ကြားဖူးတဲ့ ပုံပြင်တပုဒ်ပါ၊ နဲနဲတော့ ရိုင်းနေမယ်ထင်ပါတယ်၊ မိန်းကလေးများ ဖတ်ရန် မသင့်၊ ဖတ်ချင်တယ်ဆိုလဲ ဖတ်နိုင်ပါတယ်၊ အတတ်နိုင်ဆုံးတော့ စကားလုံးများ မရိုင်းအောင် ရေးသွားပါ့မယ်၊ ဒါပေမဲ့ အတွေးကတော့ ရိုင်းနေမှာ သေချာတဲ့ အတွက် မိန်းကလေးများ မဖတ်ရန် တားမြစ်တာပါ။ ဘာပဲဖြစ်ဖြစ် ဖတ်ချင်တယ်ဆိုလဲ ဖတ်နိုင်ပါတယ်၊ မဖတ်ဘူး ဆိုလဲ ရပါတယ်၊ ဖတ်ဖတ်၊ မဖတ်ဖတ် (ရှင်းပြရင်းနဲ့တောင် တွေးစရာတွေ ဖြစ်ကုန်ပြီ ထင်ပါရဲ့) ဘယ်သူမှ သိမှာမဟုတ်ဘူးဆိုတော့ ဖတ်ချင်လဲဖတ်၊ မဖတ်ချင်လဲ မဖတ်ပဲ နေနိုင်ပါတယ်။ ကဲ ... ပုံပြင်လေးကတော့ ဒီလိုပါတဲ့ကွယ် ........
တခါတုန်းကပေါ့ ရွာတရွာမှာ အသက်ကြီးမှ အိမ်ထောင်ကျတဲ့ လင်မယားနှစ်ယောက်ရှိပါသတဲ့။ သူတို့နှစ်ယောက်ဟာ တယောက်ကို တယောက် သိပ်ချစ်ကြတယ်တဲ့ .... ။ အသက်ကြီးမှ ညားကြတာ ဆိုတော့ ကလေးတော့ မရနိုင်တော့ဘူးပေါ့။ ဒါကိုလဲ သူတို့က ကြားလေသွေးရင် ဝေးမှာစိုးတယ် ဆိုတဲ့ စကားလို သူတို့ချစ်ခြင်းကြားမှာ ကိုယ့်ရင်သွေးတောင် မထားဘူး ဆိုပြီး ကြံဖန် ဂုဏ်ယူနေကြပါသတဲ့ ...။
ဒီလိုနဲ့ နေ့ရက် အချိန်တွေ ကုန်ဆုံးလာလိုက်တာ ... အိုကြီး၊ အိုမ ဘဝရောက်လို့ ဘုရားသွား၊ ကျောင်းတက်နဲ့ ဘဝနေဝင်ချိန်တွေကို ဖြတ်ကျော်နေကြပါသတဲ့။ တနေ့တော့ အဘွားအိုဟာ ဘာစိတ်ကူးပေါက်တယ် မပြောတတ်ဘူး၊ အဘိုးကြီးကို အခုလိုမေးမြန်းလိုက်ပါတယ်။
"ကိုရင်ရေ ... ရှင်နဲ့ ကျမ ကောင်းမှုကုသိုလ်တွေ အတူတူ လုပ်ခဲ့ကြတာ၊ ဘုရားသွား၊ ကျောင်းတက် လုပ်ခဲ့ကြပေမဲ့ တခါမှ မမေးခဲ့ဖူးဘူး၊ ဒီတော့ မေးပါရစေဦး .... ရှင် ကောင်းမှုကုသိုလ်လုပ်ပြီးတိုင်း၊ ဘုရားသွား ကျောင်းတက်ပြီး ဥပုဒ်ဆောက်တည်ပြီးတိုင်း ဘာတွေများ ဆုတောင်းသလဲတော့ ... "
" သြော် ... ရှင်မရယ် ဘာတွေရမတုန်းကွ၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ နိဗ္ဗာန်မဂ်ဖိုကို ရက်တိုတိုနဲ့ မရောက်နိုင်တောင်မှ နောင်ဘဝမှာ အချောဆုံး နတ်သားလေးဖြစ်ပြီး နတ်သမီး တဖက်၅၀၀နဲ့ စံစားပါရစေပေါ့ ရှင်မရယ်"
