိုး၊ သူဝှက် မပူရအောင် စိတ်ချရတဲ့ အထိ ဒီခွေးတွေက တာဝန်ယူတတ်ကြပါတယ်။ ဒါဟာ ပြောမယ်ဆို တလုပ်စားဖူး သူ့ကျေးဇူးကို အသိဥဏ်မဲ့တဲ့ သတ္တဝါပေမဲ့ သိတတ်တာကို ပြနေတာပါ။

ကျနော်အခု လက်တလော အချိန်မှာ ကြုံတွေ့လိုက်ရတဲ့ သတ္တဝါကျတော့ အသိဥဏ်ရှိတဲ့ လူဖြစ်ရက်သားနဲ့ ခွေးလောက်တောင် ကျေးဇူးတရား မသိတဲ့ လူ၊ ခွေးလောက်တောင် သစ္စာမရှိတဲ့လူနဲ့ ကြုံခဲ့ရတာပါ။

ကျနော်အခုရေးမှာကတော့ ကျနော့်ပြဿာနာကိုပြောပြမယ် ဆိုတာထက် မသိသေးသူများအတွက် လူတွေအကြောင်း တစေ့တစောင်း ပြောပြတာလို့ ယူဆရင် ပိုမှန်ပါတယ်။ ကြိးကြီးကျယ်ကျယ်ပြော ရရင်တော့ဗျာ သင်ခန်းစာ ယူလို့ရအောင်လို့ပါ။ 


စာတွေသိပ်ရှည်မှာ စိုးလို့ အတိုးချုံးပဲပြောပြမယ် ..။
ဒီလူနဲ့ ကျနော်ခင်မင်ခဲ့တာ ကျနော် ဒီစရောက်ကထဲက ဆိုပါတော့။ တွေ့ကြတာလဲ သူအလုပ်အားမှ၊ ကိုယ်လဲ အလုပ်အားမှဆိုတော့ သိပ်မတွေ့ဖြစ်ကြတာ များပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၈လလောက်က ကျနော့်ဆီ ဖုန်းဆက်ပြီး သူအလုပ်မရှိဘူး၊ နေစရာလဲ မရှိဘူးဆိုလို့ ကျနော်လဲ အရင်က ခင်မင်းဖူးတာရော၊ မြန်မာလူမျိုးဆိုတာကလဲ ဒီနိုင်ငံမှာ အတော့်ကိုရှားပါးပါတယ်။ တခြားနိုင်ငံတွေဖြစ်တဲ့ ယ၊စ၊ ဂ၊ က တို့လို မြန်မာမပေါပါဘူး။ ဒီမှာက မြန်မာဘယ်နှစ်ယောက်ရှိသလဲဆိုတော့ လက်၁၀ချောင်းတောင် မပြည့်ပါဘူး။ ပြီးတော့ နိုင်ငံရပ်ခြားမှာ ရပ်တည်ဖို့ဆိုတာ မလွယ်ပါဘူး၊ အခုလို အလုပ်လက်မဲ့ ဖြစ်နေတဲ့ အချိန်ဆို ပိုဆိုးပါတယ်။ နောက်တချက်က ကိုယ့်မြန်မာလူမျိုးခြင်း နိုင်ငံရပ်ခြားမှာ ဒုက္ခရောက်တော့မှာကို မမြင်ရက် တာလဲပါတာပေါ့လေ။

ဆိုတော့ကာ ကျနော်လဲ အိမ်မှာလာနေဆိုပြီး ခေါ်ထားလိုက်ပါတယ်။ အိမ်မှာနေတဲ့ အတော်အတွင်းမှာလဲ ကျနော့်သူဌေးက သူ့အတွက် အလုပ်ရှာပေးပါတယ်။ သူပဲ ကံဆိုးတာလား၊ ကျနော်ပဲ ကံဆိုးတာလားတော့ မသိဘူး၊ အလုပ်မရဘဲ အိမ်မှာသောင်တင်နေတာ ၄လကျော်ကြာသွားပါတယ် အလုပ်က ရှာမရပါဘူး။ အဲဒါအပြင် သူကချေးပါဆိုလို့ ကျနော်ပေးလိုက်တာ ယူရို၄၀၀ပါ။ ဒီအတောအတွင်းမှာ ကျနော့်သူဌေးကလဲ သူ့ကိုအလုပ်လေးနဲနဲပါးပါး ခိုင်းပြီး ပိုက်ဆံလဲ ပေးပါတယ်။ သူဘယ်လောက်တောင် ရသွားလဲဆိုတော့ စုစုပေါင်း ယူရို ၁၀၀၀ကျော်လောက်ကို ခိုင်သွားတာပါ။

