Saturday, August 07, 2010

ကျွန်တော် မကောင်းဘူး(သို့) ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ၁၄

4
ကြာတာတော့ အတော့်ကိုကြာပါပြီ။ မရှိဘူးဆို ၁၂နှစ်၊ ၁၃နှစ်ပေါ့။ ဒါပေမဲ့ မေ့မရတာတော့ အမှန်ပါပဲ။ မေ့မရဘူးဆိုလို့ အချစ်အကြောင်းမထင်နဲ့ဦး အခုဖြစ်တာအချစ်နဲ့ဘယ်လိုမှ မပါတ်သက်တဲ့ ကိစ္စပါ။ အမှန်ပြောရရင်တော့ မရည်ရွယ်ဘဲ ဖြစ်ခဲ့တာဆို ပိုမှန်မယ်။ အင်းလေ .. ဒါကလဲ ကျနော့်ရဲ့ အကျင့်လိုဖြစ်နေတာလဲ ပါမှာပေါ့။ အဖြစ်က ဒီလိုပါ .....။
 ကျနော်တို့မိသားစုမှာ .... ဆရာရင်း၊ ဒကာရင်းလို့ ပြောလို့ရတဲ့ ဘုန်းတော်ကြီး ၃ပါး၊ ၄ပါးလောက်ရှိပါတယ်။ အခုတော့ တချို့ဆရာတော်ဘုန်းကြီးတွေလဲ ပျံလွန်တော် မူသွားပါပြီ။ ဒီအထဲက ကျနော့်အတွက် မှတ်မှတ်ရရ ဘုန်းတော်ကြီး ၂ပါးကတော့ ၅ထပ်ကြီး လိပ်ပြာကန်ထဲက (ကျောင်းနာမည် မမှတ်မိ) ဆရာတော်တပါးရယ်၊ ရန်ကုန်-ပဲခူး လမ်းမကြီးဘေး ပဲခူး၁၀မိုင်ကုန်းက စိတ္တသုခကျောင်းထိုင် ဆရာတော်ရယ်ပါ။ ဆရာတော်နာမည်တွေတော့ မမှတ်မိတော့လို့ မပြောပြတော့ပါဘူး။ ဒီ၂ပါးထဲက တပါးအကြောင်းကို ဒီမှာရေးဖူးပါတယ်။ အခုရေးမဲ့ဆရာတော်ကတော့ ပဲခူး၁၀မိုင်ကုန်းက ဆရာတော် အကြောင်းပါ။ ဒီဆရာတော်က ပျော်ပျော်နေတတ်သူပါ။ တရားဟောတာကအစ ဟာသလေးနဲ့ ကျနော်တို့ မိသားစုနဲ့ စကားပြောလဲ မင်းနဲ့ငါနဲ့ ဆိုပြီး ပြောသူပါ။ ဘယ်လိုပြောမလဲ ဟိတ်ဟန်မရှိတဲ့ ဘုန်းကြီးလို့ ပြောရမှာပေါ့။ ပြီးတော့ ရပ်ကွက်လား၊ မြို့နယ်မှာလား မသိဘူး သံဃာ့နာယက ဥက္ကဌ ပါ။ ဆရာတော်က ရန်ကုန်ကို သူကြွချင်တယ်ဆို ကျနော်တို့ကို လှမ်းခေါ်တတ်ပါတယ်။ ပြီးတော့ ကားမောင်းရင်လဲ နှေးတာမကြိုက်ဘူး။ ကိုယ်ကမောင်းနေရင်တောင် ဟေ့ကောင် မောင်းစမ်းပါဟ ...  မင့်မောင်းတာ နောက်က အဘွားကြီးတောင် လမ်းတောင်းနေပြီဟ .. သဘောကတော့ ကျနော်မောင်းတာ နှေးလွန်းလို့ အဘွားကြီးကတောင် ကျော်တက်ဖို့ လမ်းတောင်းနေတယ်လို့ ပြောတာပါ။

