Wednesday, October 06, 2010

နောင်နှစ်၂၀

4
ဘာရယ်မဟုတ်ဘူး စဉ်းစားကြည့်တာ။ နောင်နှစ်၂၀ဆို ကျနော်တို့အားလုံး ဘာတွေဖြစ်မလဲ၊ ဘာတွေလုပ်နေကြမလဲ ဆိုတာကိုပါ။
နောင်နှစ်၂၀ .... နောင်နှစ်၂၀မပြောနဲ့ နောင်မိနစ်၂၀မှာတောင် ဘုရားမှလွဲလို့ ကိုယ်ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အပျင်းပြေလေး တွေးကြည့်မိတယ်။ နောင်နှစ်၂၀ဆို ကျနော်တို့ အခုရေးခဲ့တဲ့စာတွေ ရှိနေပါဦးမလား .... ဘယ်အရာမှမမြဲတဲ့င်္သခါရသဘောကြောင့် ပျက်ချင်လဲ ပျက်မှာ၊ ရှိချင်လဲ ရှိနေဦးမှာပေါ့။ ရှိနေခဲ့ရင် ကိုယ်ရေးခဲ့တဲ့စာတွေက တကယ်ကို လွမ်းမောစရာတွေဖြစ်နေမှာ အသေအချာပါပဲ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုခံစားပြီး ရေးခဲ့တယ် ဆိုပြီး လွမ်းမောမိကြမှာပါ။ အဲဒီအခါကျ.. လက်ရှိကိုယ်ဖြတ်သန်းနေရတဲ့ ဘဝနဲ့နှိုင်းယှဉ်ပြီး အားတက်စရာ ဖြစ်ချင်လဲ ဖြစ်မယ်၊ အားယုတ်စရာ ဖြစ်ချင်လဲဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ .... လွမ်းစရာ အချိန်တွေ၊ ဘဝရဲ့အမှတ်တရ မှတ်တိုင်လေးတွေဆိုရင် မမှားဘူးပေါ့။

ကဲ ...... စာကတော့ဟုတ်ပါပြီ .... ရေးတဲ့သူတွေကျတော့ရော ....... တချို့လဲ လောကကြီးကို အရှုံးပေးသွားကြတဲ့သူတွေ၊ လောကကြီးကို ခါးစောင်းတင်တဲ့သူတွေ၊ ဟိုမရောက်၊ ဒီမရောက် ပုံမှန်ရှိနေသူတွေ၊ ရုပ်ရှင်မင်းသား ကိုကျော်သူကား မိန့်မိန့်ကြီး စီးသွားသူတွေ၊ စသည်ဖြင့်ပေါ့ ရှိကြမှာပါ။ ဘာပဲဖြစ်ဖြစ်ပါ၊ သတ္တဝါတွေ အားလုံး သက်ရှည်ကျန်းမာကြပါစေလို့ ဒီနေရာက ဆုတောင်းပေးပါတယ်။

ကဲ .... ကျန်းမာအသက်ရှည်ပြီပဲဆိုပါစို့ .... ကျနော်ကနောင်နှစ်၂၀ဆို အသက်က ၅၀ပေါ့ ... အဲဒီအချိန် ဘာတွေ ဖြစ်နိုင်မလဲဆိုတော့ ....နိုင်ငံခြားက အပြီးပြန်လာပြီး တယောက်ထဲ တကိုယ်ထဲနေပြီး .... တနေ့တနေ့ စိပ်ပုတီးလည်ပင်းဆွဲပြီး တရားရှာနေတာ ကေတီဗွီဆိုင်၊ အလှပြင်ခန်းမ အမည်ခံထားတဲ့ အနှိပ်ခန်း၊ နိုက်ကလပ်၊ ဒေးကလပ်၊ ဘီယာဆိုင်က အဆိုတော်မလေးတွေ ပန်းကုန်းလိုက်စွပ်နဲ့ လှည့်ပါတ်တရားရှာတာတဲ့ ... ကြည့်စမ်း ....။ အမှန်တော့ အကောက်လွဲတာပါ၊ ဆရာအတင်မှားတယ်ဆိုလဲ မမှားဘူးပြောရမှာပေါ့၊ ဆရာရင်းဖြစ်တဲ့ ကိုလင်းထက်က ဘုန်းကြီးဝတ်သွားတယ် သတင်းကြားလို့ သွားမေးတာ ... "ဒကာကြီး တရားဆိုတာ ဝေးဝေးလံလံလိုက်ရှာစရာ မလိုဘူး ကိုယ့်ပါတ်ဝန်းကျင်မှာပဲ ရှိတယ် "ဆိုလို့ လိုက်ရှာနေတာတဲ့လေ ... ပါးပိတ်ရိုက်ချင်စရာ ....။