အလုပ်မရှိတဲ့အချိန် ၄လအတော်အတွင်းမှာ သူအဲဒီလောက် ရသွားတာတောင် အိမ်စရိတ်လုံးဝမပေးပါဘူး။ အိမ်စရိတ်မပြောပါနဲ့ ကျနော့်အကြွေးတောင် မပေးပါဘူး။ ဒါကို ကျနော်နားလည်ပေးလိုက်တယ် ဘယ်လိုလဲ ဆိုတော့ "သြော် ... သူ့မှာမိသားစုနဲ့ဆိုတော့ ပိုက်ဆံပို့ရလို့နေမှာပေါ့" လို့ဖြေတွေးပေးခဲ့ပါတယ်။

ဒီလိုနဲ့ ၄လကျော်လာတော့ သူ့ညီရှိနေတဲ့ ဟော်လန်ကိုသွားပြီး အလုပ်လေးဘာလေး ရှာကြည့်ဦးမယ် ဆိုပြီး ကျနော့်အိမ်က ထွက်သွားပါတယ်။ သူ ဟော်လန်ရောက်ပြီး ၂လကြာတော့ ကျနော့်သူဌေးက ကျနော့်ကို မင်းထူး (ခေါ်) မင်းမင်း ဘယ်မှာလဲလို့ မေးပြီး သူ့သူချင်းဆီမှာအလုပ်ရှာတွေ့ပြီ ပြန်လာခဲ့လို့ ဖုန်းဆက်ပြောခိုင်းလို့ ကျနော်ကိုယ်တိုင်ပဲ သူ့ဆီ ဖုန်းဆက်ခေါ်ပြီး ဒီနိုင်ငံကိုပြန်လာဖို့ ပြောလိုက်ပါတယ်။ သူ့ရဲ့ ဖုန်းနံပါတ်ကိုလဲ သူ့ရဲ့ အလုပ်ရှင်ဖြစ်လာမဲ့ သူဆီ ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ အလုပ်ရှင်အသစ်နဲ့ သူနဲ့ ဖုန်းနဲ့ စကားပြောဆိုပြီး အဆင်ပြေတော့ အလုပ်ရှင်အသစ်ကနေပြီး သူဒီနိုင်ငံကို ပြန်လာဖို့ လေယာဉ်လက်မှတ် ပို့ပေးလိုက်တာပေါ့။ အဲဒီမှာ ကျနော့်ဆီ သူက ဖုန်းဆက်ပြန်ပါတယ်။ လေယာဉ်လက်မှတ်တော့ အဆင်ပြေပြီ လမ်းမှာသုံးဖို့ ငွေမရှိလို့ ယူရို၅၀လောက် လှမ်းပို့ပေးပါ ပြန်ပေးပါ့မယ် ဆိုလို့ ချက်ခြင်းပဲ ကျနော်ပို့ပေးလိုက်ပါတယ်။ ဒါနဲ့ဆို ကျနော် သူ့ဆီက ရစရာ စုစုပေါင်း ယူရို ၄၅၀ ရှိသွားပါပြီ။

ဒီလိုနဲ့ ဒီရောက်ပြီး အလုပ်ရတာ အခုဆို ၄လလောက်ရှိပြီထင်တာပဲ။ လစာကလဲ တလ ယူရို၁၂၀၀ နေစရိတ်၊ စားစရိတ်အပြီးအငြိမ်း ၁၂၀၀ဆိုတာ သပိတ်ဝင်၊ အိတ်ဝင်ရတာပါ။ ဒီအလုပ်ရပြီး အခုဆို၎လကျော်ပါပြီ ကျနော်ရစရာရှိတဲ့ အကြွေးကိစ္စလုံးဝ၊ လုံးဝကို မပြောတာပါ။ ကျနော်လဲ ၁လ၊ ၂လတော့ စောင့်ကြည့်သေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်သူဖြစ်ဖြစ်လေ အလုပ်မရှိခဲ့တာလဲ ၆လကျော်ပြီ အခုမှ အလုပ်စရတာဆိုတော့ မိသားစုဆီ ပိုက်ဆံပို့ချင်မှာပဲ၊ ပို့ရမှာပဲ ဆိုတာ ကျနော် သဘောပေါက်ထားလို့ ဘာမှမပြောဘဲ အသာပဲ စောင့်နေခဲ့ပါတယ်။ သူဒီပြန်ရောက်ပြီး အတောအတွင်းမှာလဲ ကျနော့်ဆီ ဖုန်းခဏခဏ ဆက်ပါတယ်။ ဒါပေမဲ့ ကျနော်ရစရာ ရှိတဲ့ ပိုက်ဆံ ကိစ္စကိုတော့ လုံးဝမပြောပါဘူး။

