Sunday, January 16, 2011

ရန်စ ငအိမ်

3
ဒီနေ့တော့ ပျင်းရိလာတာနဲ့ အိမ်မှာမွေးထားတဲ့ ခွေးကိုလည်ပင်းကြိုးတပ်ပြီး လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ ဒီမှာက ဒီလိုပဲ ဘာစတိုင်လဲတော့ မသိဘူး ခွေးနဲ့ လမ်းလျှောက်ထွက်ရင် စမတ်ကျကျဝတ်စားတတ်ကြသလို၊ အားကစားဝတ်စုံလေး ဝတ်ပြီး သွားလာတတ်ကြပါတယ်။ ဒီတော့ ကျနော်လဲ အိမ်မှာမွေးထားတဲ့ ခွေးကိုကြိုးလေးတပ်ပြီး လမ်းသလားဖို့ ပြင်ဆင်လိုက်ပါတယ်။



ခွေးကလဲ အတော်လိမ်မာတယ် ပြောရမလားမသိဘူး တခါတလေမှ အပြင်ထွက်ရတော့ တချက်မှကိုမငြိမ်တာ၊ သူကလွတ်ပြီ ထင်ပြီး ပြေးလိုက်ရင် ကြိုးဆွဲထားတဲ့ ကျနော့် လက်မောင်းကို ဆောင့်ဆောင့်ပြီး ဆွဲလိုက်သလိုဖြစ်တာပေါ့။ ကြာတော့ လက်မောင်းတောင် အောင့်လာပါတယ်။ ဒါ့အပြင်ကို သူ့ချည်ထားတဲ့ ကြိုးက သူ့ကိုယ်သူ ပြန်ပါတ်လိုပါတ်၊ ကိုယ့်ကိုလာပါတ်လိုက်နဲ့ ကျနော်နဲ့ ခွေးက လမ်းမပေါ်မှာ ကြိုခုန်တမ်းကစားနေသလားတောင် အောက်မေ့ရပါတယ်။ ခွေးကလဲ ခွေးပိုင်ရှင်လိုပဲ တချက်ကလေးမှ ငြိမ်တယ်မရှိဘူး၊ ဘယ်ပြေးလိုက်၊ ညာပြေးလိုက်၊ လူကိုလာပါတ်ပြေးလိုက်နဲ့ ကြာတော့ လူကမသောက်ရဘဲ မူးလာတယ်... အဟုတ်ပဲ။ စိတ်ကတိုလာပေမဲ့ ခွေးကိုမရိုက်ရဲပါဘူး၊ ကိုယ့်ကိုပြန်ကိုက်မှာစိုးတာထက် ဘေးက လမ်းသွား၊ လမ်းလာလူတွေက ပြန်ကိုက်မှာ... အဲလေ... ပြဿာနာရှာမှာ စိုးလို့ပါ။ ဒီမှာက တမျိုးဗျ ကလေးတွေ ခွေးတွေကို ရိုက်နှက်ဆုံးမတာ တွေ့ရင် ရဲတိုင်ရင်တိုင် မတိုင်ရင် ကိုယ်နဲ့ အဲဒီလူ ပြဿနာတက်ပြီး စကားများကြပါတယ်။

ဒီလိုနဲ့ အိမ်တအိမ်ရဲ့ အရှေ့ရောက်တော့ ကိုယ့်ကောင်က အပီပါတာဗျား... နဲနဲနောနောမဟုတ်ဘူး။ သောက်ခွေး.. သူအပီပါတာ အကြောင်း မဟုတ်ဘူး ပါစရာနေရာ အဲလောက်တောင် ရှားသလား ... သူများ အိမ်ရှေ့ သွားပါရတယ်လို့။ ဒါနဲ့ ကျနော်လဲမကြုံးချင်တာနဲ့ အသာလေးကုပ်ချောင်းချောင်းနဲ့ လစ်ထွက်လာတာ ခြံထဲကနေ ဘယ်တုန်းထဲက ကြည့်နေတယ် မသိဘူး လှမ်းအောပါလေရော....။