ဟော .... ကိုဟိန်းမောင်(အချစ်မဲ့ဂစ်တာ) ကျတော့ရော ဘာထူးလဲ .... အသက်ကြီး ခေါင်းဖြူမှ အင်တာနက်ဆိုင်မှာ ကလေးတွေကြားထဲအတင်းဝင်တိုး ချက်တင်းထိုင်ပြီး အွန်လိုင်းပေါ်ကဖွန်လေးတွေကို ကြောင်လို့ကောင်းနေတုန်း။ အိမ်က မယားကိုကျတော့ ကိုယ်အလုပ်သွားလုပ်ဦးမယ်ဆိုပြီး ... ညာတယ်။ ကိုယ်တွေနဲ့တွေ့လို့ ပြောလိုက်ရင်တော့ နိုင်ငံခြားရောက်နေတဲ့ သားနဲ့ စကားသွားပြောတာပါတဲ့ .... ။ တခါတလေလဲ ကျနော်နဲ့ နိုက်ကလပ်တို့ ဘာတို့လိုက်လာပြီး ကျနော့်နားက ဟာလေးတွေကို နှိုက်မြည်းသေးတာ (အစားအသောက်တွေ ပြောပါတယ်)။ အဲဒါပဲ ကြည့် ဘယ်လောက်ဆွဲထိုးချင်စရာ ကောင်းလဲဆိုတာ ....။

မောင်ရေခဲကရော ဘာထူးလဲ .... သူ့ရဲ့လွန်တဲ့နှစ်၂၀က ပုံလေးကို ဖေ့ဘွတ်မှာ တင်ပြီး ဟိုကောင်မလေး ကြောင်လိုက်၊ ဒီကောင်မလေးကြောင်လိုက် နောက်ဆုံးတော့ ဖုန်းမောင့်တကိုယ်ထဲ ဖြစ်ဖြစ်ကျန်ခဲ့တာပဲ အဖတ်တင်တယ်၊ ခေါင်းဖြူ၊ သွားကျိုးတဲ့အထိဇွဲက မလျှော့သေးဘူး။ နှာကအဲဒီလောက်ကြီးတာ ...။ သူ့ကိုယ်သူလဲ ကဗျာဆရာဆိုပြီး လူကြားထဲလျှောက်ကြွားသေးတာဗျား .... ။ မြန်မာစာလုံး (က) ကကြီးကိုတောင် (ယ)ယပလက်ဆိုပြီး ဇောက်ထိုးဖတ်တဲ့သူက ကဗျာဆရာတဲ့ ... အံ့သြကုန်နိုင်ဖွယ်ပါပဲ။ ဒါပေမဲ့ ဘယ်သူစိတ်ချမ်းသာရင် ဘယ်တဝက်ငြိမ်းချမ်းတယ်ဆိုလား .... မြန်မာစကားပုံထဲကလိုပေါ့နော် သနားလို့ ဘာမှမပြောကြတာ သူ့ကိုယ်သူတော့ အဟုတ်ကြီးထင်နေတာပေါ့။

ကျော်ညိုသွေး .... မပြောနဲ့ အဲဒီလူက ကဗျာဆရာလိုလို၊ ကွက်စိပ်ဆရာလိုလို၊ ပုံစံက ဂင်တိုတို၊ ထောင်ထွက်ကေနဲ့ လူမိုက်ရုပ်၊ မသိတဲ့သူတော့ ကျွတ်စဉ်ပေါ့။ သိတဲ့သူတွေကျတော့ နားရင်အုပ်သွားရတာနဲ့ နားပန်ကျင်သွားရတာနဲ့ သူ့ခမျာတနေ့တနေ့ မသောက်ရဘဲကိုမူးနေတော့တာ ..။ မူးမူးနဲ့ပဲ စပ်လိုက်တဲ့ကဗျာတွေကလဲ ... ဖတ်ရတဲ့သူကို မူးရော ... ဘာတွေရေးမှန်းမသိလို့လေ ..။ သူနဲ့သူ့အမျိုးသမီးနဲ့ကလဲ တနေ့တနေ့ တခြိမ်းခြိမ်း ဆော်နေကြတာ(ရန်ဖြစ်တာကိုပြောတာနော်) ရပ်ကွက်ထဲမှာတော့ နာမည်ကြီးပေါ့။ ဟုတ်လဲဟုတ်တာပဲ ဒင်းက ကဗျာတွေ၊စာတွေပဲ ဖွဲ့နွဲ့သီကုံးပြီး ပိုက်ဆံကျတော့ တပြားမှမရှာဘူးလေ။