တနေ့ပေါ့ ကျနော်တို့ အိမ်ကိုဖုန်းဝင်လာပါတယ်။ ပဲခူးကပါတဲ့ ဆရာတော်ကြီး ကားတိုက်ခံရလို့ အခုချက်ခြင်း လာခဲ့ပါ...အခု ပဲခူးဆေးရုံမှာ ရောက်နေတယ် ....  ဆိုတော့ ကျနော်တို့ မိသားစု ပြာသွားတယ်။ ချက်ခြင်းပဲ ရုံးရောက်နေတဲ့အဖေ့ဆီ ဖုန်းဆက်ပြီး လိုအပ်ရင် လိုက်လာရအောင် အကြောင်းကြားတယ်။ အမေရယ်၊ အကိုရယ်၊ ယောက်ဖရယ်၊ လိုရမယ်ရပိုက်ဆံ နည်းနည်းပါးပါးရယ် ထည့်ပြီး ပဲခူးကိုချက်ခြင်း သွားကြပါတယ်။ ဘာတွေဖြစ်တယ်ဆိုတာ အကျိုးအကြောင်း သိရအောင်လဲ အမေက ကျနော့်ကို အိမ်မှာပဲနေပြီး ဖုန်းနားက မခွာဖို့ ပြောသွားပါတယ်။

ဒီလိုနဲ့ အမေက ဆရာတော်ကို အနီးကပ်ဆေးကုပေးချင်တယ်ဆိုလို့ ကျနော်တို့အိမ်ကို ပင့်လာပါတယ်။ အိမ်ရောက်တော့မှ ဆရာတော်ကို ကြည့်လိုက်တော့ ဆရာတော်ရဲ့ ဦးခေါင်းတော်၊ တံတောင်ဆစ်၊ ဒူး၊ နံရိုး နေရာတွေမှာ ပွန်းပဲ့ဒဏ်ရာတွေ ဗလဗွနဲ့ ဖူးတွေ့ရလို့ အိမ်သားတွေလဲ အံ့သြပြီး ဘယ်လိုများ ဖြစ်တာလဲဆိုပြီး လျှောက်တင်ကြတော့ ..... အခုလိုပြောပြပါတယ်။
"ငါ့ရဲ့မယ်တော်ကြီး ဆုံးတယ်ဆိုပြီး ရွာက ငါ့ညီမနဲ့ သူ့အမျိုးသားနဲ့ ကလေး၃ယောက်က ကျောင်းကိုလာပြီး အကြောင်းကြားတယ်။ အဲဒါနဲ့ ငါလဲ ချက်ခြင်း သွားဖို့ စီမံရင်း ... သွားရမဲ့ ခရီး၊ ပြီးတော့ ကလေးတွေကိုလဲ ရွာမှာကျောင်းပိတ်ထားတုန်း ကိုရင်နဲ့ မယ်သီလဝတ်ပေးချင်တယ်ဆိုလို့ ကလေးတွေကို ကျောင်းမှာထားခဲ့ပြီး ငါတို့ လူကြီး၃ယောက်ကတော့ သုံးဘီးကားနဲ့ ပဲခူးအဝေးပြေးကားဂိတ်ကို သွားကြတာ၊ လမ်းဆုံတခု ဖြတ်အကူးမှာ ငါတို့စီးလာတဲ့ သုံးဘီးကားရဲ့ ခါးလည်ကနေ တီအီ၁၁ ကဖြတ်တိုက်တာ ငါလဲ ဝုန်းခနဲ အသံကြားပြီး လေထဲလွင့်ထွက်သွားပြီင်္းနောက်ပိုင်း ဘာမှမသိတော့ဘူး။ "
စဉ်စားကြည့်ရင်တောင် တကယ်ကျောချမ်းစရာပါ ဘာကြောင့်လဲဆိုတော့ ဆိတ်သာသာရှိတဲ့ သုံးဘီးကားလေးကို ဆင်လောက်ရှိတဲ့ တီအီး၁၁က ခါးလည်ကဖြတ်တိုက်တာဆိုတော့ အခုလိုအသက်ရှင်ဖို့ လမ်းဆိုတာ ဘယ်လိုမှ တွေးလို့မရတဲ့ ကိစ္စပါ။ ဆရာတော်ရဲ့ ယောက်ဖတော်ခေါ်မလားမသိဘူး သူကတော့ ပွဲချင်းပြီးဆုံးသွားပါတယ်။ ကားဆရာနဲ့ သူ့ညီမကတော့ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်လူနာဆိုပြီး ပို့လိုက်ကြပါတယ်။ ဆရာတော်ကြီးရဲ့ စကားအရ မျှော်လင့်ချက် သိပ်မရှိဘူးလို့ ပြောပါတယ်။ ကားဆရာကတော့ ကားတိုက်မှုဖြစ်ပြီး နောက်တနေ့မှာပဲ ဆုံးပါးသွားပါတယ်။

