လူမျိုးခြားတွေမှာတော့ မသိဘူး၊ ကျနော်တို့ မြန်မာမှာတော့ စကားပုံတွေ အများကြီးပဲ၊ ဒီစကားပုံတွေကို ဘယ်သူက ဘယ်လို စထွင်ခဲ့သလဲဆိုတာတော့ သေချာမသိပါဘူး။ ကျနော်သိသလောက်ကတော့ စလေဦးပုညက စတာလို့ ထင်ပါတယ်၊ သူ့စာတွေ ဖတ်ကြည့်တာမှာ ခိုင်းနှိုင်းတင်ပြထားတာလေးတွေ တွေ့မိလို့ပါပဲ။ ကျနော်စဉ်းစားမိတယ် ဒီလိုဘာကြောင့် သုံးကြသလဲဆိုတာကိုပေါ့ .......။
ကျနော့်အထင်ပေါ့လေ တဖက်လူ နားလည်လွယ်အောင်၊ မှတ်မိလွယ်အောင်လို့ ပြောဆိုကြတာလို့ ထင်ပါတယ်။ သိတော်မူကြတဲ့ အတိုင်းပဲလေ တချို့လူတွေက လည်မလိုလိုနဲ့အူတူတူ တွေလေ၊ ပြီးတော့ အဲဒီလို ခိုင်းနှိုင်းပြောဆိုလိုက်မှ သိကြမြင်ကြတာ ဆိုတော့ မခက်ဘူးလား။
ဥပမာပေါ့ဗျာ ကိုယ့်ကို တခုခုယူခိုင်းတာမှာ ရှာမတွေ့တော့ သွားယူခိုင်းသူကို မတွေ့ဘူးဆိုတာ ပြန်ပြောတော့ သွားယူခိုင်းတဲ့သူက မတွေ့ဘူးလား အဲဒီမှာ မြွေဆိုရင် နင့်ကို ထပေါက်ပြီ... စသည်ဖြင့်ပေါ့နော... ပြောတတ်ကြပါတယ်။
ဒါပေမဲ့ တချို့ စကားပုံလေးတွေက ဟာသမြောက်သလို၊ တချို့စကားပုံကျပြန်တော့၊ ကွက်ကွက်ကွင်းကွင်းနဲ့ ထင်သာမြင်သာ ရှိအောင်ကို ထိမိလှပါတယ်၊ အဲ... တချို့စကားပုံတွေ ကျပြန်တော့လဲ အပြောခံရတဲ့သူ မချိမခံသာ ဖြစ်အောင် ခိုင်းနှိုင်းထားတာတွေလဲ ရှိပါတယ်။ ဒါဟာ မြန်မာတွေရဲ့ ချစ်စရာ ကောင်းတဲ့ ဂုဏ်ယူစရာ အလေ့အထ ဒါမှမဟုတ် ယဉ်ကျေးမှုလို့လဲ ပြောလို့ရပါတယ်။
အဲ.... ကျနော့် သူငယ်ချင်းတယောက်ကတော့ အဲဒီလို အပြောကောင်းလို့ ယောက္ခမ အိမ်ကနေ မင်္ဂလာဆောင်ပြီး နောက်တနေ့ကျတော့ ဆင်းပြေးခဲ့ရပါတယ်။ အဟုတ်ဗျ... မယုံမရှိနဲ့... အဖြစ်က ဒီလို......... ...........။