ဒီလိုနဲ့ လွန်ခဲ့တဲ့ လကစပြီး ကျနော်ကပဲ မနေနိုင်တော့လို့ ကဲ ... ကိုမင်းမင်း ကျနော်ရစရာ ရှိတဲ့ ပိုက်ဆံ ဘယ်တော့ရမှာလဲလို့ မေးလိုက်တဲ့ နေ့ကစပြီး ကျနော့်ဆီ ဖုန်းလုံးဝမဆက်တော့ပါဘူး။ အရင်က သူခဏခဏ၊ ဖုန်းဆက်နေရာကနေ၊ ကျနော်က သူ့ဆီ ဆက်ရတဲ့ အဆင့်အထိကို ဖြစ်သွားတာပါ။ ဆက်လိုက်ရင်လဲ စကားကိုရေပက်မဝင်အောင်ပြောပြီး ပိုက်ဆံကိစ္စလုံးဝမပြောပါဘူး။ ကိုယ်က စကားစလိုက်ရင်လဲ သူ့သူဌေးက လစာမပေးသေးလို့ ရတာနဲ့ ပေးမယ် ဘာမှမပူနဲ့ စိတ်ချပါ နဲ့ပဲ အဆုံးသတ်သွားရတာပါ။

မှတ်မှတ်ရရပါပဲ နယူးရီးယားနေ့မှာပဲ အကြွေး ၄၅၀ထဲက ၂၀၀ရပါတယ်။ ကျန်တဲ့ ၂၅၀ ကိုလစာရတာနဲ့ ပေးမယ်ဆိုပြီး ရှောင်နေခဲ့တာ အခုဆို ၂လရှိပါပြီ။ ဘယ်လောက်ထိ ဖြစ်သွားလဲဆိုတော့ ကျနော် ဖုန်းဆက်ရင်တောင် ဖုန်းမဖြေတော့ပါဘူး။