ဒီလိုနဲ့ ဆရာတော်ရဲ့ ညီမကိစ္စက ကျနော်တို့ ခေါင်းပေါ် ကျလာပါတယ်။ ဒါကလဲ ဆရာတော်က ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့အပြင်သူ့မယ်တော်ဈာပနကိစ္စအတွက် စိတ်ညစ်နေတာရော၊ ကျောင်းမှာကျန်ခဲ့တဲ့ လူမမယ်ကလေး ၃ယောက်ရှေ့ရေး တွေးပူနေတာရော၊ ရဲစခန်းက ခဏခဏဖုန်းဆက်ပြီး ဆရာတော်ကြီးဆီ အမှုနဲ့ ပါတ်သက်ပြီး မေးမြန်းစုံစမ်းနေတာရယ်ကြောင့် ဆရာတော်ဘုရားကို ဘယ်မှမကြွဘဲ အိမ်မှာပဲသီတင်းသုံးပြီး ဆရာဝန်ပင့်ထားရပါတယ်။ ဆိုတော့အမေက..... ဆေးရုံမှာ အိမ်နားကအသိကို လူနာစောင့်ထား၊ ငွေကြေးအနည်းငယ်ထားခဲ့ပြီး လိုအပ်ရင် ဖုန်းဆက်ဖို့ အိမ်ဖုန်းနံပါတ်၂ခုပေးခဲ့ ပါတယ်။

ဆရာတော်ခမျာလဲ ဒုက္ခသာစုပြုံခံစားနေရတာ အပြုံးအရယ်တော့မပျက်ဘူးဗျ။ တရားလက်လွတ်မဖြစ်ဘူး ထင်ပါရဲ့ သာမာန်လူသာဆို ဘယ်လိုခံစားနေရမလဲဆိုတာ စဉ်းစားသာကြည့်။ သူဖြစ်ခဲ့တာပြောပုံလဲ ကြည့်ဦးလေ ..." ငါ့နှယ်ကွာ သုံးဘီးကားရှေ့ခန်းထဲကနေ မှန်ကိုဖောက်ထွက်သွားတာများ စူပါမန်းလားမှတ်ရတယ်။ သင်္ကန်းကလဲ အနီရောင်ဆိုတော့ အဟေဟေ ... ပဲခူးကလူတွေတော့ ဘုန်းကြီးစူပါမန်း တွေ့ဖူးသွားတာပေါ့ကွာ။ " အဲဒါသာကြည့်ပေတော့ ...။