ဒီအကြောင်းပြောမယ်ဆို သူ့အဖေအကြောင်းပါ ပါမှဖြစ်မှာ။ အတိုချုံးပဲ ပြောမယ်နော် စာရှည်မှာစိုးလို့ပါ။ ဒီကောင့်အဖေက ကျနော်တို့ ကျောင်းမှာ မြန်မာစာသင်တဲ့ ဆရာ၊ စာအသင်အပြ အရမ်းတော်တယ်၊ စာသင်တာမှာ ကျောင်းသားများ ပျင်းရိခြင်း မရှိအောင်ကို သင်နိုင်တယ်။ စာတပုဒ်သင်ရင် ပုံတိုပါတ်စလေးနဲ့ သင်တော့ စာသင်သားများ နားလည်လွယ်သလို ခဏနဲ့ ရတယ်။ အဲဒီလိုပဲ ကျောင်းသားကို အပြစ်ရှိလို့ အပြစ်ပေးရင်ပဲ ဖြစ်ဖြစ်၊ ဆိုဆုံးမရင်ပဲ ဖြစ်ဖြစ် ပုံတိုပါတ်စ၊ စကားပုံလေးနဲ့ ပြောဆို ဆုံးမတတ်ပါတယ်။ ဟာသဥဏ်ကလဲရွှင်တယ်။ ဒီတော့ ကျောင်းသားတွေက ဒီဆရာ စာသင်ချိန်ဆို အရမ်းပျော်ကြတယ်ဗျ၊ စာလဲရလွယ်သလို၊ အခုလို စကားပုံတွေ၊ ပုံတိုပါတ်စလေးတွေကို အရွှန်းဖောက် ပြောတော့ ကျောင်းသားတိုင်းက သူ့စာသင်မဲ့ အချိန်ဆို ပျော်ကြတာပေါ့။ ကျနော်သူငယ်ချင်း ဆရာ့သားကတော့ ဖအေတူသားလို့ ပြောလို့ရတယ်။ ဒီကောင်ကလဲ ဘာလေး ပြောပြော စကားပုံလေးနဲ့ ပြောပြီး ဆရာကြီးလေသံ ဖမ်းတတ်ပါတယ်။
တနေ့ပေါ့ သူရည်းစား စာရေးပြီး ကောင်မလေး တယောက်ကို ပေးဖို့ စာကောင်း၊ မကောင်းကို ကျနော်တို့ကို ပေးဖတ်ပြီး အကြံဥဏ်တောင်းတော့ ကျနော်တို့လဲ ယူဖတ်တာပေါ့။ ရေးထားတာလေးက မှတ်မိသလောက် ပြောပြရရင်တော့........
မိုး.. ကိုယ်မင်းကို အရမ်းချစ်နေမိပြီကွာ။ ကိုယ့်အချစ်ကို ယုံကြည်ပါ။ ကိုယ့်ရင်ဟာ ဘူးသီး၊ ခရမ်းသီးသာဆို ရင်ခွဲပြီးတောင် ပြလိုက်ချင်တယ်ကွာ၊ ကိုယ့်ရင်ထဲမှာ မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြမလို့ပါ။ ကိုယ်.. မိုးအပေါ်ချစ်တာ ဟင်းရွက်၊ ကန်စွန်းရွက်လို မဟုတ်ပါဘူး မိုး။ ကိုယ့်အချစ်ကို မှိုချိုး၊ မြှစ်ချိုး၊ ကန်စွန်းရွက်ချိုး လိုပြန်မချစ်ပဲ မနေပါနဲ့နော်။ မိုး.. ကိုယ့်ကို သစ်စိမ်းချိုး ချိုးသွားမှာကိုလေ... မိုးပြိုမှာ ကြောက်တဲ့ တစ်တီတူငှက်လို အဖြစ်မျိုးပါ မိုးရယ်...။
အဲဒါသာကြည့်တော့... ကောင်မလေးက သူ့ရဲ့စကားလုံးလှလှလေးတွေ မဖတ်ရပဲ၊ ဟင်းသီး၊ ဟင်းရွက် နာမည်တွေ ဖတ်နေရသလို ဖြစ်နေတာပေါ့။ ကျနော်တို့ကလဲ အရူးဘုံမြှောက် လုပ်ပေးပြီး၊ ချသာချ လို့မြှောက်ပေးလိုက်တယ်။ သူပဲကံကောင်းတာလား၊ ဘာလားတော့ မသိဘူး ရည်းစားရသွားတယ်ဗျ..။
