နေ့အိပ်မက် tag ထားတာပါ။ tagထားတာ ကြာပါပြီ ခုမှပဲ ရေးဖြစ်တော့တယ်။ ခေါင်းစဉ်က အိမ်လွမ်းသူတဲ့ ...။ အိမ်ဆိုပေမဲ့ ဘယ်လိုအိမ်မျိုးကို လွမ်းခိုင်းတာလဲ... မိဘအိမ်လား၊ ယောက္ခအိမ်လား၊ ကိုယ့်ကိုယ်ပိုင်အိမ်လား၊ လက်ရှိငှားနေတဲ့အိမ်ကိုလား၊ ဒါမှမဟုတ် အမိမြန်မာပြည်ကြီးကိုလား...... ဆိုတာ မရှင်းဘူး။ ဆိုတော့ကာ ဘယ်အိမ်ကို လွမ်းပြရမှာလဲ .... ကျနော့်အတွက် သေချာတဲ့ လွမ်းလောက်စရာ ၂ခုကတော့ မိဘအိမ်နဲ့ အမိမြန်မာပြည်ကြီးပါပဲ။ ဒါဆို ဘာတွေများ လွမ်းစရာ ရှိသလဲလို့ မေးရင်... လွမ်းမယ်ဆို လွမ်းစရာတွေက အများသားဗျ .. ဘာပဲဖြစ်ဖြစ် ပေါ့ .. လူအများခံစားနေရတဲ့ သုခ၊ ဒုက္ခလေးတွေကို ကျနော့်အမြင်နဲ့ ရေးလိုက်တာပါ။ မှားချင်လဲ မှားမယ်၊ မှန်ချင်လဲ မှန်မယ် .....။ ကမောက်ကမ ဖြစ်ချင်လဲ ဖြစ်နေပါ့မယ်၊ ဒါပေမဲ့ ခံစားနားလည်နိုင်မယ်လို့ ထင်ပါတယ်။
နိုင်ငံခြားထွက်တဲ့သူ အတော်များများဟာ ဘာရည်ရွယ်ချက်နဲ့ ထွက်သလဲမေးရင် အဖြစ်နိုင်ဆုံး အဖြေကတော့ ကြီးပွားချမ်းသာချင်တဲ့စိတ်ကြောင့်လို့ ယေဘူယ သတ်မှတ်လို့ရပါတယ်။ ကိုယ့်နိုင်ငံကိုယ်နေပြီး ကြီးပွားအောင် လုပ်လို့ မရဘူးလားလို့ မေးစရာရှိပါတယ်။ ဒါကလဲ ပြောမယ်ဆို ဆယ်ရေး၊တရေး ကိုးရေးတရာ ဆိုသလိုပေါ့ မရဘူးမဟုတ်ဘူး ရပါတယ်။ အခြေခံအားဖြင့် အရင်းအနှီးနဲ့ ကျောထောက်နောက်ခံ ရှိမှဖြစ်မှာပါ။ ထားတော့ ဒီအကြောင်း ဆက်ပြောရင် နိုင်ငံရေးဘက် နွယ်သွားဦးမယ်။
နိုင်ငံခြားထွက်ပြီ ဆိုတာနဲ့ ကျနော်တို့ဟာ ပထမဦးဆုံး မိဘအိမ်ကို စွန့်ခွာလာကြပြီး နောက်ဆုံးမှာ အမိမြန်မာပြည်ကို ခွဲခွာလာကြရပါတယ်။ ဒီလိုနဲ့ တိုင်းတပါးရောက်တော့ လုပ်ရင်းကိုင်ရင်းနဲ့ အချိန်တွေ ကြာမှန်းမသိကြာလာ ပါတယ်။ ကြာလာတာနဲ့အမျှ တိုင်းတပါးမှာ ခံစားရတဲ့ ခါးသီးတဲ့ အရသာ၊ ချိုမြိန်တဲ့အရသာတွေ ခံစားပြီး၊ ပြန်လဲပြန်ချင်တယ်၊ ပြန်လဲမပြန်ချင်တဲ့ စိတ်တွေရှိလာကြပါတယ်။ ပြန်ချင်တယ်ဆိုတာ ဘာကြောင့်လဲလို့ မေးနေစရာ လိုမယ် မထင်ပါဘူး။ မပြန်ချင်တာကတော့ လက်ရှိမှာ ရနေတဲ့ဝင်ငွေမျိုး မြန်မာပြည်ပြန်ရင် မရနိုင်တော့ပါဘူး။ ဆိုတော့ကာ... ကျနော်တို့ တတွေဟာလှေစီးရင်း ရေငတ်သူများလို ဖြစ်နေကြပါတယ်။ တခါတလေလဲ စဉ်းစားမိတယ် ...ငါတို့တတွေဟာ အရင်ဘဝတုန်းက သူများမိသားစုအသိုက်အမြုံလေးကို ခွဲခဲ့လို့ အခုလိုခံစားနေရတာများလို့ပါ။ ဘာပဲဖြစ်ဖြစ်လေ ... ဒီခါးသီးတဲ့အရသာလေးကိုပဲ နတ်သုဒ္ဓါလို သဘောထားပြီး စားသုံးနေကြရမှာပါပဲ။
