Monday, December 13, 2010

ကျနော်နိုင်ငံရေးသမား(သို့)ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ၁၅

4
နိုင်ငံရေးသမားဆိုလို့ တကယ်နိုင်ငံရေး လုပ်တယ်မထင်နဲ့ဦး။ နိုင်ငံရေး အကြောင်းဘာမှမသိဘူး၊ နဲနဲပါးပါးတော့ လေ့လာမိတာပဲ ရှိတာပါ။ ဒါကလဲ ကိုယ့်နိုင်ငံ ကိစ္စ ကိုယ်နဲ့ သက်ဆိုင်တယ် ထင်လို့ပါ။ နိုင်ငံရေးသမားဆိုတာထက် နေရင်း ထိုင်ရင်း နိုင်ငံရေးသမားလို့ သတ်မှတ်ခံရတာဆို ပိုမှန်မယ်ထင်တယ်။ ဘယ်လိုကြောင့် သတ်မှတ်ခံရသလဲဆိုတာ ရေးပြရမယ်ဆိုရင်တော့ ......... .......

ကြာတော့ကြာပါပြီ ... ကျနော်၉တန်း ဒုတိယနှစ်ပေါ့... (ကမြင်းကြောထတာ လက်လွန်သွားပြီး စာမရဘဲ စာမေးပွဲသွားတာဖြေလို့ ဒုတိယနှစ် ဖြစ်သွားတာပါ ..) ကျောင်းမှာ ပထမ အစမ်းဖြေမယ်ဆိုတော့ ... ကျနော်အိမ်ကို ပူဆာလိုက်တယ် ...စာမေးပွဲနောက်ဆုံးနေ့ကျရင် ကားယူသွားချင်တယ်၊ ယူသွားပြီး ဘယ်မှမသွားဘူး အိမ်တန်းပြန်လာမယ် သူငယ်ချင်းတွေ ခေါ်လာပြီး အိမ်မှာပဲ ဆော့ကြမယ်၊ ဗီဒီယိုကြည့်ကြမယ် ကားမရရင် သွားမဖြေဘူး ဆိုပြီး ခြိမ်းခြောက်တော့ အိမ်က မီးစိမ်းပြလိုက်ပါတယ်။ (အမှန်က အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်ထားတာကြောင့် နေမှာပါ)

ဒီလိုနဲ့ သူငယ်ချင်းတွေကို နောက်ဆုံးနေ့မှာ အိမ်ကိုလိုက်ခဲ့ဖို့ အိမ်မှာပဲ ညအိပ်ကြဖို့ ပြောပြရင်း ဘာလုပ်ကြမယ်၊ ဘာကိုင်ကြမယ်ဆိုပြီး တိုင်ပင်ကြတာပေါ့။ အဲဒီလိုနဲ့ နောက်ဆုံးနေ့ ရောက်လာတော့ ကျနော်အပါအဝင် အားလုံး သူငယ်ချင်း ၉ယောက်တိတိ ပါလာပါတယ်၊ နာမည်တွေကတော့ တချို့တော့ မတွေ့တာ ၁၀နှစ်ကျော် ကြာပြီဆိုတော့ မေ့နေပါပြီ၊ တချို့လဲ နာမည်ပြောင်ပဲသိပြီး နာမည်ရင်းကို အစကထဲက မသိတာပါ။ နာမည်တွေကတော့ အောင်ကျော်ကျော်၊ ဇေယျာဦး၊ အောင်စိုးဦး၊ မင်းမင်းစိုင်၊ ဇော်မင်း၊ ဘိတ်(နာမည်ပြောင်ပါ)၊ ကျော်နန္ဒ၊ သန်းဦးနဲ့ ကျနော်ပါပဲ။

ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့ ရောက်လာတော့ စာမေးပွဲလဲပြီးရော အိမ်လဲမပြန်ချင်သေးတာနဲ့ အရက်သောက်ကြမယ်ဆိုပြီး ပြောကြတော့ ဇော်မင်းတို့ အိမ်နားက ဆိုင်ကိုသွားကြပါတယ်၊ (အဲဒီမှာမှ အကုန်လုံး အရက်စသောက်ဖူးကြတာပါ) သောက်လို့၊ စားလို့ပြီးတော့ ညနေဗီဒီယို ကြည့်ဖို့အတွက် ခွေဆိုင်ဝင်မယ်ဆိုပြီး သွားကြတာ ဆိုင်ကလဲ ညနေမှ ဖွင့်တာဆိုတော့ အချိန်တွေပိုနေတာက တကြောင်း၊ နောက်တခေါက် အိမ်ကနေ ထပ်မထွက်ချင်တာက တကြောင်း၊ ဒါနဲ့ ဒဂုံတက္ကသိုလ် သွားမယ်လုပ်ကြရော ဆိုပါတော့၊ ကိုယ်ကလဲ သိပ်သွားချင်တာလေ ...ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ ရည်းစားဦးခေါ်ရမှာပေါ့ မမ ကလဲ အဲဒီမှာ ပထမနှစ်စတက်နေတာလေ ..... ဆိုတော့ကာ ဒဂုံတက္ကသိုလ်ကို သွားဖြစ်ကြရော ဆိုပါတော့။

ဟိုရောက်တော့ အဲဒီနေ့က ရည်းစားက ကျောင်းမတက်ဘူးတဲ့ ...ဒါနဲ့ ကားးနဲ့ကျောင်းထဲမှာ ဟိုပါတ်၊ ဒီပါတ်လျှောက်ကြည့် ကောင်မလေးတွေကို လိုက်စနဲ့ပေါ့။  ဒီလိုနဲ့ ကျောင်းထဲက အထွက်မှာ ကျနော့်လိုပဲ ပါပလစ်ကာ အဖြူရောင်တစီးက နောက်ကနေ လိုက်လာပြီး ကျော်ဖို့ ကြိုးစားပါတယ်၊ ဒီတော့ သူငယ်ချင်းတွေကလဲ ကျနော့်ကို မြှောက်ပေးပါတယ်၊ မောင်းမောင်း မကြော် မခံနဲ့ဆိုပြီးတော့ပေါ့၊ ကျနော်ကလဲ မောင်းတတ်တာမှ ၁နှစ်တောင် မပြည့်သေးဘူး၊ သိပ်လက်သရမ်း၊ ခြေသရမ်းချင်နေတဲ့ အကောင်ဆိုတော့ လမ်းမှာ ၂စီး ပြိုင်မောင်းကြပါတယ်။

စာအရမ်းရှည်ပြီး ဖတ်ရတာ စိတ်မရှည်မှာစိုးလို့ အတိုးချုံးပြောရမယ်ဆိုရင်တော့ အဲဒီနေ့က အိမ်မှာ ဘောလုံးကန်ကြ ဆော့ကြ၊ ဗီဒီယိုကြည့်ကြနဲ့ တနေ့ကုန်ဆုန်းသွားပါတယ်။ နောက်တနေ့ရောက်တော့ ... သူငယ်ချင်းတွေကို ပြန်ပို့ပေးရမဲ့ တာဝန်က ရှိနေတာရယ်၊ ကားဆီထုတ်ရမဲ့ရက်ကလဲ တိုက်နေတာရယ်၊ ဆီဆိုင်က တောင်ဥက္ကလာပ မှာပါ။ အကို့မိန်းမ ဆေးရုံမှာ ကလေးမွေးထားတာ သွားကြည့်မယ်ဆိုပြီး အမေရယ်၊ အကိုရယ် အကို့သမီး အကြီးမလေးရယ်၊ ကားလိုက်မောင်းပေးတဲ့သူရယ် အားလုံး ၁၃ယောက်ထင်တယ် ချီတက်ကြရော ....။ အဲဒီမှာ ဆေးရုံအရင်သွားကြည့် လိုအပ်တာတွေ အမေကလုပ်ပေး၊ ကိုင်ပေး၊ ပြီးတော့ ညနေ ၃နာရီလောက်ကျတော့ ဆီဆိုင်မှာ ဆီသွားထည့်တာပေါ့။ အဲဒီမှာ လမ်းပြပုလိပ်တယောက်က ဆီဆိုင်မှာ လာစောင့်နေပါတယ်၊ အပေါ်အရပ်အဝတ်အစား၊ အောက်ကတော့ ယူနီဖောင်းဝတ်ထားပါတယ်၊ သူကနေပြီး လမ်းကြောင်းမှားခဲ့လို့ တောင်ဥက္ကလာပ ရဲစခန်း ခဏလိုက်ခဲ့ပါဆိုပြီး ပြောပါရော ... ဒါနဲ့ကျနော်ကဝင်ပြောတာပေါ့ ဘာကိစ္စ ရဲစခန်းလိုက်ရမှာလဲ ဖမ်းချင်တယ်ဆိုရင် မောင်းသူရဲ့ ယာဉ်မောင်းလိုင်စင်သိမ်းသွား၊ ဒါမှမကျေနပ်သေးရင် ကားဝှီးတက်စ် သိမ်းသွား၊ ဒါမှမကျေနပ်သေရင် ကားပါသိမ်းသွား လူတွေတော့ မလိုက်နိုင်ဘူးဆိုပြီး ဘုတောတာပေါ့ (ဒါက အကြောင်းရှိတယ် ဘာကြောင့်လဲ ဆိုတော့ အဲဒီ တောင်ဥက္ကလာ ရဲစခန်းက နယ်ထိန်းကို ကျနော် ဒီကားနဲ့ပဲ ဝင်တိုက်ဖူးလို့ မလိုက်ဘူးငြင်းတာပါ။ ဒီအကြောင်း နောက်မှ ရေးပါဦးမယ်)