ဒီလိုနဲ့တနှစ်လောက်ကြာတော့ ကောင်မလေးက သူ့ကို မိသားဖသား ပီပီလာတောင်းဆိုလို့ ရက်ကောင်း၊ ရက်မြတ်ရွေးပြီး လူကြီးစုံရာနဲ့ သွားတောင်းတာပေါ့၊ အံမယ်.... ယောက္ခလောင်းကြီးကလဲ အလာကြီးဗျ သူကလဲ စကားပုံနဲ့ပြောတတ်တာပဲဗျ၊ အဲဒီမှာ ဘုန်းကြီးရူးနဲ့လှေလူး တွေ့ကြလေသတည်းပေါ့ (သူ့ပြောရင်း ကိုယ်တောင် စကားပုံတွေ ပါကုန်ပြီ)
ဒီလိုနဲ့ စကားစပြောတော့ ဒီကောင့်ကိုယောက္ခလောင်းကြီးက အလုပ်ကိစ္စဘာညာ၊နေဖို့ ထိုင်ဖို့၊ ဘယ်လိုစီစဉ်ထားလဲ ဘာညာမေးတာပေါ့။ သူတို့ပြောနေကြတာကဒီလို......။
" အေးကွယ် ဦးတို့အနေနဲ့လဲ သမီးကညာ အခါမလင့်စေနဲ့တဲ့၊ ဒီတော့ ဦးတို့ကလဲ မိဘတို့ဝတ္တရား အတိုင်း လုပ်ပေးရမှာပေါ့ကွယ်၊ မောင်ရင်ကိုလဲ လက်မခံနိုင်စရာ မရှိပါဘူး၊ ဒါပေမဲ့ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ထိုသုံးမျိုး ချက်မပိုင်၊ နောင်ပြင်ရန်ခက်သတဲ့.. ဒီတော့ သေချာအောင် မေးရဦးမယ်ကွ "
" မောင်ရင်က အခု ဘာအလုပ်လုပ်နေသလဲ၊ အစကောင်းမှ အနှောင်းသေချာတဲ့၊ အဲဒီလိုပဲ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်တဲ့ ဒီတော့ ဦးအနေနဲ့က အောင်ပွဲဝင်ချင်လို့တော့ မဟုတ်ပါဘူး သမီးရှင်ဆိုတော့လဲ မေးရတာပေါ့ကွယ်၊ ဒူးလောက်တင်မှ ရင်လောက်ကျတာကိုးကွဲ့ မဟုတ်ဘူးလား မောင်ရင်"
"ဟုတ်ကဲ့ ဦးပြောတာ လက်ခံပါတယ်၊ ကျနော် အရင်ကတော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသလိုပေါ့ ဦးလေးရယ်၊ လုပ်လို့ရတာ အကုန်လုပ်တယ်ခင်ဗျ၊ ဒါပေမဲ့ တခုခုကို အပ်ကျမတ်ကျ သေသေချာချာ လုပ်ချင်တာနဲ့ ကျနော့်သူငယ်ချင်း အိမ်နဲ့အတူ ကျနော်အခု သဘောင်္အလုပ်လျှောက်ထားပါတယ်၊ သင်္ဘောဆိုလို့ ကျနော်က သူများတွေလို၊ ကျင်းတွေ့ခုန်ရှောင်၊ အိုင်တွေ့ခြေဆေး၊ တရွာတကျည်ဆောက်မဲ့ လူစားမဟုတ်ပါဘူးခင်ဗျ။ "