၃၊ ၄ရက်လောက်နေတော့ ဘုန်းဘုန်းလဲ အတော်လေးသက်သာသွားပါတယ်။ သူသာ ကားထဲမှာပဲ ပိတ်မိပြီး အတိုက်ခံရရင်တော့ တမျိုးတမြည် ဖြစ်ဦးမှာပါ။ အဲ... ပြောဖို့ တခုကျန်နေတယ် .... အဲဒီတုန်းက ကျနော်တို့အိမ်မှာ ဖုန်း၂လုံး ရှိပါတယ်။ တလုံးက ရေဒီယိုဖုန်းပါ။ (ဒီရေဒီယိုဖုန်းနဲ့ အဘွားကို နောက်ခဲ့တဲ့ အကြောင်း ဒီမှာရေးဖူးပါတယ်။ တလုံးကတော့ အဖေ့ကိုရုံးကပေးလို့ ဝယ်ယူထားတဲ့ ဖုန်းပါ။ ဆိုတော့ကာ .... ကျနော်တို့ အိမ်က ၂ထပ်ဆိုတော့ အောက်ထပ်မှာ အဖေ့ဖုန်းကိုထားပြီး အပေါ်ထပ်မှာ ရေဒီယိုဖုန်းကို ထားပါတယ်။ ဒီတော့ အောက်ထပ်မှာပဲ သီတင်းသုံးနေထိုင်တဲ့ ဆရာတော်အတွက် ဖုန်းကို သူ့အနားမှာပဲ ထားပေးထားပါတယ်။ ဒါကလဲ ခုနပြောသလိုပေါ့ ပဲခူးရဲစခန်းက အမှုအတွက် ဖုန်းဆက်တာရော ရန်ကုန်ဆေးရုံကြီးက ဆရာတော့်ညီမသတင်း အတွက်ရော ထားပေးတာပါ။

ဒီလိုနဲ့ ဆရာတော်အိမ်ရောက်လို့ ၄၊ ၅ရက်လောက်ကြာလာပါတယ်။ အဲဒီနေ့က ကျနော် အိမ်မှာပဲ ရှိနေတဲ့ အချိန်ပေါ့၊ ကျောင်းကလဲပိတ်ထား၊ ဝိုင်းကျူရှင်သင်ပေးတဲ့ ဆရာကလဲ မလာနိုင်ဘူးလို့ ဖုန်းဆက်ထားတော့ ပျော်နေတာပေါ့နော်...။ ဒီလိုနဲ့ သူငယ်ချင်းဆီဖုန်းဆက်တော့လဲ မရှိ၊ ကိုယ့်မှာကလဲ ဖုန်းဆက်ပြီး စကားပြောရအောင် အသိမိတ်ဆွေလဲ မရှိ၊ ရည်းစားကလဲ မရှိဆိုတော့ ... ပျင်းပျင်းရှိတာနဲ့ အောက်ထပ်ကဖုန်းကို ခေါ်လိုက်ပါတယ်။