ကိုဖိုးဂျယ် ... သူကတော့ မိဘလက်ငုတ်လက်ရင်း ဆိုင်လေးဖွင့်ပြီး ဈေးသည်ကြီးဆန်နီလုပ်စားနေတာ ဆိုင်ပြုတ်လုနီးနီး ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ ဆိုင်လာဝယ်တဲ့ ကောင်မလေးချောချောဆိုရင် သူ့အိမ်က ဟာကြီးမသိအောင် ပိုထည့်ပေးရတာနဲ့၊ ဈေးလျှော့ပေးရတာနဲ့၊ အဆစ်ပေးရတာနဲ့ မိဘထားခဲ့တဲ့ အမွှေး ..အဲလေ အမွေလဲ သူဖွန်ကြောင်တာနဲ့ ပြုတ်ပြုတ်ပြုံးလုနီးပြီ။ ဒါလဲအမှတ်ကမရှိဘူး သူ့အပြောကတော့ ဝဋ်ကြွေးရှိလို့ ဆပ်နေတာတဲ့ .... ကြည့်စမ်း ... ကိုယ့်ဟာကိုယ်နှာဘူးထတာများ ဝဋ်ကြွေးတဲ့ .... ။ ဟိုတနေ့ကပဲ သူ့ဆိုင်မှာ ကောင်မလေးချောချော တယောက် နာဖာကလော် တချောင်း လာဝယ်တာ၊ နဖာကလော်တွေ ပရိုမိုးရှင်းလုပ်လို့တဲ့ ၅၀၀၀တန်ထီးတလက် လက်ဆောင်ပေးလိုက်သတဲ့လေ.... ။

ကိုဇင်ယော် .... သင်္ဘောတက်လိုက်၊ ပြန်ဆင်းလိုက်၊ ပြန်တက်လိုက်နဲ့ .... သူတခါတက်တိုင်း ... (rod stewart) ရဲ့ i'm sailing  သီချင်းဆိုရတာလဲ မောကိုမမောနိုင်ဘူး။ သူ့အမျိုးသမီးကလဲ သူဆိုတဲ့ သီချင်းကို selling ကြားသလားတော့ မပြောတတ်ဘူး၊ သူရှာသမျှဒေါ်လာတွေ ရောင်းစားတာ... ကိုယ့်လူမှာ အသက်ကြီးခေါင်းဖြူတဲ့ အထိ သင်္ဘောလိုက်နေရတာ မမောနိုင်မပန်းနိုင်နဲ့ ဘုရားရိပ်၊ တရားရိပ်တောင် မရောက်ရရှာဘူး ခမျာ... သနားစရာကိုဖြစ်လို့။

မောင်စိန်လျှံထွန်း(ဖိုးစိန်)တို့ကျတော့ ... တရားရပြီး တောထွက်သွားတာ ... ဘာကြာသေးလို့လဲ တနေ့ကလမ်းမှာ မိန်းမ ဘယ်တယောက်၊ ညာတယောက်နဲ့ တွေ့လို့ လှမ်းနှုတ်ဆက်ပြီး ဘာလို့ တောထွက်ရာက ပြန်လာတာလဲ၊ သူတို့ကဘယ်သူတွေလဲမေးတော့ ....  ဘဝဇာတ်ဆရာရဲ့ ကူလီကူမာ၊ လုပ်မှုကြောင့် တောထဲမှာ သူယောင်မယ်လေး ၂ယောက်ရတာနဲ့ လောကီဝဋ်ကြွေးပြန်လာဆပ်တာတဲ့ ... ကြည့်စမ်း ဘယ်လောက်နားရင်း၊ပရင်းရိုက်ချင်စရာကောင်းလဲ ... သူ့ဟာသူ ကမြင်းပြီး မိန်းမ၂ယောက် ယူတာ ဘဝဇာတ်ဆရာ လွှဲချတာ၊ ဇာတ်ဆရာကြားရင်း ကားလိပ်ချတဲ့ ကြိုးနဲ့ သူ့ကို လိုက်ညုစ်သတ်မှာ မြင်သေးတယ်။