" အေးအေး.. ကောင်းတာပေါ့ကွယ်၊ အခုရော အခြေအနေက ဘယ်လိုလဲကွ၊ တနေ့တလံ ပုဂံ ဘယ်ပြေးမလဲဆိုပြီး သွေးအေးမနေနဲ့ဦးကွ၊ အရွယ်ရှိတုန်းလေး လုပ်ရတာ မဟုတ်လား၊ ပုံပြင်ထဲကလိုပေါ့ကွယ် ပုရွက်ဆိတ်နဲ့ နှံကောင်လိုပေါ့၊ ဒီတော့ ကိုယ့်စိတ်ကို ပုရွက်ဆိတ်လို စိတ်မွေးပြီး ကြိုးစားကွ ဒါမှ နောင်တချိန်မှာ ကိုယ့်ရှေ့ရေးအတွက် အေးမှာ"
"စိတ်ချပါ ဦးလေး ကျနော်က ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် ဆိုတဲ့ စကားပုံလိုပဲ ကျင့်ကြံတတ်တဲ့သူပါ ခင်ဗျ၊ မဟာဇနက္က ထုံးလည်း နှလုံးမူထားပါတယ်၊ ယောကျာင်္းတို့ ဇွဲသေခါမှလျော့မှာပါ။"
"အေးအေး... ဦးတို့ကလဲ အဲဒီလို ယောကျာင်္းတံခွန် လူရည်ချွန်၊ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်ဆိုတဲ့ လူစားမျိုးပဲ ကြိုက်တာကွ။ အေး...အေး... ဦးအနေနဲ့ကတော့ မောင်ရင့်ကို ဘာမှပြောစရာမရှိပါဘူးကွယ်၊ မင့် အဒေါ်ရဲ့ သဘောထားလဲ မေးကြည့်ပါဦးကွဲ့"
" ခွေးလေးခုန်လို့ ဖုန်မထပါဘူး ဦးလေးရဲ့ "
"ဟေ့ကောင်..ဘယ်လိုပြောလိုက်တာလဲ၊ မင်းနဲ့တော့ ခက်နေပြီကွာ ရှေ့မကြည့်၊ နောက်မကြည့်နဲ့ "
"ဒီက အကိုတို့ အမတို့ ခင်ဗျာ ကျနော့်သားအစား ကျနော်ကပဲ တောင်းပန်ပါတယ်ဗျာ...၊ သူစကားမှားသွားလို့ပါ ဘယ်လိုမှ သဘောမထားပါနဲ့ဗျာ"
" ဆောတီးနော် ဦးလေး အဟီး ပြောချင်ဇောနဲ့ လောသွားတာပါ တောင်းပန်ပါတယ် အဒေါ် "
ဒီလိုနဲ့ စကားစမြည်ပြောပြီးတော့ မင်္ဂလာဦးဆွမ်းကြွေးဖို့ ရက်သတ်မှတ်ပြီး ဘယ်ကျောင်းက ကိုယ်တော် ဘယ်နှစ်ပါး၊ ဧည့်သည်တွေကို ဘာကြွေးမယ်၊ ဘယ်နှစ်ယောက်ဖိတ်မယ်၊ စသည်ဖြင့်ပေါ့ တိုင်ပင်ဆွေးနွေးကြပြီး ပြဿဒါးအလွတ်၊ ရက်ရာဇာတရက်ရွေးပြီး ပွဲလုပ်ဖို့ စီစဉ်လိုက်ရော ဆိုပါစို့။