" ဟလို .... ဘယ်သူတုန်းကွ "
" ရန်ကုန်ဆေးရုံကြီးကပါ ဖုန်းနံပါတ် ၅....၇ ကပါလား ..ကျနော် ဆရာတော်နဲ့ စကားပြောချင်လို့ပါ "
" ဟုတ်တယ် ... ငါက ဘုန်းကြီးပဲ ငါ့ညီမကိစ္စဆက်တာလား ဘာထူးလဲ "
" သြော်.... တင်ပါ့ဘုရား .. စိတ်တော့ခိုင်ခိုင်ထားပါ ဘုရား .... "
" ဟေ့ကောင် မင်းက ဘုန်းကြီးတစ္ဆေကို ကံမဝါလာညုပ်ပြနေတာလား ... ငါဘုန်းကြီးပါကွ တရားလက်လွတ်မဖြစ်ဘူး ပြောစရာရှိတာပြော "
" တင့်ပါ့ဘုရား ဘုန်းဘုန်းညီမ ဆုံးသွားပါပြီ ဘုရား "
" အင်း ... ဘာတတ်နိုင်မှာတုန်း သူ့ကံကုန်လို့ပဲ မှတ်ရတော့မှာပေါ့ကွာ .... အေးကွာ အခုလို ဖုန်းဆက်အကြောင်းကြားတာ ကျေးဇူးပါပဲ။ လောလောဆယ်တော့ ငါလည်း ဆေးကုနေတုန်းကွ၊ ပြီးတော့ ရွာကအမျိုးတွေလဲ အကြောင်းကြားချင်သေးတယ်။ ဒီတော့ အလောင်းကို ဆေးရုံမှာပဲ ခဏထားချင်တယ်။ ဖြစ်မလား "
" တင်ပါ့ဘုရား တပည့်တော်တို့လဲ ဘုန်းဘုန်း ဒုက္ခကိုနားလည်ပါတယ်။ ဒါပေမဲ့ မဆက်လို့ကလဲ မဖြစ်ဘူးဆိုတော့ ဆက်ရတာပါ။ လောလောဆယ်တော့ တပည့်တော်တို့ ဒကာမကြီး အလောင်းကို ရေခဲတိုက်ကိုပို့ထားပါတယ်။ ဘုန်းဘုန်းက ဆက်ထားချင်တယ်ဆိုရင်တော့ တပည့်တော်တို့ တမျိုးစီစဉ်ရမှာပါ ဘုရား။ အဲဒါ ဘုန်းဘုန်း ဘယ်လိုများ စီစဉ်ထားပါသလဲ ဘုရား "
"  ဒါတော့မင်းတို့ လုပ်နေကြအတိုင်း လုပ်လေကွာ ... "
" တင်ပါ့ဘုရား ... ဒါဆို အလောင်းကို ရိုးရိုးထားမလား၊ ရှယ်ထားမလား ဘုရာ့  "
" ဘာတုန်းဟ ရိုးရိုးတွေ ရှယ်တွေ ငါးနားမလည်ဘူး "
 " တင်ပါ့ဘုရား ရိုးရိုးဆိုတာ ရေခဲတိုက်ထဲ တခြားအလောင်းတွေနဲ့ ရောထားတာပါ။ ရှယ်ကတော့ သေတ္တာထဲ သေချာထည့်ပြီး ထားပေးတာပါဘုရာ့။ ရိုးရိုးဆို တရက် ၁၀၀၀ပါဘုရာ့၊ ရှယ်ဆိုရင် ၁၅၀၀ကျပါတယ် ဘုရာ့ "
" မင်းတို့ဟာကလဲ သေတာတောင် ရိုးရိုးနဲ့ ရှယ်ကရှိသေးလာကွ၊ အင်းလေ .... ဘာဖြစ်ဖြစ် ရှယ်ပဲလုပ်ကွာ ကျသမျှ ငါရှင်းမယ်၊ ဟေ့ကောင် သေချာရှယ်လုပ်ပေးနော် ဖြစ်ကတဲ့စမ်း မလုပ်နဲ့ "
" တင်ပါ့ဘုရား စိတ်ချပါ၊ တပည့်တော် ဘုန်းဘုန်းမို့ အထူးရှယ် လုပ်ပေးပါ့မယ် ဘုရာ့ "
" အေး.. ပြီးရော ... ဒါပဲကွာ အဲဒါဆို ရွာလဲအကြောင်းကြားဖို့ လုပ်ရဦးမယ် "
" တင့်ပါဘုရား "
ဖုန်းလဲချပြီးတော့ ဆရာတော်က အိမ်သားတွေကို " ဟေ့ ... ငါ့ညီမတော့ ဆုံးပြီဟ ... ရွာကိုအကြောင်းကြားဖို့ ပဲခူး ဘုန်းကြီးကျောင်းပဲ အကြောင်းကြားတော့မယ်၊ ကျောင်းက ကပ်ပိယကြီးပဲ ရွာကိုလွှတ်ရမှာပဲ၊ အခုတော့ ဆေးရုံကြီး သွားမယ်ဟေ့ ... ငါ့ညီမမျက်နှာခဏတော့ ကြည့်ချင်သေးတယ်။ ဟိုကောင် အောင်ဇာမိုး ဘယ်ရောက်နေလဲဟေ့ ... ကားပြင်ဟေ့ သွားမယ်ကွ၊ အောင်ဇာမိုးမရှိလဲ အိမ်ကိုခေါ်ကွာ သွားမယ်ဟ "
ဒီအသံကြားတော့ ကျနော်က အပေါ်ထပ်ကနေ အောက်ဆင်းလာပြီး အခြေအနေ ကြည့်နေတာပေါ့။ ကျနော်ကလဲ သိတယ်လေ ဆရာတော်က နောက်တတ်မှန်း။ ဒီတော့ စိတ်ထဲထင်နေတာ ဆရာတော်နောက်တယ်ပဲ ထင်နေတာပေါ့။ အဲဒီလို ဘာမှမပြောဘဲ ကြည့်နေရင်းက ဆရာတော် တကယ်ထင်နေတယ်ဆိုတာ ပိုပြီး သေချာလာပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လဲ ပဲခူးဘုန်းကြီးကျောင်းကို ဖုန်းခေါ်နေတာရော၊ ကျနော့်အကိုက ကားအဆင်သင့်ဖြစ်အောင် လုပ်နေတာရော၊ ဘုန်းဘုန်းကိုယ်တိုင် သင်္ကန်းပြင်ရုံ နေတာကြောင့်ရော၊ အမေလဲ အဝတ်အစားလဲနေတာ တွေ့တော့ စိတ်ထဲမှာတော့ ...ဟ ..သေပြီဟ ..တကယ်ထင်နေတယ် ဒုက္ခတော့များ ကုန်ပြီ ထင်ပါရဲ့ဆိုပြီး ဘယ်ကစလို့ ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။ မပြောမပြီး မတီးမမြည်ဆိုသလိုပေါ့ ကိုယ်မွှေးတဲ့မီး ကိုယ့်ဟာကိုယ် ပြန်ငြိမ်းရမဲ့ တာဝန်က ရှိလာတော့ အမေအဝတ်အစားလဲနေတဲ့ အခန်းထဲသွားပြီး အကျိုးအကြောင်း ပြောရတော့တာပေါ့။
အမေလဲသိရော ကြိတ်ပြီး ဆဲလိုက်တာ မိုးကိုမွှန်ရောပဲ၊ သူ့ခမျာလဲ ဘုန်းဘုန်းကို ဘယ်ကဘယ်လိုလျှောက်တင်ရမှန်း မသိဖြစ်နေတာလဲ ပါတာပေါ့။ မလျှောက်လို့ကလဲ မဖြစ်ဆိုတော့ အမေလဲ ဘုန်းဘုန်းရှေ့ ဦးချပြီး ကျနော်လက်ဆော့၊ ပါးစပ်ဆော့တာကို အစအဆုံး လျှောက်တင်တော့ ဘုန်းဘုန်းလဲ မယုံသေးပါဘူး။ ဒါနဲ့ အမေလဲ ဘာမှစိတ်မပူဖို့နဲ့ အခုပဲ တပည့်တော် ဆေးရုံသွားကြည့်လိုက်ပါ့မယ် ဘုန်းဘုန်း ဒီမှာပဲ အေးအေးဆေးဆေး သီတင်းသုံးနေရစ်ပါလို့ လျှောက်ပြီး ဆေးရုံကို သွားပါတယ်။