တနေ့နေ့ပေါ့ .... အိမ်ပြန်ကြရမှာသေချာပါတယ်။ ဘယ်လိုပုံစံနဲ့ ပြန်ရမလဲဆိုတာတော့ ဘုရားမှလွဲပြီး ဘယ်သူမှမသိနိုင်ပါဘူး။ အိမ်ပြန်ချိန် မတိုင်ခင်မှာ ကျနော်တို့ရဲ့မျှော်လင့်ချက်တွေ၊ စိတ်ကူး ထားတာလေးတွေ ကတော့ ပြည့်သွားနိုင်ရဲ့လို့ ထင်မိပါတယ်။ ဘဝဆိုတာကလဲ ပြောရခက်သားဗျ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာတွေ၊ ဖြစ်ဦးမှာတွေ ရှိနေတော့လဲ .........။
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာလို့ စာအုပ်ထဲ ဖတ်ဖူးတယ်။ ဟုတ်မှာပဲ ... မျှော်လင့်ချက် မရှိသူဟာ သေလူနဲ့ ဘာများခြားနားသွားလို့လဲ....။
ဘာပဲဖြစ်ဖြစ်ပါ ကျနော်တို့တွေမှာ အသက်ရှင်နေသမျှ ကာလပါတ်လုံး ကျနော်တို့ရဲ့ မျှော်လင့်ချက် ပြည့်အောင် လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ရှိနေတဲ့အတွက် ဇွဲရှိဖို့တော့ လိုပါလိမ့်မယ်။
ရှေးလူကြီးတွေ ပြောတဲ့ ကျားကြီးရင် ခြေရာ ကြီးလာတယ်ဆိုတာ ဟုတ်မှာဗျ။ နိုင်ငံရပ်ခြားထွက်ပြီး အလုပ် အကိုင်လေးကလဲ အဆင်ပြေလာတော့ သူများဟိုဟာစား ရင် လိုက်စားချင်၊ သူများ ဟိုဟာလုပ်ရင် လိုက်လုပ်ချင် .. ပြီးတော့ ကိုယ်တိုင်ကလဲ ဟိုဟာလေး သဘောကျလို့ ဝယ်ရတာနဲ့၊ ဒီဟာလေး သဘောကျလို့ ဝယ်ရတာနဲ့ ..... လူဆိုတာလဲ ခက်သားဗျ လောဘသားတွေမဟုတ်လား ... လိုချင်တပ်မက် ကြတာ မဆန်းပါဘူး။ ဒီလိုနဲ့ပဲ ... ကျနော်တို့ဟာ ငွေနောက်ကို လိုက်ရင်း၊ လိုက်ရင်း နိုင်ငံရပ်ခြားမှာ အချိန်တွေ ကြာလာပြီး အိမ်လွမ်းသူတွေ ဖြစ်မှန်းမသိ ဖြစ်သွားရပါတယ်။
ရည်မှန်းချက်တွေ ပြည့်စုံနိုင်ကြပါစေလို့ ......
Thursday, November 25, 2010
Subscribe to:
Post Comments (Atom)
3 Response to အိမ်လွမ်းသူ
ကောင်းသားဘဲ နော် ၀ါဝါ လည်း အိမ် ကို သတိရနေပါတယ် (ဦးအိမ်ကို ပြောတာ မဟုတ်ဘူးနော် )
ကျွန်တော်လည်းလွမ်းတယ် ဘယ်အိမ်ကိုလွမ်းရမယ်မှန်းလည်း မသိပါဘူး
အမယ်.... ရေးဖို့သတိရသေးတယ်ပေါ့လေ
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း