မင်္ဂလာဆွမ်းမကြွေးခင် ဘယ်လောက် အလုပ်ရှုပ်မယ်ဆိုတာ သိကြမှာပါ၊ ဝယ်ဟဲ့၊ခြမ်းဟဲ့၊ ချက်ဟဲ့ပြုတ်ဟဲ့နဲ့ မပြီးသေးဘူး၊ ရပ်ဝေး၊ ရပ်နီးက လာတဲ့ ဆွေတော်ရှစ်သောင်း၊ မျိုးတော် အပေါင်းတွေက အိမ်လာကြ၊ စားကြသောက်ကြ၊ ဖိတ်စာအတွက်လုံးပန်း၊ ဘုန်းကြီးကျောင်းသွားလျှောက် ၊ နောရာ ထိုင်ခင်း အတွက်၊ ထိုင်ခုံကအစ၊ စားဖို့ ပုန်းကန်ခွက်ယောက်၊ အဆုံး၊ စီကြ စဉ်ကြနဲ့ လုံးလည်ချာလည် လိုက်နေကြတာပေါ့ဗျာ။
ဒီလိုနဲ့ မင်္ဂလာပွဲနေ့ရောက်တော့.. ကျနော်တို့ သူငယ်ချင်းကာလသားတွေကလဲ ပျော်ကြ မြူးကြပေါ့၊ စားလိုက်သောက်လိုက်နဲ့ သတို့သား၊ သတို့သမီး၊ အပါအဝင် နှစ်ဖက်မိဘတွေလဲ ပျော်လို့ မဆုံး တပြုံးပြုံးပေါ့ဗျာ။ ဒီလိုနဲ့ အချိန်တွေ ကုန်မှန်းမသိကုန်ဆုံးပြီး ညနေစောင်းလာတော့ ကျနော်တို့ အလှည့်ပေါ့နော.. ဆိုင်မှာသွားပြီး စားကြသောက်ကြ သတို့သားကို ဝိုင်းနောက်ကြနဲ့ ည၈နာရီထိုးတော့ သတို့သားခမျာ ဖင်တကြွကြွနဲ့ ဖြစ်လာပါရော...။ ပထမတော့ ကျနော်တို့က ညစ်ပြီး မပြန်ခိုင်းဘဲ နေဦးမလို့ပဲ၊ ကျနော်တို့ထဲက အကြီးဆုံး တယောက်က "သွားခိုင်းလိုက်ပါကွာ သူလဲ မျှော်နေရှာရောပေါ့၊ ဝဋ်လည်မယ် မလုပ်ကောင်းဘူး"ဘာညာဆိုတော့ လွှတ်ပေးလိုက်ရတယ်။ နောက်တနေ့မနက်ကျရင် မင်္ဂလာဦးည အတွေ့အကြုံတွေကို တလုံးမကျန် ပြန်ပြောပြရမယ်ဆိုတဲ့ ဂတိကို သတို့သားဆီက တောင်းပြီး ဂတိပေးမှ ပြန်လွှတ် လိုက်ကြပါတယ်။
နောက်တနေ့မနက်ကျတော့ ကျနော်တို့လဲသူ့ဆီအသွား သူတို့ လင်မယားကလဲ အထုပ်လေးဆွဲပြီး လျှောက်အလာ လမ်းမှာတွေ့တော့ မျက်နှာလဲ မကောင်းကြဘူး။ ဒါနဲ့ "ဘာဖြစ်ကြတာလဲ မျက်နှာလဲ မကောင်းပါလား" ဆိုပြီးမေးတော့ မနေ့ညကမှ လူပျိုရည်ပျက်တဲ့ ကျနော်တို့ရဲ့ သူငယ်ချင်းကြီးက သူ့မိန်းမကို သူ့မိဘအိမ်ကို အရင်သွားခိုင်းလိုက်ပြီး သူကတော့ ကျနော်တို့နဲ့ လက်ဖက်ရည်ဆိုင် လိုက်လာတာပေါ့ဗျာ။ ဆိုင်ရောက်တော့ ဘာမှတောင် မမှာနိုင်သေးဘူး ဘာတွေဖြစ်ကြသလဲ သိခြင်တာနဲ့ မေးလဲမေးကြည့်ရော............