အဲဒီလိုဖြစ်ပြီး နောက်မှာတော့ ဘယ်ကဖုန်းလာလာ ဘုန်းဘုန်းက တယောက်ယောက်ကို အပေါ်ထပ်ကို အရင်ဆုံးတက်ကြည့်ခိုင်းပါတယ်။ တခါတလေ သူကိုယ်တိုင် တက်ကြည့်ပြီး မရှိတာသေချာမှ စကားဆက်ပြောပါတယ်။ ဘယ်လောက်ထိလဲဆိုတော့ အပေါ်ထပ်ကဖုန်းကိုပါ ဘုန်းဘုန်းဘေးနားမှာ ထားပေးရတဲ့ အထိကို ဖြစ်သွားပါတယ်။ အဲ.... နောက်တနေ့ ကျတော့မှ .......

ဆေးရုံကြီးမှာ စောင့်နေတဲ့ အိမ်နားက လူနာစောင့်က ဖုန်းဆက်လာပါတယ်။ ဘုန်းဘုန်းညီမ ပျံလွန်တော်မူ .. အဲလေ ..ဆုံးပြီးဆိုပြီ ဖုန်းဝင်လာပါ။ တကယ်ဖုန်းဝင်လာတော့ ဘုန်းဘုန်းက အိမ်သားတွေကို အပေါ်တက်ကြည့်ခိုင်းပြန်ပါတယ်။ နောက်ဖုန်းတခုနဲ့ ကျနော်က ဆက်ပြီး နောက်နေတာလို့ ထင်လို့ပါ။ သူကိုယ်တိုင်လဲ အပေါ်တက်ကြည့်ပြီး ကျနော့်ကို သူ့ရှေ့နားခေါ်ပြီး ဖုန်းစကားပြောတော့မှ တကယ်မှန်း သိသွားပါတယ်။ ဒါတောင် ဖုန်းဆက်တဲ့သူကို သူ့ညီမကို ရေခဲတိုက်ထဲ ရှယ်ထားဖို့ မှာဖြစ်အောင် မှာလိုက်ပါသေးတယ်။