ဒါနဲ့ အမေက ပြောရာ၊ပြေကြောင်း ဖြစ်အောင်ပြောဆိုရင်း စခန်းလိုက်သွားကြပါတယ်။ စခန်းရောက်တော့ ကားကို စခန်းထဲ မသွင်းသေးပါဘူး၊ အမေနဲ့ အကိုဘဲ စခန်းထဲဝင်ပြီး လိုက်ရှင်းနေကြတာပေါ့ဗျာ။ ပထမပိုင်းတော့ ကားကသူများခိုးလာတာကို ကျနော်တို့က ဝယ်မိသလိုလို၊ ဘာလိုလိုပေါ့၊ ကျနော့်မှာလဲ ကိုယ့်အပူနဲ့ကိုယ်၊ နယ်ထိန်းက ကျနော်သူ့ကိုကားနဲ့တိုက်ထားတာ လျှော်ကြေးအနေနဲ့ ၃၀၀၀တောင်းထားတာ ၂၅၀၀ပဲ ပေးပြီး ကျန်တာ မပေးဘဲထားလို့ အမှုဆင်တယ်ပဲ ထင်နေတာပေါ့။ ကားတိုက်မှုဖြစ်ထားတာ အိမ်က မသိသေးပါဘူး၊ ဒီတော့ ကျနော်လဲ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတာပေါ့။ နောက်ဆုံးတော့ မထူးဘူးကွာ သိလဲသိပါစေ၊ ကျန်တဲ့၅၀၀ပေးလိုက်ရင် ပြီးပြီဆိုပြီး စိတ်အေးလက်အေး နေနေတာပေါ့။