" မပြောချင်ပါဘူးကွာ.... အဘိုးကြီးကွ ဒီမနက်ကျတော့ မင်းတို့လင်မယားကို ငါ့အိမ်မှာ မထားနိုင်ဘူးဆိုပြီး နှင်ချတော့တာပဲကွာ "
" မင်းက ယောက္ခမ မကျေနပ်အောင် ဘာသွားလုပ်လို့လဲမှမသိတာ၊ ဘာသွားလုပ်မိလဲ သေချာပြန်စဉ်းစား စမ်းပါဦးကွာ၊ မင်းတို့ဟာက စလယ်ဝင် ဖင်မမဲခင် ကထဲက ကွဲမဲ့ကိန်းပဲ "
" ငါလဲ အဲဒါပဲ စဉ်းစားနေတာကွ ငါ ဘာအမှားမှလဲ မလုပ်မိဘူး။ တခုတော့ ရှိတာတယ်၊ ညက ငါဆိုင်ကပြန်လာတော့ ခေါင်းထဲ ငြီးစီစီ ဖြစ်နေတာနဲ့ မီးဖိုချောင်ထဲသွားပြီး အားဆေးသွားယူသောက်တာပေါ့၊ အဲဒီမှာ ယောက္ခမကြီးကလဲ မီးဖိုချောင်ထဲ ဝင်လာတာပေါ့၊ ဒါနဲ့ ငါဆေးသောက်တာ မြင်တော့ ဘာဖြစ်လို့လဲ မေးတယ်လေ... ။ အဲဒါနဲ့ ငါလည်းပြန်ပြောလိုက်တယ် ... ........ .... .... ..... .... ............... .... .... ................... ထိုးမဲ့ဆင် နောက်တလှမ်းဆုတ်တာပါ ဦးလေး .........။
ကဲ... မှတ်ကရော.... ပြောစရာလား ဒီစကား ယောက္ခကို... ညတွင်းချင်းအိမ်ပေါ်က မောင်းမချတာပဲ ကံကောင်း၊ ဘယ်နဲ့ဗျာ ဟိုက သမီးရှင်လေ.. မဟုတ်ဘူးလား... လင်ယူရင်သားမွေးမယ် ဆိုတာတော့ လူတိုင်းသိတာပေါ့.. အခုဟာက.. အဟိဟိ... ထိုးမဲ့ဆင် နောက်တလှမ်းဆုတ်တာတဲ့ ကောင်းကြသေးရဲ့လား အရပ်ကတို့လို့ပဲ ထအော်ရမလိုပါပဲဗျာ...။
Sunday, December 13, 2009
Subscribe to:
Post Comments (Atom)
24 Response to အမောင်သတို့သားနှင့် စကားပုံ
ပေါက်ကရလေးဆယ် ခေါင်းစဉ်တတ်ပြီးရေးတာ တကယ့်ပေါက်တတ်ကရ.. တတ်လည်းတတ်နိုင်တယ် ကိုအိမ်တစ်ယောက်တော့..
စကားပုံတွေနဲ့ တော်တော်ကြိုက်တယ်ဗျ
တိုအိမ်ကတော့ ဟာသမှာ ဂွတ်၏ဗျာ။။။။
:::::လွမ်းမိုးသီချင်းထဲကလို
ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် :D :::::
:D :D
ဒါနဲ့ ခွေးလေး မဟုတ်ဘူးအကိုရ
ခွေးလှေး (ခွေးသန်း) ထင်တယ်
အဟား ငါ့အကိုကတော့ လုပ်ပြီ တော်တော်ဆိုးတဲ့ စကားပုံတွေပဲး) သတို့သားပြောတာလဲ ဟုတ်နေသယောင်ယောင်း) စကားမစပ် ဒူးလောက်တင်မှ ရင်လောက်ကျတာ ဆိုတာကို စဉ်းစားနေတယ် ဟုတ်လို့လားလို့ ဒူးအထက်မှာ ရင်ဟုတ်ဘူးလား သေချာတော့ သိဘူးဗျ
လေးစားလျက်
တောင်ပေါ်သား
ပေါက်ကရ ကတော့တကယ်ရေးတတ်တယ် ကိုအိမ်ကတော့ :)
နားမလည်ဘူး။ ဆင်က ဘယ်သူတုန်း ဘာကိစ္စ တစ်လှမ်းဆုတ်တာတုန်း။ :P
အင်း ..အိမ်တို့ကတော့
သူများအကြောင်း ဖွချင်လွန်းအားကြီးလို့ .