အိမ်သားတွေဆိုတာ ကျနော့်ကို ပြောလို့ကို မဆုံးဘူး။ ကံကောင်းတာက ဆရာတော် ဘုန်းဘုန်းကလဲ စိတ်သဘောထားကောင်းတာရော၊ သူကိုယ်တိုင်ကလဲ ပျော်ပျော်နေတတ်တဲ့ စိတ်၊ ဆရာရင်း၊ ဒကာရင်းတွေ ဖြစ်နေတာကြောင့်ရော၊ တရားလက်လွတ် မဖြစ်တဲ့သူမို့ပါ ကျနော် သက်သွားတာက တစ်အချက်ပေါ့၊ နောက်တချက်က အဖေနဲ့ အမေက အငယ်ဆုံးမို့ အလိုလိုက်ထားတာရော၊ အဲဒီအချိန်က ၉တန်းလား မသိဘူး အိမ်မှာ ဝိုင်းကျူရှင် သင်နေတော့ ကျောင်းကနေပြန်၊ အိမ်ရောက်တော့ ခဏနား၊ ဆရာရောက်လာလို့ စာဆက်သင်၊ ညနေရောက်တော့ ထမင်းစား ခဏနား စာကျက်နဲ့ လုံးလည်ချာလည်လိုက်နေတော့ ဆူဖို့ အချိန်မရှိတာလဲ ပါမှာပေါ့။ ဒီလိုနဲ့ ဆရာတော်ဘုန်းဘုန်းကို အဖေနဲ့ အမေက ကျနော့်ကို ရှိခိုးဦးတိုက်ပြီး တောင်းပန်ခွင့်လွှတ်ဖို့ ခိုင်းတာနဲ့ ဆရာတော်ရဲ့ ခြေဖမိုးတော်ကိုဦးတိုက်ပြီး ဦးသုံးကြိမ်ချ ခွင့်လွှတ်ဖို့ တောင်းပန်တော့ ရယ်ရယ်မောမောနဲ့ပဲ  " မင်းတော့ကွာ ... ဒါ နောက်စရာလား " လို့မိန့်တော်မူပြီး ကျနော့်ဦးခေါင်းကို ပွတ်ပါတယ်။ ကျနော်လဲ "တပည့် တော်စိတ်ထဲ အရှင်ဘုရား သိတယ်ထင်လို့ပါ ဘုရား။ ဘုန်းဘုန်းက တပည့်တော် အသံကို သိတယ် ထင်လို့ပါ ဘုရာ့၊ ဘုန်းဘုန်းက ခပ်တည်တည်နဲ့ ပြန်နောက်နေတယ်ထင်လို့ တပည့်တော်လဲ ပြန်နောက်တာပါဘုရာ့ " ဆိုတော့ ....
" အံမာ ... မင့်က ငါ့တောင် ပြန်အပြစ်တင်နေတယ်ပေါ့ ... နာဦးမယ် ဒီကောင် .."