"ဟေ့လူ... မင်းခွေးပါသွားတာ ကြုံးသွားလေ" ဆိုပြီး သူက စဖြဲတာပေါ့ ပုံစံကတော့ အိမ်ရှင်တော့ မဟုတ်ပါဘူး ခြံမှာလုပ်တဲ့ သူလားတော့ မပြောတတ်ဘူး ထားပါတော့.... အသက်အရွယ်ကတော့ ကျနော်နဲ့ မတိမ်းမယိမ်း လောက်ရှိမယ်ထင်တာပဲ။
ဒါမျိုး ဟောက်စားလာလုပ်လို့ ဘယ်ရမလဲ အိမ်ပဲဗျာ ..
"ဘာကိစ္စကြုံးရမှာလဲ ငါ့ခွေးတကောင်ထဲ ပါတာ မဟုတ်ဘူး သူများခွေးတွေလဲ အဲလိုပဲ ပါပြီး မကြုံးသွားကြဘူး ဘာမှလာမကြုံးခိုင်းနဲ့ " လို့ ကျနော်ကလဲ ပြန်စွာလိုက်တာပေါ့
ဒီလိုပြောလိုက်တော့ ဒီကောင်က ဂေါ်ပြားကိုင်ပြီး အပြေးတပိုင်းနဲ့ လာတာပေါ့ ..ပုံစံက အပီကြုံးတော့မဲ့ ဒီဇိုင်းပဲ...
ဒါနဲ့ ကျနော်ကလဲ ဒါမျိုးဘယ်ရမလဲလေ ဘယ်ကောင်မှ ဂရုမစိုက်လို့ သူများနိုင်ငံ ကျွန်လာခံနေတဲ့ ကောင်ပဲဗျာ... ဒါမျိုးတော့ ဘယ်ရမလဲ သေတောင် သွားဦးမယ်။
သူကအဲလိုမျိုး ဂေါ်ပြားကိုင်ပြီး အပြေးတပိုင်းနဲ့ အပီကြုံးမဲ့ အထာနဲ့ လာနေတော့ ကျနော်ကလဲ ဟန်ကိုယ့်ဖို့ ဆိုသလိုပေါ့ အိတ်ထဲကို လက်တဖက် ထည့်လိုက်ပြီး အသင့်အနေအထားနဲ့ နေပြီး အပီ ပြန်ဖြဲမဲ့အထာဆိုတော့ ဒီကောင် နဲနဲတန့်သွားတယ်။ ဒီမှာက သေနတ်ကိုင်ကြတဲ့ အလေ့အထ ရှိပါတယ်။ ဘာရယ်၊ ညာရယ်တော့ မဟုတ်ပါဘူး၊ လူရှိန်အောင် ကိုင်ကြတာနေမှာပါ၊ ဒီအထာကို ဒီကောင် သိလို့ ထင်ပါရဲ့ ..... ကျနော့်အနားထိတော့ မလာဘဲ ခပ်လှမ်းလှမ်းကနေပြီး
" ဟေ့ကောင် ... မင်း ကြုံးမလား၊ မကြုံးဘူးလား"
" မကျုံးတော့ မင်းက ဘာလုပ်ချင်လဲ"
 " မင်းက ဒီလိုလား ???? "
အခြေအနေက တော်တော်လေး တင်းမာနေပါပြီ။ ကျနော်ကလဲ အစကတော့ ကြုံးမလို့ပါပဲ ဒီကောင်ပြောတဲ့ စကားက အမိန့်ပေးသလိုလိုနဲ့ ဟောက်စားလာလုပ်လို့ သောက်မြင်ကပ်ပြီး ပြန်ဖြဲလိုက်တာပါ။ သိတယ်မဟုတ်လား အိမ်တို့က ယဉ်ကျေးရင် သူများထက် ယဉ်ကျေးတယ်၊ တဖက်သားအပေါ် ဘယ်တုန်းကမှ မောက်မောက်မာမာ မဆက်ဆံခဲ့ဘူး၊ ကိုယ့်အပေါ်လာပြီး ကြောသလို လုပ်လို့ကတော့ ဘယ်လိုကောင်းကြီးပဲ ဖြစ်နေပါစေ၊ ဂရုကိုမစိုက်တာ .... အေး .. ဖြူပြီဆိုလဲ ပင်မင်းဆိုင်က အဝတ်ဖြူကတောင် ဆရာခေါ်ရတာ၊ မဲပဟေ့ဆိုလို့ကတော့ အကြော်ဆိုင်က ဒယ်အိုးဖင်တောင် စိတ်လေသွားတာ .... အဲသလိုကောင်။ မိုက်ပဟေ့ဆိုလဲ ဘယ်နှစ်ယောက်လာမလဲ ၁၀ယောက်လား လာထား အယောက်၂၀လား  လာထားပဲ ... ကိုယ်ကတော့ ပြေးပြီးသား ... (ဟုတ်တယ်လေ ကိုယ်ပဲ သေမှာလေ အရူးမှမဟုတ်တာ)
ဒီလိုနဲ့ သူကနေပြီး မင်းကဒီလိုလား ဆိုပြီး အနားကပ်လာပြီး ဘာလုပ်တယ် မှတ်သလဲ .... ????
ဂေါ်ပြားကို အားနဲ့မာန်နဲ့ကိုင်ပြီး အပီစကြုံးတော့တာပေါ့။ ကျနော်ကလဲ သိတယ်မဟုတ်လား မြန်မာပြည်သားလေ မျိုးနဲ့ရိုးနဲ့ သတ္တိရှိလာတဲ့သူ၊ စကားမစပ် ကျနော်တို့ အဖိုးဆို ဘယ်လောက်သတ္တိရှိသလဲဆို သူရဲ့ ဇာတိဟင်္သာတမှာတုန်းက ဂျပန့်ခေတ်မှာ ဂျပန်တွေ ရွာထဲဝင်တာကို ရွာနာလို့ဆိုပြီး သူ့ရဲ့လက်စွဲ ငှက်ကြီးတောင် ဓါးနဲ့ ခုတ်တာဗျား ... အကုန်ပြတ်ပဲ ပြတ်တာမှ တိခနဲ၊ တိခနဲနေတာ ဂျပန်တွေ အကုန်လုံးရဲ့ ခြေထောက်တွေဆို ရစရာတောင် မရှိဘူး၊ မြေကြီးပေါ် ပြန့်ကျဲနေတာဗျ၊ ဘာဖြစ်လို့ ခေါင်းကို မခုတ်လဲလို့ မေးစရာ ရှိပါတယ်  ... ဟုတ်ကဲ့ ရွာထဲ ယူလာကထဲက ခေါင်းမှမပါတာ သူများခုတ်ပြီးသားတွေလေ ဒီတော့ ရှိတဲ့ ခြေထောက်တွေပဲ ရွေးခုတ်လိုက်တာပါ။