ဒီလိုနဲ့ စခန်းထဲက ရဲတယောက်နဲ့ အကိုထွက်လာပြီး ကဲ ... ကားရော မင်းတို့အားလုံးပါ စခန်းထဲ လိုက်ခဲ့ကြပါဦး ဆိုလို့ အကုန်လုံး ဘုမသိ၊ ဘမသိ ဝင်ကြပါတယ်။ အထဲရောက်တော့ လူစုခွဲလိုက်ပြီး ကျနော့်ကို အမှုစစ်အရာရှိခေါ်မလား သူကမေးပါတယ်၊ မေးတာမှ အစုံပဲ မိသားစုအကြောင်း၊ ကျနော့်အကြောင်း၊ သူငယ်ချင်းတွေ အကြောင်း အစုံပဲဆိုပါတော့၊ ကျနော်ကလဲ စိတ်ထဲထင်နေတာက အကြွေး၅၀၀ ကျန်လို့ ဒီလိုရစ်နေတာလို့ပဲ ထင်နေတော့ ဘုဂလန့်ပြန်ဖြေတာပေါ့။ အဲ ....သိပ်မကြာဘူး အမှုစစ်အရာရှိ မေးပြီးတော့ စခန်းမှုးက သူ့အခန်းထဲ ခေါ်ပြီး ခုနမေးခွန်းတွေ မေးပြန်ပါရော၊ ဒါနဲ့ ကျနော်လဲ စိတ်ကညစ်လာတော့ ပေါ်တင်ပဲ ... ကဲ ... အကိုတို့ ကျနော်တို့ကို ဘာလို့ခေါ်မေးတာလဲ၊ ဘာမှုလဲ၊ ဘာကိစ္စလဲ သေချာပြော၊ ဒါမှ ကျနော်သိမှာ နို့မို့ဆိုလို့ကတော့ ကျနော် ပေါက်ကရတွေပဲပြောမှာ ဆိုပြီး ပြောတော့ ... စခန်းမှုးက ဟေ့ကောင် .... မင်းမေးတာ ငါတို့ဖြေဖို့ မင်းတို့ကို ခေါ်ထားတာ မဟုတ်ဘူး ငါတို့မေးတာ မင်းတို့ ဖြေဖို့ ခေါ်ထားတာဆိုပြီးပြောရော .... ဒါနဲ့ ကောင်းပြီလေ ... ဒါဆိုလဲ ကျနော်လဲ ဖြေချင်တာဖြေမယ်ဆိုပြီး အကျပ်ကိုင်တာပေါ့။ ကျနော်ကလဲ ကျနော့်တွက်ကိန်းနဲ့ ကျနော် အကြွေး၅၀၀ ကျန်တဲ့ ကိစ္စပဲ ထင်နေတုန်းပဲ...။

စခန်းမှုးစစ်ပြီးတော့ မြို့နယ်မှုးက ခေါ်စစ်ပြန်ရော.... အံမယ် သူ့ရုံးခန်းက ရုံးခန်းသာဆိုတယ် အမိုက်စားဗျ အခန်းထဲမှာ အဲကွန်းနဲ့ ရေခဲသေတ္တာ၊ တီဗီ၊ အပေါ်စက်၊ အောက်စက်နဲ့ ၅သုံးလုံးဆေးလိပ်ဆိုလဲ ဗူးနဲ့တောင် မဟုတ်ဘူး၊ အတောင့်လိုက်ဗျား ... အားပြည့်အချိုရည် ကျွဲရိုင်းဘူးဆိုလဲ ကဒ်လိုက်၊ ဝတ်ထားတဲ့ စိန်လက်စွပ်ကလဲ ပြူးနေတာ၊ ဟန်းချိန်းဆိုလဲ ...အပြားက လက်မလောက်တောင်ရှိတယ်။ သူ့အိမ်ဆို ဘယ်လိုနေမလဲ မသိဘူး ရုံးခန်းကတော့ ရှယ်ပဲ။ ထားပါတော့ .....