ရှိသမျှ စကားပုံတွေ အလွတ်ကျက်ရတာနဲ့
စာလုံးပေါင်းတွေတောင် မှားကုန်ရောပေါ့ ..
ဝဋ်လည်မယ်နော်...
ခင်မင်စွာဖြင့်..
"ဒူးလောက်တင်မှ ရင်လောက်ကျ" ဆိုတာ မုဆိုးက သမင်ကို ပစ်ဖို့ လေးကိုချိန်တဲ့အခါမှာ ပေါ်လာတဲ့စကားပါ တောင်ပေါ်သားရေ...
ကိုအိမ်ပျောက်သွားတာ နောက်တလှမ်းဆုတ်သွားတာတော့ မဟုတ်လောက်ပါဘူးနော်...
းဝ)
အယ် သူများက တောင်ပေါ်သားကို ရှင်းပေးမလို့ဟာကို ကိုလူထွေးက ဝင်ရှင်းသွားတယ် ဟွန့်
ဒီလိုလေ တောင်ပေါ်သားရဲ့ မုဆိုးက သားကောင်ကို ချိန်တော့ ဒူးပေါ်တင်ပြီးလေးကို ချိန်တယ်မလား အဲဒီလိုချိန်တော့ ရင်လောက်ပဲ ကျတယ်လို့ ပြောတာ လေ ဟိဟ်
ဆရာလုပ်သွားတယ်နော် မဟုတ်ရင်လဲ နောက်လူတွေ ပြင်ပေးကြဦး ဟဟဟ
ဲ
ဟေ့ လူဂျီးးး ခင်ဗျားဟာလေ တော်တော် ပေါက်တတ်ကရ ရေးတာပဲ
ယောက္ခမနဲ့ သားမက်ကလဲ လိုက်ပါတယ် စကားပုံတွေနဲ့ ပြောတာ ဟားဟားးးးးးးးးးးးး လို့ အော်ကြီးဟစ်ကျယ် ရယ်သွားတယ် ဗျိုးးးးးးးးးးးးးးးးးးးးးးး
P.S မ ဝက်ဝံလေး မဟုတ်ပါ ဝက်ဝံလေးပါ သူများက အခုမှ ငယ်ငယ်လေး ရှိသေးတယ် သူမွေးရင် သူ့သမီးအရွယ်လောက်ပဲ ရှိမှာကိုများ မ ဝက်ဝံလေးတဲ့ ဒီလူဂျီးတော့ နာတော့မယ် ဟွန့်
အင်း မှတ်သားလောက်ပါတယ်။ စကားပုံအသုံးအနှုန်း တွေကိုပြောပါတယ်။ နောက်တစ်လှမ်းဆုတ်တာတော့ သိပ်မသိဘူးး))
ရှင်းပြပေးသော ဦးလူထွေးနဲ့ ၀က်ဝံလေးကို ကျေးဇူးအထူးတင်ပါတယ်။ ကျနော်က သိဘူးလေ အဟေးဟေးး ရင်လောက်မှန်းမှ ဒူးလောက်ကျတာ ဆိုတာပဲ ဖတ်ဖူးသလားလို့ပါ ခု မှတ်သွားပြီ ကျေးဇူးအထူး
လေးစားလျက်
တောင်ပေါ်သား
ကောင်းကောင်း
(ပေးတယ်နော်.. ကောင်းကောင်း)
မရယ်ရပေါင်.. အဲလိုသွားပြောတဲ့လူ အဲလိုနှင်ချခံရတာ နည်းတောင်နည်းသေးတယ်..