ဆိုပြီး အဘိုးအိုက ပြောလိုက်ပါတယ်။ ဒီတော့ အဘွားအိုခမျာ သူထင်ထားတာနဲ့ တက်တက်စင်အောင် လွဲနေတော့ ချစ်ဒေါသဖြစ်ပြီး မနာလိုဝန်တိုစိတ်နဲ့ စိတ်ထဲ တေးမှတ်ထားလိုက်ပါသတဲ့။ အဘွားအို ထင်မှတ်ထားတာက
" ဘဝဆက်တိုင်း၊ ဆက်တိုင်း ရှင်မနဲ့ ညားရပါလို၏ ငှက်ဖြစ်လဲ တကိုင်းထဲ၊ ကြက်ဖြစ်ရင်လဲ ဒစ္စကို တခုထဲ .... နေရပါလို၏ " အဲဒီလို ကြားရမယ်ထင်ထားခဲ့တာ ခုတော့ ဒင်းက .....။
အဲဒီနေ့ကစပြီး အဘွားအိုကလဲ အားကျမခံ အဘိုးအိုဆုတောင်းတဲ့ အတိုင်း တသွေမတိမ်း လိုက်ဆုတောင်းပါသတဲ့။ တခုတော့ ကွာတာပေါ့ အဘွားအိုကတော့ နတ်သမီး အချောအလှ ဆုကိုတောင်းပါတယ်။ ဒီလိုနဲ့ အချိန်တန်လို့ သေနေ့စေ့တော့ နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့်ပဲ ဆုံးပါးသွားကြပါသတဲ့။
သူတို့ လှုတန်းခဲ့တာတွေ၊ ယူခဲ့တဲ့ ကုသိုလ်တွေ၊ ပွားများခဲ့တဲ့ ဒါနပါရမီ၊ သီလပါရမီ အရှိန်ကောင်းလို့လားတော့ မပြောတတ်ဘူး၊ နှစ်ဦးစလုံးဟာ တောင်းခဲ့တဲ့ ဆုအတိုင်း ပြည့်ပြည့်ဝဝ ရခဲ့ကြပါသတဲ့ ..။
ဒီလိုနဲ့ တနေ့မှာ နတ်ပြည်မှာ နှစ်ဦးသား အမှတ်မထင် ပြန်ဆုံကြတော့ အရင်ဘဝက ကြင်ယာဖက်တွေ ဖြစ်ခဲ့တာကို ပြန်ပြောင်းသတိရပြီး တဦးကို တဦး နှုတ်ဆက်ကြပါသတဲ့။ နှုတ်ဆက်ရင်း
" ကိုရင်နတ်သားရေ အံ့စရာပါလား ရှင်လဲ တောင်းတဲ့ဆုနဲ့ ပြည့်တယ်နော်၊ တော်တော်မှရော ပျော်ရဲ့လားတော့် " ဆိုပြီး မေးလိုက်ပါသတဲ့၊ ဒီတော့ နတ်သားအဘိုးအိုကလဲ " ပြည့်ပါ့ရှင်မရေ ... မင်းမြင်တဲ့ အတိုင်းပဲ ကိုယ့်မှာ လက်ကိုမလည်ဘူးကွယ် " လို့ ခပ်ကြွားကြွားလေး ပြောပြီး အဘွားအိုကို ပြန်မေးလိုက်ပါသတဲ့၊
" ဒါနဲ့ ... ရှင်မနတ်သမီးကရော တောင်းခဲ့တဲ့ ဆု ပြည့်ပြည့်ဝဝ ရရဲ့လားကွဲ့ " လို့မေးလိုက်တော့ အဘွားအိုကလဲ အခုလိုပြန်ပြောလိုက်ပါသတဲ့ ....
" ပြည့်ပါ့တော်ရေ ... ကျုပ်မှာ ကိုရင့်လိုပဲ အပါတ်ကို မလည်ဘူး၊ ယုတ်စွ အဆုံး ရှုရှုပေါက်ချိန်တောင် မရဘူး တော်ရေ့"

1 Response to ရှုရှုပေါက်ချိန်တောင် မရဘူးတော်ရေ့
ဘယ်တော့မှ မရိုးနိုင်တဲ့ မြန်မာ့ရိုးရာ လူငယ်ထုကြားမှ ပုံပြင်တစ်ပုဒ်ပါပဲ ...
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း