သူလဲ ထုံးစံမေးခွန်းတွေ မေးတာပေါ့ ...ဒီတော့ ကျနော်ကလဲ ထုံးစံအတိုင်းပဲပေါ့ ပေါက်ကရဖြေတာပေါ့၊ ကျနော်ထပ်မေးတယ် ဦးတို့က ကျနော်တို့ကို ဘာကိစ္စနဲ့ ခေါ်မေးတာလဲ ဆိုတာ အရင်သိချင်တယ်၊ အဲဒါဆို လိုရင်းရောက်မယ် ထင်တယ်ဆိုပြီး ဆရာလုပ်လိုက်တော့ .... မြို့နယ်မှုးက မင်းတို့ကို နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းလိုက်တာ၊ အဲဒါ ကြားလိုက်တော့ လူကတော်တော်ကို တုန်လှုပ်သွားတယ်၊ ဘာလုပ်လို့ ဘယ်လိုဖြစ်ပြီး ဖမ်းတာလဲ ဆိုတာ စဉ်းစားလို့ မရဘူး၊ အဲဒီအထိ အကြွေး ၅၀၀ကိစ္စပဲ ထင်နေတုန်း ...။ အဲဒီမှာ မြို့နယ်မှုးက ဆက်ပြီးတော့ .... ဘာကြောင့်ဖမ်းလဲ သိလား....... မနေ့က မင်းတို့အုပ်စု ဒဂုံတက္ကသိုလ်ထဲမှာ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ စာတွေကျဲချခဲ့တဲ့ အမှု၊ ဒဂုံမြောက်ပိုင်း မြို့နယ်မှုး ကားကအနောက်ကလိုက်လာတော့ မင်းတို့ ကားပေါ်တကောင် ခွပ်ဒေါင်း အလံခေါင်းစည်းထားတာ မြင်တယ်၊ မင်းတို့ ကားပေါ်မှာ မိန်းမတယောက်လဲပါတယ်၊ အဲဒီ တယောက်က ဒဂုံမြောက်ပိုင်း မြို့နယ်မှုးကို မင်းတို့ ကားပေါ်နေ ဖင်လှန်ပြတယ်၊ ပြီးတော့ မင်းတို့ မောင်းပြေးတာ ... ၄၉ ကားဂိတ်နားမှာ မျက်ခြေပြတ်သွားတယ် ဘယ်ကိုဝင်သွားမှန်း မသိလိုက်ဘူး .... ကဲ ...ရှင်းပြီလား ...အဲဒီတော့ မင်းတို့ကို အဲဒါတွေ လုပ်ဖို့ ဘယ်သူက ခိုင်းတာလဲဆိုတာသာ အေးဆေးပြောပေတော့ .... မပြောရင် စခန်းရှေ့ကို ကြည့်လိုက်စမ်း ....တွေ့လား စစ်ကား အေး .... အဲဒါ မင်းတို့ကို ရေကြည်အိုင် ခေါ်သွားဖို့ လာစောင့်နေတာ .... နေပြည်တော်ရဲလဲ အောက်မှာမင်းတို့ကို စစ်မေးဖို့ ရောက်နေပြီ။ (နေပြည်တော်ရဲဆိုတာ ကျနော်ကြားဖူးတာတော့ စစ်တပ်ကနေ ရဲဖက်ကို ပြောင်းလာတဲ့သူဆိုလား အဲလိုလူကိုခေါ်တာလို့ ကြားဖူးတာပဲ)

အဲလိုကြားလိုက်တော့ လူကနေ ခြေဖျားလက်ဖျားတွေဆိုတာ အေးစက်ပြီးငါတော့ သေလူပဲလို့ တွေးလိုက်မိတယ်၊ ဘာလို့လဲဆိုတာ့ ရေကြည်အိုင်ရောက်ရင် သေရင်သေ၊ မသေရင် ရူးမယ်လို့ ကြားဖူးထားလို့ပါ။ ကြောက်စိတ်က ငယ်ထိပ်ကို ဒုန်းဆို လာဆောင့်တာများ ... ငုတ်တုတ်ကို မေ့သလိုဖြစ်သွားတာ။ ဟုတ်တယ်လေ ကိုယ်လဲ ဘာမှမလုပ်ရပါဘဲနဲ့ အသားလွတ်ကြီး ခံရမှာလေ ...ပြီးတော့ ဟိုကောင်တွေ ဘာလုပ်လဲဆိုတာ ကျနော်မှ မသိတာ၊ ကျနော်က ကားမောင်းနေတဲ့သူ ပြီးတော့ ကားကလဲ ပါပလစ်ကာ အမိုးပွင့်လေး ဆိုတော့ နောက်ခန်းမှာ ဘာတွေဖြစ်တယ် ဆိုတာ အတိအကျ ဘယ်သိနိုင်မှာလဲ။ ဒီလိုနဲ့ ကျနော်လဲ မနေ့က ကိုယ်သိတာတွေ ကိုယ်လုပ်ခဲ့တာတွေ အကုန်ပြောရတော့တာပေါ့။ ဒါနဲ့ အဲဒီကြဲချခဲ့တဲ့ စာရွက်ပြပါ ကျနော်ကိုယ်တိုင် ဘယ်သူကြဲချခဲ့သလဲဆိုတာ ရှာပေးမယ်တော့လဲ သူတို့မပြနိုင်ကြဘူး။ အမှုဆင်တာကလဲ တော်တယ်ပြောရမယ် ကျနာ့်အမေကို NLD အဖွဲ့ဝင် အဲဒါအမေကနေပြီး ကျနော်တို့ကို ဒဂုံတက္ကသိုလ်ထဲသွားပြီး စာကြဲခိုင်းတာ အဲဒီမှာ ကျနော်က ခေါင်းဆောင် ဆိုပြီး လုပ်ရောဗျို့ ...။ ဖြစ်ပုံများနော် ... အမေကပါ ကြားချောင်ပါလာတာ။