ဒီလိုနဲ့ စာမေးပွဲတွေပြီးလို့ နွေရာသီကျောင်းပိတ်တော့ ကျနော့်ကို မိဘတွေက ကိုယ်ရင်စည်းပေးမယ်ဆိုပြီး ပဲခူးဆရာတော်ဆီ အကြောင်းကြားတော့ .... " အောင်မလေးဗျာ .... ဒီကောင့်ကို ငါ့ကျောင်းမှာ ကိုယ်ရင်ဝတ်ပေးမယ် ဟုတ်လား .... ငါအရင်ဆုံး အရူးထောင်မှာ ဘွတ်ကင် လုပ်လိုက်ပါဦးမယ်။ ပြီးတော့ ကျောင်းက ဦးပဇင်းတွေ၊ ကိုရင်တွေ ကျောင်းသားတွေကိုလဲ အရူးထောင် အရင်ပို့လိုက်ပါဦးမယ် ဒကာကြီးတို့ရာ ....... ...။ ကဲ .... .... ဆိုးချက်များ ပြောပါတယ် ....။ အင်းလေ.... ကျနော့်ကိုက တလွဲတချော် ဖြစ်တတ်တယ် ပြောရမလား၊ မနေတတ်မထိုင်တတ် မို့လား၊ မပြောတတ်ပါဘူး။ သေချာစီစဉ်ပြီး လုပ်ရင်တောင် ဒီလောက်ထိ အစီအစဉ်ကျမယ် မထင်ဘူး။ ခုတော့ ... အိမ်ရဲ့ ရာဇဝင်မှာ မေ့မရသော အဖြစ်အပျက်တခုပဲပေါ့။ အမှန်တော့ ဘာရယ်မဟုတ်ဘူး .. ပါးစပ်ဆော့တာပါ။ ဒီလောက်ထိ ဖြစ်သွားမယ်လဲ မထင်ခဲ့မိဘူးလေ.....။ ဘုန်းဘုန်းဆိုတာ " မင်းကြောင့် ငါ့ညီမသေရတာ " ဆိုပြီးပြောလို့ မဆုံးပါဘူး။

ပြီးခဲ့တဲ့ အခေါက် ရွာပြန်တုန်းကတော့ ဆရာတော် လေသင်တုန်း ဖြတ်ခံထားရတယ်လို့ ကြားပါတယ်။ ကျနော်လဲ သွားဖူးမယ်၊ သွားဖူးမယ်နဲ့ ရတဲ့ခွင့် ၂လအတွင်းမှာ အခွန်ကိစ္စ၊ စာရွက်စတမ်း ကိစ္စ၊ ပြန်ထွက်ဖို့ အတွက် အခွန်အားလုံး ကင်းရှင်းအောင် လိုက်လုပ်ရတာနဲ့ ဆရာတော်ဆီတောင် မရောက်ဖြစ်တော့ပါဘူး။
ဒီပို့စ်နဲ့ပဲ ဆရာတော်ကို အပြစ်များ ခွင့်လွှတ်ဖို့နဲ့ သတင်းမေးတောင် မရောက်ခဲ့တဲ့ အတွက် စိတ်ထဲကနေပြီး ရှိခိုးဦးတင် လိုက်ပါတယ်။
သြော်... ကျန်သေးတယ် ... ဆရာတော့်ညီမ ကလေးတွေကတော့ ဆရာတော်ပဲ မွေးစားပြီး ကျောင်းမှာပဲ ထားပါတယ်။

4 Response to ကျွန်တော် မကောင်းဘူး(သို့) ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ၁၄

7 August 2010 at 20:46

ဘုန်းကြီးတောင် မချန် နောက်တတ်တဲ့ ကိုအိမ်.. ။ နောင်လဲ ဆက်နောက်နိုင်ပါစေဗျာ။

8 August 2010 at 22:41

ဟာဗျာ ... ဘုန်းကြီးတောင် မကျန်ဘူးဆိုတော့ သတိတော့ထားနေမှ ..:D ။ ကလေးတွေ သနားစရာတော့ ကောင်းသားဗျာ ။ ဆရာတော်လည်း ကံကောင်းပါတယ် ။ ကိုအိမ် ကိုရင်ဝတ်တာ ဆရာတော် အရူးထောင် မရောက်သွားတာ...ဟီးဟီး ။ အားပေးခင်မင်လျှက်...

1 September 2010 at 09:17

လက်ရော ခြေထောက်ပါလန်ပါတယ် ကိုအိမ်

20 November 2010 at 21:50

ပြသနာကို ဘုန်းကြီးပါ မကျန်ရှာတာ..

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း