ဇာတ်လမ်းအတိုချုံးကတော့ ဒါပါပဲ ...။ ကျနော်စဉ်းစားတယ် ဘယ်လိုစိတ်ဓာတ်များပါလိမ့်လို့ပါ။ တချို့ကတော့ ပြောမှာပဲ ကူညီတာပဲကွာ မင်းကလဲ ကုသိုလ်ရပါတယ်၊ အခု၂၀၀လဲ လှူတယ်လို့ပဲ သဘောထားလိုက်လို့ ပြောကြမှာပါ။ ကျနော်က ဒါမျိုးလုံးဝ လက်မခံပါဘူး။ ဘာကြောင့်လဲဆိုတော့ သူလဲ လက်ရှိအလုပ်နဲ့ အကိုင်နဲ့က တချက်၊ သူ့လစာကလဲ ကျနော့်ထက် အဆပေါင်းများစွာရတာ တချက်၊ စယူတုန်းက ပြန်ပေးမယ်ဆိုတဲ့ သူ့ရဲ့ ဂတိစကားတွေကြောင့်ပါပဲ။ ကျနော်ကလဲ လူတမျိုးဗျ စေတနာရှိလို့ အိမ်မှာ ၄လတိတိ၊ ပူတဲ့အချိန်ဆို အေးအောင် အဲကွန်းဖွင့်ပေးတယ်၊ အေးတဲ့ အချိန်ဆို ပူအောင် ဟိတာဖွင့်ပေးတယ်၊ ဘီယာဆို ဘီယာ၊ အရက်ဆိုအရက်၊ ဆေးလိပ်ဆို ဆေးလိပ်၊ အစားအသောက်ဆိုလဲ ဘာစားချင်လဲ ချက်ခြင်းမဟုတ်တောင်ရအောင် ဖန်တီးပေးခဲ့တာပါ။ ပြန်ပေးမယ်၊ ချေးပါလို့ ပြောခဲ့ပြီး ယူသွားတဲ့ ပိုက်ဆံကတော့ ၁ကျပ်ပဲ ယူသွားဦးတော့ ရအောင်တော့ ပြန်တောင်းတတ်တာ ကျနော့်အကျင့်ပဲ။ သူနေသွားတဲ့ ၄လမှာ ကျနော့်လစာ တပြားမှ မစုမိခဲ့ပါဘူး။ တကယ်ပါ တပြားမှကို မစုမိခဲ့ပါဘူး။ နိုင်ငံရပ်ခြားမှာ လူတယောက်စရိတ်က အချိန်တွေ ကြလာတာနဲ့ အမျှ စရိတ်အတော်ထောင်းပါတယ်။ ထပ်ပြောရရင် လက်ရှိအလုပ် မလုပ်ခင်မှာ သူ့မှာ ဝတ်စရာ မရှိဘူးဆိုလို့ ကျနော်ကပဲ ကျနော့် အဝတ်အစားတချို့ကို သူ့ကိုပေးခဲ့ပါသေးတယ်။
ကျနော်ပြောချင်တာက ကူညီခဲ့တာကို ကျေးဇူးမတင်ချင်နေပါ။ ကျနော်ကလဲ ကျေးဇူးအတင်ခံချင်လွန်းလို့ ကူညီခဲ့တာ မဟုတ်ပါဘူး။ ဒီလိုကူညီခဲ့လို့ ဒီလိုပြန်ပေးရမယ်လို့လဲ မပြောပါဘူး။ ဒါပေမဲ့ ပြန်ပေးပါ့မယ်လို့ ဂတိစကားခံပြီး ချေးသွားတဲ့ ပိုက်ဆံတော့ ပြန်ပေးသင့်တယ်လို့ ထင်ပါတယ်။

ကျနော်ကတော့ ဆုံးဖြတ်ထားတယ်၊ ဒီပိုက်ဆံ ပြန်မရခဲ့ရင် တခုခုတော့ ရအောင်ယူဖို့ပါ။ ဘယ်လိုယူမလဲ ဆိုတာတော့ အခုတော့ မပြောပြနိုင်သေးပါဘူး ဘာလို့လဲ ဆိုတော့ ဘယ်လိုပုံစံနဲ့ ယူမလဲ၊ ဘာကို ယူမလဲဆိုတာ အသေအချာ မပြောနိုင်သေးလို့ပါပဲ။ လူလိုမသိတတ်တဲ့ လူကို လူလိုမဆက်ဆံတာ အကောင်းဆုံးပဲလို့ ယူဆလို့ပါ။









2 Response to ကူညီပါရစေ (၂)

12 February 2011 at 07:10

ဒီလိုပဲ ဖြစ်တတ်ပါတယ် နဂိုကတည်းပြန်ပေးဖို့ စိတ်ကူးမရှိတဲ့ သူတွေ လေ။
ပြန်ယူချင်တဲ့ အရိုင်းစိတ် မမွေးစေချင်လို့ ပါ ပေးပြီးပြီပဲ ကိုယ့်စိတ်ဓာတ် ကို မကောင်းတဲ့ သူအတွက် မဖျက်စေချင်လို့ ပါ။ နောက်ဘယ်သူမှ မပေးတာ အကောင်းဆုံးပဲ။ လှူတာများများလုပ်ဖြစ် ရင် အဲလို မဖြစ်ပဲ ကုသိုလ်ရမှာပါ။
ဒီမှာတော့ သက်မဆက်ဆံချင်တဲ့ လူဆို ငွေချေးတာ အကောင်းဆုံးလို့  သီအိုရီ အသစ် ပေးပါရစေ။

15 February 2011 at 02:46

အင်း ဒါပါနဲ့ဆို နှစ်ယောက်မြောက် ထင်ပါရဲ့ အိမ်ရေ မပြောချင်ဘူး ခက်တာက ကိုယ့်ကို ဒီလို လုပ်သွားဖူးကြတယ် ဆိုပြီး နောက်လူတွေကို မကူညီမိရင်လဲ လူကောင်းတွေကို ကိုယ်က မကူညီမိတာမျိုး ဖြစ်မှာ စိုးရတယ် မဟုတ်လား..

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း