အဲဒါ နောက်ပိုင်း ဘယ်လိုဖြစ်လဲဆိုတော့ အမေကလဲ ရပ်ကွပ်က မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အဖွဲ့မှာ နာယက ဖြစ်နေတာ သူတို့ သိသွားတော့ ကျနော့်သူငယ်ချင်းတယောက်ယောက်ထဲက ဒီအခွင့်အရေးကို အသုံးချသွားတာ ဖြစ်ပြန်ရော ...... ။ အဲဒီမှာနော် ကျနော်တို့ အားလုံး ၁၃ယောက်လားရှိတာ အုပ်စု ၃စု ခွဲလိုက်တယ်၊ ၃အုပ်စုလုံး တယောက်နဲ့ တယောက် စကားမပြောရဘူး။ မြင်နေ၊တွေ့နေရတာနော် လုံးဝ စကားမပြောရဘူး၊ စဉ်းစားကြည့် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာများ ပြောပါတယ်။ ဘယ်သူဖြစ်ဖြစ် အဲဒီအချိန်မှာ မင်းကို ဘာမေးတာလဲ၊ ငါ့ကိုဘာမေးတယ် စသည်ဖြင့်ပေါ့ ပြောချင်ကြမှာပဲလေ ..ခုတော့ မြင်နေရတဲ့ဟာကို စကားမပြောရဘူးဆိုတော့ ဘယ်လောက် အသည်းယားမလဲ။

နောက်တခါ နေပြည်တော်ရဲက ကျနော့်ကိုစစ်ပြန်တယ်၊ ဒီလူက စစ်ဆေးမေးမြန်းတဲ့ အထဲမှာ စိတ်ဓာတ်စစ်ဆင်ရေး အကြမ်းဆုံးပဲ။ သေနတ်တွေဘာတွေ စားပွဲပေါ် ဘုန်းဒိုင်းဆို ပစ်ချပြီး ကျည်တွေထည့်ပြ၊ ဘာပြပေါ့ ... ဒါပေမဲ့ ကိုယ်ထိလက်ရောက်တော့ လုံးဝမလုပ်ဘူး၊ စိတ်ဓာတ်ကိုတော့ ရေလည်ချတာ .... သူမေးပြီးတော့ .... အမှုစစ်အရာရှိ၊ စခန်းမှုး၊ မြို့နယ်မှုး၊ နေပြည်တော်ရဲနဲ့ နောက်တယောက်ရဲဘဲ ဘာကောင်လဲတော့ မသိဘူး အားလုံး ၅ယောက်က ကျနော့်တယောက်ထဲကိုပဲ တယောက်တခွန်း မနားတမ်း ဆက်တိုက်မေးတာ၊ တယောက်မေးတာ ဖြေလို့ မပြီးသေးဘူး နောက်တယောက်က နောက်မေးခွန်းထပ်မေးနဲ့ လူကို ရူးပါရူးချင်သွားတာ။ ရေလဲမတိုက်၊ ထမင်းလဲ မကျွေး ဒီအတိုင်း မေးသမျှဖြေ၊ ခေါ်ရင်သွားနဲ့ ကျနော်တောင် ဒီမှာ နာရီပိုင်းလောက်ကို ဒီလောက် ခံစားလိုက်ရတာ နိုင်ငံရေး တကယ်လုပ်လို့ အဖမ်းခံရတဲ့သူဆို ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ပေတော့ ....။ အတွေ့အကြုံ မရှိတာရော၊ ငယ်သေးတာရော၊ ဗလိုင်းကြီး အဖမ်းခံရတာကြောင့်ရော ... စိတ်ကထွေပြားသွားတာနေမှာ။