ကဲ .... မပြောဘူးလား အဲသလို မျိုးနဲ့ ရိုးနဲ့ သတ္တိရှိတာ။ ကျနော်ဆိုတဲ့ ကောင်ကလဲ ဘမျိုး ဘိုးတူမို့လား မသိဘူး ဘယ်သူ့ကိုမှမကြောသလို ကိုယ့်လာကြောလဲ ခံတဲ့ကောင်မဟုတ်ဘူးဆိုတော့ .......

ကိုယ်လဲ အိတ်ထဲက သတင်းစာစက္ကူစလေးကို အပီထုတ်ပြီး ဖြဲတာပေါ့ ပြီးတော့မှ ပလတ်စတစ်အိတ် တခုထုတ်ပြီး ဘာရမလဲ အပီကျုံးထည့်လိုက်တာပေါ့။ ဒါကို ဒီကောင်ကလဲ အားကျမခံ ဂေါ်ပြားနဲ့ မြေကြီးတဂေါ်စာအပီကြုံးပြီး ကျန်နေတဲ့ နေရာကို မြေကြီးလာဖုံး သွားပါတယ်။ အဲဒီမှာ ၂ယောက်သား သူကလဲ အပီကြုံး၊ ကိုယ်ကလဲ အပီဖြဲနဲ့ ၂ယောက်သား တက်ညီလက်ညီ ချကြတာ ပြီးသွားရော ဆိုပါတော့ ....။
ကိုင်း ... တွေ့ပြီမဟုတ်လား ... အိမ်တို့က အဲသလို ဆတ်ဆတ်ထိမခံတာ......
                                                   မွေးထားတဲ့ခွေးမသမီး


3 Response to ရန်စ ငအိမ်

16 January 2011 at 11:53

မွေးထားတော့လည်းလုပ်ပေါ့ သိပ်တော့မထူးပါဘူး ၂ ယောက်လုံး အပြီ ကြုံးရတာကြီးပဲ :P

17 January 2011 at 06:56

အောင်မလေးဟယ် .. တကယ်ကြီးများ အပီပြင် ရန်တွေ့ လို့  နိုင်သွားတယ်မှတ်တာ .. ခုတော့ နောက်ဆုံးတော့လဲ .. ၀ါးဟားဟား

23 January 2011 at 21:52

cute dog

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း