မောင်မျိုး ....  သူကျတော့ .. နဂိုထဲက ရယ်တာတောင် နလန်ထူစ မျောက်အိုကြီးလို ရွဲ့စောင်းစောင်း ရယ်တတ်တဲ့သူ အသက်ကကြီးလာတော့ အပေါ်သွားနဲ့ အောက်သွား အလိုင်းမင်း လွဲနေပုံများ ... တချို့က အိမ်ရှေ့အဖီလေးထင်ပြီး မိုးလာခိုရတာနဲ့၊ ရေကန်ထင်ပြီး ရေလာခပ်တဲ့သူနဲ့ ... စုံလို့။ သူ့ကျတော့ ဝါသနာလားတော့ မပြောတတ်ဘူး၊ ကိုယ့်အသက်အရွယ်မှ ကိုယ်အားမနာဘူး အလှပြင်ဆိုင် ဖွင့်ထားသတဲ့လေ ....။ အသက်ကြီးမှ ကြော်မကောင်း ကြားမကောင်းရောဂါနဲ့ ဂိမ်ချင်လို့လား မသိဘူး.။

young gunner ကျတော့ ငယ်ငယ်ကထဲက ဗေဒင်ဝါသနာပါသူဆိုတော့ အခုလိုအသက်ကြီးလာတော့ စဉ်းစားကြည့်ပေါ့။ အဲဒါ ဟောခန်းဖွင့်ပြီး ဖျီးဖြန်း ..အဲလေ ... ဟောစားတာ တိုက်နဲ့ကားနဲ့၊ ဟန်းဖုန်းနဲ့ သူ့အမျိုးသမီးကလဲ ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့ အဟောခံရသူတွေတော့ ဘယ်လိုနေလဲ မပြောတတ်ဘူး ဟောစားတဲ့သူကတော့ အတော့်ကိုထောတာ၊ တနေ့တနေ့ ဟောခန်းလာပြီးမှာ လူများလွန်းလို့ ဘွတ်ကင်ယူတဲ့သူနဲ့ အင်တာနက် အီးမေး ကနေမေးကြတဲ့သူနဲ့၊ ဖုန်းနဲ့မေးတဲ့သူနဲ့ သူ့ခမျာအပါတ်ကိုမလည်ရှာဘူး။ တနေ့ကြုံလို့ မေးကြည့်တော့ ဘယ်လိုပြောတယ် မှတ်တုန်း .... " ဒီလိုပါပဲတဲ့ ပါးစပ်ထဲ ရှိတာပြောလိုက်တာတဲ့ " ... ကောင်းရောဗျာ ...။

ဟော ... မြစ်ကျိုးအင်း တို့ကျတော့ အသက်ကြီးမှ ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ ဘဝကို ၁ကပြန်စမယ်ဆိုပြီး သူ့အမေဗိုက်ထဲ ပြန်ဝင်မယ်လုပ်လို့ မနဲတားထားရတယ်။ သူပြောလဲ ပြောချင်စရာ သူ့ဘဝတလျှောက်လုံး အမှားတွေချည်းလုပ်လာတာလေ၊ သူ့အပြောကတော့ "အမှန်ကိုရဖို့ အမှားအရင်ကျူးလွန်ရတယ်တဲ့ ဒါမှ အမှန်ရမှာ၊ အမှန်ဆိုတာ သိမှာ" ဆိုပဲ ...။ အဲဒီလိုနဲ့ ကျူးလွန်လာလိုက်တာ အသက်၆၀ကျော် ခေါင်းဖြူ၊ သွားကျိုးမှ ရေချိုးတာ ညဘက် အချိန်မှားချိုးမိလို့တဲ့ ကိုယ်တခြမ်းသေသွားတယ်လေ .... ။ သူ့ခမျာ အမှန်တွေကို ဘဝနဲ့ရင်းပြီး သင်ယူလာပြီးမှ အသက်အရွယ်ကလဲ မီးဇာကုန်ဆီခမ်း၊ နေဝင်မိုးချုပ်ရောက်ခါနီးလို့ အမှန်တွေပဲ လုပ်တော့မယ် ဆိုခါမှ သောက်ကျိုးနဲ့သွားတာလေ .. ကိုင်း ....။ ဘဝကို၁ကပြန်စမယ် ဆိုပြီးသူ့အမေဗိုက်ထဲ ပြန်ဝင်မယ် လုပ်တာ ဒါ့ကြောင့်ပေါ့။