နောက်ဆုံးတော့ မနက်၃နာရီလောက်ကျတော့ ကျနော်တို့ကို ဘာမှမဟုတ်ဘူး စောက်ကမြင်းကြော သက်သက်ထတာမှန်းလဲ သိသွားပါတယ်။ ဒီလိုနဲ့ ပြန်လွှတ်ဖို့ လုပ်တော့ သူငယ်ချင်းတွေရဲ့ မိဘတွေကို ခေါ်ခိုင်းပါတယ် သူတို့လက်မှတ် ထိုးမှ ကျနော့် သူငယ်ချင်းတွေကို လွှတ်ပေးမယ်လို့ ပြောလာပါတယ်။ ဒီတော့ သူငယ်ချင်းတွေကလဲ မိဘခေါ်ရမှာ ကြောက်ကြတယ်လေ ... စခန်းထဲလဲ မနေချင်ကြတော့ဘူး ဒီတော့ သူတို့မှာ အားကိုးရမဲ့သူဆိုလို့ ကျနာ့်အမေပဲ ရှိတော့တာ။ အဲဒီမှာ အမေက ဒီကလေးအကုန် ကျမ တာဝန်ယူပြီး လက်မှတ်ထိုးမယ် ဆိုတော့ မြို့နယ်မှုးက အမကြီး သေချာမှလုပ်နော် တော်ကြာ ဒီကောင်လေးတွေထဲက တယောက်ယောက် နိုင်ငံရေးနဲ့ ညိုလာရင် အာမခံထားတဲ့ အမကြီးကို ကျနော်တို့ အရင်ဆုံး လာဖမ်းမှာလို့ ပြောတော့ အမေက ရတယ် ကြိုက်တဲ့ အချိန်လာခဲ့ ...ဒီကလေးတွေ ကျမအိမ်ကို လာတာ ကျမ ပြန်ပို့ပေးရမဲ့ တာဝန်ရှိတယ်။ နောက်ကိစ္စ၊ နောက်ထား လောလောဆယ် သူတို့ကို အိမ်ပြန်ပို့ရမှာ ကျမတာဝန်ဆိုပြီး လက်မှတ်ထိုးထုတ်ခဲ့ရပါတယ်။