ဒီတပုဒ်ကို တော်တော်သဘောကျတယ်
စကားပုံတွေကို အစပ်အဆက်ရှိအောင် နေရာ ချပြီးရေးသွားတဲ့ အစွမ်းကို သဘောကျလွန်းတာ ပါ။ သူငယ်ချင်းတယောက်အကြောင်းလို့ စကားခံတာထက် ကိုယ့်ဘာသာ ၀တ္ထုတို တပုဒ် လို ရေးရင် အတိုင်းအထက်အလွန်ကောင်းမယ့် ပို့စ်တပုဒ်လို့ မြင်တယ်ဗျာ။မဂ္ဂဇင်း ပို့ရင် ရွေးနိင် လောက်တယ်။ ဒီပို့စ်မှာ စာရေးသူရဲ့ အားစိုက် ထုတ်မှုကိုလည်း မြင်ရတယ်။ အားပေးပါတယ်။
ကိုအိမ်တို့ကတော့ တကယ်ရေးတတ်ပါ့နော် ပေါက်ကရလေးဆယ်ဆိုတဲ့အတိုင်းရေးထားတာပဲနော်။ အဆင်ပြေပါစေဗျာ။
အဆုတ်လွန်သွားတော့ အိမ်ပေါ်ကကို ဆင်းရတော့တာပဲ။ အစ်ကို့အလှည့်လဲ အဲလို ကြုံပါစေဗျာ။ လူဇိုးးးး။
ရှိသမျှစကားပုံတွေလဲ အကုန်ကုန်ပြီ..။ရယ်ရသလိုလိုနဲ့ နောက်ဆုံး စကားပုံကို သိပ်နားမလည်လို့ ခုတော့ နားလည်သွားပါပြီ..။စကားပုံတွေနဲ့ စကားပြောကြတာရယ်ရတယ်နော်..။
ဟား..ဟား တယ်တော်တဲ့ သားမက်ကလေးပါလားဗျာ။ အရေးအသားကလည်း ပြောင်မြောက်ပါပေတယ်ဗျာ။
ခင်မင်စွာဖြင့်
မောင်မိုး
ကွန်မန့်လေး တစ်ခါပေးဖို့အရေး စောင့်လိုက်ရတာ ခုမှပဲ ရတော့တယ်...
ကိုအိမ် သူငယ်ချင်း မဖြစ်နိုင်အောင်ဘူး...
ကိုအိမ်ပဲ ဖြစ်ရမယ်၊ လုံးစေ့ပတ်စေ့ရေးထားတော့ ကိုယ်တွေ့ဆို ယုံတယ်ဗျို့....
:P
စကားပုံတွေ အချက်ကျကျရေးထားတာ ဟုတ်နေတာပဲ
စကားကြွယ်ဝပုံများ လေးစားပါတယ်း))
ဒီနေ့မှ ကိုအိမ့် ဘလော့လင့်ကို ဖွင့်ပြီး မန့်လို့ရတာ
လင့်ပြန်ချိတ်ထားလိုက်ပြီ
:)) စကားပုံတွေကတော့ မှတ်သားစရာတွေချည်း။
အင်း... အားဆေးက ချက်ချင်း အစွမ်းမပြလောက်ဘူး ထင်တယ်။ တွေးမိတာလေးပါ။ ဒါကြောင့် အဲဒီဆင် နောက်တစ်လှမ်း ဆုတ်တာ ဖြစ်နိုင်ပါတယ်။
"အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်း"တဲ့
အပြောမတော်တဲ့ အခါကျတော့ အိမ်ပေါ်ကနှင်ချခံရတာပေါ့
ကိုအိမ့်အလှည့်ကျရင်လည်း သတိထားဦးနော
လေးစားလျှက်
ပိုးဟပ်လေး
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း