ကဲ .... ကျန်တဲ့သူတွေကိုတော့ ဆက်ရေးချင်ပေမဲ့ ကျနော်နဲ့ သိပ်မသိတာက တကြောင်း၊ သူတို့အကြောင်း သိပ်မသိတာက တကြောင်း၊ တချို့လဲ သိပေမဲ့ အွန်လိုင်းပေါ် မတွေ့မိတော့ ခွင့်တောင်းဖို့ မဖြစ်နိုင်လို့ကတကြောင်းကြောင့် ဆက်မရေးတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် တနွယ်ငင် တစဉ်ပါ ဆိုသလိုပေါ့ အခုကျနော်ရေးထားတဲ့ လူ၉ယောက်ကို ပြန်ပြီး TAG လိုက်ပါတယ်။ ဒီတော့ သူတို့ကပဲ ဆက်လက်ပြီး ရေးကြဖို့ တိုက်တွန်းပါတယ်။ ကိုယ့်စိတ်ကူးထဲ ပေါ်လာသလိုရေးကြပါ။ ကြိုတော့ပြောမယ်နော် ရေးမယ်ဆို ကာယကံရှင်ကိုအရင်ပြဦး သူသဘောတူမှ ပို့စ်တင်ပါ။ တော်ကြာ အပျော်ပွဲက ဆော်ပွဲတွေဖြစ်ကုန်မှာစိုးလို့ပါ။
ဒီအထဲမှာ မိန်းကလေးတွေ မပါတာကတော့ မသင့်တော်ဘူးထင်လို့ပါ။ အခုတောင် ပို့စ်မတင်ခင် ကာယကံရှင်တွေကို ကျနော်ရေးထားတာလေး ပြမိတာ၊ ဆဲလိုက်ကြတာ မိုးကိုမွှန်ရော။ မဟုတ်ကဟုတ်က ရေးလို့တဲ့ .... ကျနော်ကလဲ ကြိုက်လား၊ ကြိုက်ရင်ပို့စ်တင်မယ်၊ မကြိုက်လဲတင်မယ်ပြောလို့ မင်းဘလော့ပဲ လုပ်ချင်တာလုပ်ပေါ့ ... အေး ... ဂွင်ကြုံရင်တော့ နာဖို့သာပြင်တဲ့ .... . ဒီတော့ ဒါနဲ့တင်တော်တော် ကြောက်စရာကောင်းနေတာ မိန်းကလေးတွေပါ ထည့်ရေးရင်တော့လား .... .... ။
ကဲ ဆက်ရေးပေးကြမဲ့သူတွေကတော့ ကိုဟိန်းမောင်(အချစ်မဲ့ဂစ်တာ) ကိုကျော်ညိုသွေး၊ ကိုအရုပ်ကလေး(ရေခဲရေ) ကိုစိန်လျှံထွန်း(ဖိုးစိန်) ကိုဇင်ယော်၊ ကိုဖိုးဂျယ်၊ ကိုရမ်းဂန်နာ၊ ကိုမြစ်ကျိုးအင်း၊ ကိုမောင်မျိုး တို့ပါပဲ။ ဆက်ဆက်ရေးပေးကြပါ။ ဒါပဲ ..... ။

4 Response to နောင်နှစ်၂၀

11 October 2010 at 10:16

ဦးအိမ် ကြောက်သွားပြီ မိန်းကလေးထုအင်အားကို ခွိ ခွိ

30 October 2010 at 14:44

အင်း ဒီပို့စ်ကို ဖေ့ဘွတ်မှာ ဖတ်မိတာ အရင် ခုမှ ဘလော့ဂ်မှာ လာဖတ်တယ် အူကိုတက်လို့ စ ဖတ်တုံးက ဟားဟားးးးးးးးးးးးးး

အိမ် အိမ် ဆိုတာ သူပဲမလား နေရာတကာ သူချည်းပဲ ညက်စိတောင် နောက်တယ် ဝက်က ဝက်များ သောင်းကျန်းရမလား မှတ်ပါတယ် ဟွင်းးးးးးးးးးးးးးးးး
ဖေ့ဘွတ်မှာ ဝက်ကို လိုက်ရှာ ရှာလို့တွေ့ရင် ဆုချမယ် ဒါဗြဲ တာ့တာ

Anonymous
3 November 2010 at 00:13

အကောင့်ဖြင့်မပေးဘဲ ဘယ်လိုလိုက်ရှာမှာတုန်း

20 November 2010 at 21:33

ဗြဲ............ရီရဒယ်..

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း