အဲဒီမှာ ကြားချောင် အဆော်ခံရတဲ့သူကတော့ ကျနော်တို့ အိမ်နောက်ဖေးက ကားလာမောင်ပေးတဲ့ ကိုကြီးကျော်ပေါ့ဗျာ..။ သူ့ကို ကျနော့်ရှေ့မှာတင် နေပြည်တော်ရဲက နာရင်းဖြတ်အုပ်တာ မြန်လိုက်တာမှ ကိုကြီးကျော်လဲ ကာတာပဲ ဒါပေမဲ့ မရဘူး အရှိန်ဘယ်လောက်ပြင်းလဲဆို ခေါင်းပါစိုက်ကျသွားတာ။ ပြဿာနာပြီးတော့ ကိုကြီးကျော်ကိုရေ ကားလာမောင်းပေးပါဦးလို့ ကျနော်ခေါ်မိရင် .... နေ ...နေပါစေ ကိုကိုအိမ်ရယ်၊ မင်းလဲ မောင်းတတ်နေတာပဲ မင်းဟာမင်းသာ မောင်းသွားပါတော့ကွာ ... ငါနားရင် ထပ် အအုပ်ခံနေရပါဦးမယ် ဆိုပြီး သူ့ခမျာ ခေါင်းတခါခါ ဇက်ပိုးလေး တသသနဲ့ အကြောက်အကန် ငြင်းရှာတာ ကြည့်တောင်မကောင်းဘူး။ ဒါတောင်ကျနော်က .... ကိုကြီးကျော်ကလဲ ကျနော် လိုင်စင်မရှိလို့ပါဗျ ဆိုလဲ ... မောင်းသာမောင်းပါကွာ မိတော့လဲ လိုင်စင်မေ့ကျန်ခဲ့လို့ဆိုပြီး ၂၀၀ပေးလိုက်ရင် ရပါတယ် ငါ့ကောင်ရာ မလိုက်ပါရစေနဲ့တဲ့ ..... ။
 သြော် .... ပြီးတော့ ကျနော့်သူငယ်ချင်းတွေ စာကြဲချခဲ့တယ်ဆိုတာ အဲဒါ ကျနော်တို့ ကျောင်းက မေးခွန်းစာရွက်တွေကို ဖြဲပြီး ကြဲချတာခဲ့တာ၊ ပြီးတော့ ခွပ်ဒေါင်းအလံနဲ့ ခေါင်းစည်းဆိုတာလဲ မဟုတ်ပါဘူး၊ ဘိတ် ဆိုတဲ့ ကောင်က အဲဒီနေ့ အနွေးထည် အနီရောင်ဝတ်လာပြီး နေပူလာတော့ ခေါင်းပူလို့ဆိုပြီး ခေါင်းမှာ စည်းထားလိုက်တာပါ။ ဖင်လှန်ပြတာက အောင်ကျော်ကျော်ဆိုတဲ့ကောင် ... အမှန်က ပါလစ်ကာ အဖြူလေး ကားပြိုင်မောင်းရင်း အဖြူလေး ရှုံးသွားတော့ ဖင်လှန်ပြပြီး နောက်လိုက်တာပါ။ဒီကောင့်ကို မိန်းကလေးလို့ ထင်လဲ ထင်ချင်စရာ သူ့တင်ပါးက မိန်းကလေးလိုပဲ ကြီးမှကြီး ... ဟိ ...အဲဒါကြောင့် မိန်းကလေးထင်တာ နေမှာပါ။

ဒီ ပါပလစ်ကာ ဗ/၁၃၂၃က ကျနော့်ကို တော်တော်ဒုက္ခပေးခဲ့တဲ့ကားပါ၊ အဖေ့ကိုလဲ ဒီကားနဲ့ပဲတိုက်ခဲ့တာပါ။ ဒီအကြောင်း ဒီမှာရေးထားပါတယ်။ နယ်ထိန်းကိုလဲတိုက်ဖူးတယ်၊ အခု ဒီပို့စ်မှာလဲ ဒီကားပဲ ....။
ကမြင်းတာ ... လက်လွန်သွားတယ် ခေါ်မလား ...ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားတယ်ပြောရမလားတော့ မသိဘူး၊ ဘဝမှာတော့ မေ့လို့ မရတဲ့ အဖြစ်အပျက် တခုပါပဲဗျာ ....။



4 Response to ကျနော်နိုင်ငံရေးသမား(သို့)ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ၁၅

13 December 2010 at 22:28

နောက်ဆို သတိထားအိမ်ရေ .. ကိုယ့်ကားနောက်ခန်းက ဘာတွေ လုပ်နေတယ်ဆိုတာ နောက်ကြည့်မှန်ကနေ ကြည့်ရတယ် .. ကြုံတုန်း ချာဝင်လုပ်သွားတယ် .. ဒန်တန်တန်

13 December 2010 at 22:30

နောက်ဆို သတိထားအိမ်ရေ .. ကိုယ့်ကားနောက်ခန်းက ဘာတွေ လုပ်နေတယ်ဆိုတာ နောက်ကြည့်မှန်ကနေ ကြည့်ရတယ် .. ကြုံတုန်း ချာဝင်လုပ်သွားတယ် .. ဒန်တန်တန်

AMK
14 December 2010 at 15:04

ကျွတ်စိန်နော် ဘလိုင်းကြီး လိုင်းလာပူးတာ

16 December 2010 at 14:58

ဖစ်မှ ဖစ်ရလေ ကိုအိမ်ရယ်.. . . စာတွေ ပြန်ရေးနေပြီပေါ့ :P

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း